<>>အာသီသ ဓါတ်ပုံ နှင့် ဗွီဒီယို ဘလောဂ့်များ<<>

Saturday, May 31, 2008

နာဂစ်သားကောင်တွေအတွက်သီချင်း

သီချင်းနားထောင်မယ်

"Our Helping Hands to Nargis Survivors"

ပြဇာတ်တပုဒ်လို ခဏအချိန်လေးအတွင်းမှာ... ငါတို့ရဲ့ဘ၀တွေ အဆုံးတိုင် ပျောက်ကွယ်ပြီလား
ကြိုးစားပြီး အိုဆောက်တည်ခဲ့သမျှဟာ.. အခုတော့ နံဘေးမှာ ဖိတ်စဉ်ကြွေကျ
ရေပြင်ကြီးရဲ့ ရက်စက်မှုမှာ... အရာရာ အသစ်က စရမလား
ပိုင်ဆိုင်ခဲ့သမျှ ငါတို့ ဘ၀ဟာ... မမြဲခြင်းတရားတဲ့လား.........၊

ဆုံးရှုံးခဲ့ပြီ လူ့အသက်ပေါင်းများစွာ... မိသားစုများစွာ ကြိတ်ခါရှိုက်ငိုသံများ
နှလုံးသားထဲမှာ ပွင့်ဝေဆဲမေတ္တာ.. ပေးအပ်ဖို့ရာ လက်ခံမယ့်သူရှိမလား
အကြင်သူမိဘ သားသမီးများစွာ... ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
အန္တရာယ်ရေပြင်ကျယ်ကြီးထဲမှာ.... အချစ်နဲ့ဘ၀တွေ အဆုံးတိုင်ပျက်စီးသွား.......၊

ပြန်လည်အစားထိုးရနိုင်မလား..... ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို... ငါတို့ပေးနိုင်မလား
စာနာမှုနဲ့ ဖေးကူမလား ..... ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
လက်တွဲအခုအချိန်မှာ...
လက်ကမ်းလို့ ကူပါ ....
အကြင်နာတွေနဲ့ ...
ဖေးကူပါ .........၊

အမေပျောက်လို့လိုက်ရှာ ကလေးငယ်ပေါင်းများစွာ..... ငိုကြွေးလို့ဟစ်အော်မိခင်ကြားနိုင်ပါ့မလား
အပြေးအလွှားလိုက်ရှာ အဖေ့ကိုလည်း မတွေ့ပါ ........ ထွေးပိုက်ဖို့ရာ ဖခင်ကော ပြန်လာမလား
အကြင်သူမိဘ သားသမီးများစွာ.......... ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
မာယာအပြည့်နဲ့ မုန်တိုင်းအောက်မှာ....... တွဲလက်ဖြုတ်ကာ အဝေးဆုံးဝေးခဲ့ရ
......၊

ငါ့ရဲ့နှုတ်ခမ်းတွေ ရမ်းရောင်ခြောက်ကပ်လာ..... အသက်ဆက်ခွင့်ကို ရနိုင်ပါ့မလား
အသက်ပျောက်ခဲ့ပြီ ငှက်ငယ်လေးများမှာ..... ရုပ်ဝတ္ထုတွေ မျောပါမြစ်ပြင်အနှံ့အပြား
ရေပြင်ကြီးရဲ့ ရက်စက်မှုမှာ.... အရာရာအသစ်က စနိုင်မလား..
သန်းခေါင်ယံညရဲ့ ဆုတောင်းများစွာ..... ပြည့်ဝခွင့်ဟာ အားလုံးရဲ့ အဖြေလား(အူး.. အားလုံးရဲ့အဖြေလား)

ပြန်လည်အစားထိုးရနိုင်မလား..... ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
ဆုံးရှုံးပျောက်ကွယ်ချိန်မှာ..... နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား
စာနာမှုနဲ့ ဖေးကူမလား........ ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
လက်တွဲအခုအချိန်မှာ...
လက်ကမ်းလို့ကူပါ.......
အကြင်နာတွေနဲ့ ဖေးကူပါ......၊

ဆုံးရှုံးခဲ့တဲ့ တို့ဘ၀တွေ အတူပြန်လည်တည်ဆောက်ကြမယ်
အနွေးထွေးဆုံးဒီအချစ်များနဲ့ အူး..
ရင်ဆိုင်ကြဖို့ လက်တွေ အတူ.. တွဲထား အိုး ဘ၀တွေ
တခေါက်ပြန်လှစေဖို့ အတူတူဖြစ်စေရမယ် တို့ရဲ့လက်များနဲ့ (လက်များနဲ့)

မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘ၀များစွာ ရှင်သန်ဖို့ အခွင့်တွေဟာ
ကူညီသူကို စောင့်စား
အချစ်.. ကမ်းမယ့်လက်များ ၀မ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ
(အူး... အချစ်နဲ့ဘ၀တွေ နာကြင်ခြင်း)
မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘ၀များစွာ ရှင်သန်ဖို့ အခွင့်တွေဟာ
ကူညီသူကို စောင့်စား
အချစ်.. ကမ်းမယ့် (တို့လက်များ) လက်များ ၀မ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ
နာကြင်အဖော်မဲ့ ဘ၀တွေ

တေးဆို-(လေးဖြူ၊ မျိုးကြီး၊ ဟယ်ရီလင်း၊ ဆုန်သင်းပါရ်နှင့် အခြားအဆိုတော်ပေါင်းများစွာ)

Wednesday, May 14, 2008

အုတ်တစ်ချပ်..သဲတစ်ပွင့်




*********

အာသီသ

*********

နာဂစ်မုန်တိုင်းက သူ့ရဲ့ ကမ်းကုန်တဲ့ ရက်စက်မှူ့ကြီးကို ပြပြီး မိန့်မိန့်ကြီး ထိုင်ကြည့်နေခိုက် ကံကောင်းထောက်မစွာနှင့် အဝေးရောက်နေလို့ ကိုယ်တိုင် မခံစားလိုက်ရပေမယ့် နောက်ဆက်တွဲ သတင်းမုန်တိုင်းက ဆက်လက် တိုက်ခတ် နေဆဲပဲဆိုတော့ အဝေးရောက် မြန်မာတွေအားလုံးလည်း မုန်တိုင်းဂရက်ထဲ ဝဲပါနေတော့တာပေါ့။ မုန်တိုင်းတိုက်ပြီးတာ တစ်ပါတ်ဆယ်ရက် ရှိသွားပြီ ဆိုပေမယ်လည်း မုန်တိုင်းအလွန် သတင်းတွေက ပိုလို့တောင်မှ ကြေကွဲဖွယ်ရာတွေနှင့် အတိ ရှိနေပါတယ်။ တစ်နေ့တစ်နေ့ သူငယ်ချင်းတွေ ပို့ပို့ပေးနေတဲ့ မုန်တိုင်းသားကောင်တွေရဲ့ အဖြစ်ဆိုးတွေဟာ ဓါတ်ပုံတွေ ဗီဒီယိုတွေနှင့်မဟုတ်ပဲ စကားပြော စာပြောလောက်နှင့်ဆို ယုံဘွယ်ရာမရှိ။ လူအယောက် ၁သိန်းလောက် သေတယ်လို့ ခန့်မှန်းတယ် ဆိုတဲ့ သတင်းက စိတ်ကို သိပ်မတုန်လှုပ်ပေမယ့် ကလေးလေးတွေ မိသားစုတွေ လက်မှာကြိုးတန်းလန်းနှင့် သေနေတဲ့ ပုံတစ်ပုံတည်းက လူတွေရဲ့စိတ်ကို သနားကြင်နာစိတ် ကိုယ်ချင်းစာစိတ် ဂရုဏာစိတ် ကြေကွဲစိတ်တွေကို ဖြစ်ပေါ်စေပါတယ်။ မြန်မာလူမျိုးတွေရဲ့ ထုံးစံအတိုင်း သူများဒုက္ခ ရောက်နေချိန်ဆို ဘယ်သူမှထိုင်ကြည့် မနေနိုင်ဘူး(တချို့လည်းနေနိုင်ကြပါတယ်)ဆိုတော့ တတ်နိုင်တာလေးတွေကို ကိုယ့်အသိစိတ်ဓါတ်လေးတွေနှင့်ကိုယ် လိုက်လုပ်နေကြတာ တွေ့နေ ကြားနေတော့ ဘာမှ ကိုယ်ထိလက်ရောက် မလုပ်ပေးနိုင်တဲ့ အတွက် အတော့ကို မချင့်မရဲ ဖြစ်ရတယ်။


