<>>အာသီသ ဓါတ်ပုံ နှင့် ဗွီဒီယို ဘလောဂ့်များ<<>

Sunday, October 19, 2008

အမှတ်တရ အလွဲများ

ကွယ်လွန်သူ စွယ်စုံရ အနုပညာရှင် ကိုငှက် (ကိုထူးအိမ်သင်)ရဲ့ “တစ်နေ့စာ အလွဲများ” ဆိုတဲ့ သီချင်းကို အလွန် သဘောကျ ခဲ့ဖူးတယ်။ လူတိုင်း လူတိုင်း အလွဲတွေ၊ တလွဲတွေ၊ မလွဲမသွေ ကြုံဖူး လိမ့်မည်လို့ ယုံကြည်ပါတယ်။ တချို့ အလွဲတွေဟာ ရိုးရှုင်း ပေမယ့်လည်း တစ်ချို့ အလွဲတွေ ကတော့ မထင်မှတ်ပဲ ဘဝကို အကြီး အကျယ် ထိခိုက်တဲ့အထိ ကြုံသွား ရနိုင်တဲ့ ဟာမျိုးတွေပါ။ အဲ.. တစ်ချို့ အလွဲတွေ ကျတော့လည်း ငိုရမလို ရည်ရမလို အလွဲမျိုး။ ယူအေအီးမှာ နေခဲ့တဲ့ ကာလ တစ်လျှောက် ကြုံခဲ့ရတဲ့ အလွဲ တစ်ချို့ကို ပြောပြရလျှင်တော့…

~ အကူအညီလား..အကြွေးလား ~

ရှေပင်မော တစ်ခုကနေ ဈေးဝယ်ပြီး ကားဆီထွက်အလာ ကားထဲကို ပစ္စည်းတွေ ထည့်နေတုန်း ကားတစ်စီး ရောက်လာ၍..
“နောက်ရှက်မိတဲ့ အတွက် တောင်းပန်ပါတယ်။ စကားနည်းနည်း ပြောလို့ ရမလား”
အာရပ်သံနှင့် ပြောလာတဲ့ အင်္ဂလိပ် စကားကြောင့် ကျွန်တော် လှည့်ကြည့် လိုက်မိ၏။ စကားစ ပျိုးလာသူကား အသက် ၃၀ ဝန်းကျင်ခန့်ရှိ အာရပ် တစ်ယောက်။ သူက ကားမောင်း သူ။ သူ့ဘေးမှာ အသက် ၆၀ အရွယ် အဖွားအိုတစ်ဦး၊ ပြီးတော့ နောက်ခန်းမှာ ခေါင်းမြီးခြုံ အာရပ်မ နှစ်ယောက် ထိုင်နေတာ သတိထားမိ၏။
“အင်း.. ပြောပါ”
“ခင်ဗျား အင်္ဂလိပ်လို ပြောတယ် မဟုတ်လား”
“အင်း.. ပြောပါတယ်”
“ဒီလိုဗျာ.. ကျွန်တော်က အိုမန်က လာတာ… ဒီကို လာလည်တာ.. လျှောက်သွားရင်း ပိုက်ဆံအိပ် ပျောက်သွားတော့ ပါလာသမျှ ပိုက်ဆံ ရော ကဒ်တွေပါ အကုန်ပါသွားတယ်.. အခု အိုမန်အထိ ပြန်ရမယ် ဆိုတော့ ဆီလည်း မရှိ၊ ဆီထည့်စရာ ပိုက်ဆံလည်း မရှိလို့ ဖြစ်နိုင်ရင် ကူညီပါအုံး..”
အင်း.. ခက်ပြီ တစ်ကယ်လား လုပ်ဇာတ်လားတော့ မသိ၊ မြန်မာပြည်သား ပီပီ ဒီလို ဟာမျိုးတွေ ကြုံဖန် များနေပြီ။ ဒါပေမယ့် ဒါ မြန်မာပြည် မဟုတ် ၊ သူတို့ တကယ် ဒုက္ခ ရောက်နေတာလည်း ဖြစ်နိုင်ပါတယ်။ တိုက်တိုက် ဆိုင်ဆိုင် ငါနှင့်မှ လာတိုးတယ်။ ထူးတော့ ထူးခြားတယ်။ ဆရာတော် ဘုရားများ ဟောကြားသလို အရင်ဘဝက ပေးဆပ်စရာ အကြွေး ရှိခဲ့လို့ အခုလာတောင်း တာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် တွေးမနေ တော့ပါဘူး၊ အမှန်တကယ် ဟုတ်ရင်လည်း လူတစ်ဘက