ဟိုနေ့က ကိုအောင်မိုးဆီက စာလာလို့ သူတို့တစ်တွေ ကိုယ်တိုင်ကိုယ်ကျ ကွမ်းခြံကုန်းသွားပြီး လူမှူ့ရေး လုပ်နေပါတယ်လို့ သတင်းပေးတော့ ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလို အဆင့်သင့်သမို့ မဖြစ်စလောက် အလှူငွေလေးနှင့် အိမ်မှာကျန်ခဲ့တဲ့ အဝတ်အစားတွေကို ထည့်ဝင် လှူတန်းခွင့် ရလိုက်တော့မှ နည်းနည်းပါးပါး နေထိထိုင်သာ ရှိသွားတယ်။ သူတို့ဒေဝူးက လူတွေအားလုံး တက်တက်ကြွကြွ လုပ်ကိုင်နေတာကို စာထဲမှာဖတ်ရတော့ အတော့ကိုအားရတယ်။ သာဓုလည်းခေါ်ပါတယ်။ တဆင့်ထဲ ကိုအောင်မိုးက သူငယ်ချင်းတွေ တော်တော်များများကို စိတ်ပါရင် လှူနိုင်ဖို့ နှိုးဆော်ထားတာ တွေ့တယ်။ ဦးကိုကိုကြီးက သူ့သူငယ်ချင်းတွေနှင့် အလှူငွေ ထည့်လိုက်ပြီလို့ အကြောင်းပြန်တယ်။ ကိုခင်မောင်လွင်တို့အဖွဲ့ ကလည်း သူတို့လှူဒါန်းထားတဲ့ ငွေစာရင်းနှင့် မှတ်တမ်းတင်လက်မှတ် ပေးပို့လာတာတွေ့ရတယ်။ အမေရိကားက ကိုရန်နိုင်ကျော်ကလည်း သူ့အစီစဉ်နှင့်သူ ထည့်ဝင်ပြီးကြောင်း သတင်းပါးပါတယ်။ အားလုံးအတွက် သာဓုခေါ်ပါတယ်ဗျာ။


မနေ့က ကိုဖုန်းခိုင်ဝင်း အီးမေးပို့ပေးတယ်။ သူတို့ပြုတဲ့ ကောင်းမှူ့ကို ဓါတ်ပုံနှင့်တကွ ဖေါ်ပြထားတာတွေ့လို့ ကျွန်တော်လည်း အားလုံး စိတ်ပါလာအောင် နိဗ္ဗာန်ဆော်အနေနှင့် ဘလောက်ပေါ် တင်ထားလိုက်တယ်။ လူမှူ့ရေးအလုပ်ဆိုတာ ဆားငံရေ သောက်သလိုပဲလားမသိ လုပ်ပြီးရင်း ဆက်လုပ်ချင်နေတယ် ထင်ပ။ ဒေဝူးအဖွဲ့ရော ပဲထရိုးနက်စ် အဖွဲပါ ဒုတိယံပိ ကွင်းဆင်းဖို့ ဆက်လက်ပြင်ဆင်နေကြပါတယ်။ စိတ်ပါဝင်စားသူများ ဆက်သွယ် လှူတန်းနိုင်ပါတယ်လို့ သတင်းကောင်းပါးအပ်ပါတယ်။


***********

Saturday, May 10, 2008

မှတပါး..အခြားမရှိ

**********
အာသီသ
**********
မှတပါး..အခြားမရှိ
_____
အို..အရှင်လေမင်း
ရက်စက်လိုက်ပါဘိ
ဘယ်ကံကြမ္မာ.. အငြိုး
သင်ခြေထိုးသနည်း
မြေနိမ့်ရာ လှံစိုက်
ဆင်းရဲလို့ သူခိုးရိုး
ရုပ်ဆိုးတော့ စုန်းထင်
မျက်နှာမွဲ ခဲပစ်တဲ့ အဖြစ်
အဘယ့်နှလုံးသားနှင့်
ငါတို့ကြည့်ရမလဲ
လူမမယ်လေးတွေ
သင့်ရဲရိုင်းပြမှု့အောက်
အလူးလဲခံ အသက်လုရင်း
ကြွေကြရရှာပြီပေါ့..
**
အို..အရှင်သေမင်း
သင်ခေါ်စရာ
ရှားလေဘိသလား
ရိုးသားတဲ့ တောင်သူတွေ
သင့်ရဲ့မှားယွင်းမူ့ကြောင့်
မြေခရရှာပြီပေါ့
တကယ်ဆို
လက်ညိုးထိုးမလွဲ
ဘယ်ရာဒရာက
သင့်ကိုလှည့်စားလိုက်သလဲ
အဘယ့်နှလုံးသားနှင့်
ရှု့စားရမလဲ
**
အို..အရှင်လေမင်း
ပျဉ်ဖိုးနားလည်နေတဲ့
ငါတို့ကို
ဒုက္ခထပ်ပေးဖို့
မကြိုးစားပါနှင့်တော့
လက်ရှိအခြေနေ
ဖေးကူသူမဲ့
ရေမျှောကမ်းတင်
မေခလာဘယ်နေမှန်းမသိ
ဒုက္ခတွေအတိ
ဝမ်းကဟောင်းလောင်း
အငြီနံ့တွေကထောင်း
နေဝင်ရင်အလင်းမရှိ
သောက်စရာရေနတ္ထိ
နောက်တစ်ခါ
သင်အလည်လာရင်
လည်စင်းခံရုံမှတပါး
အခြားမရှိတော့ပါ။
********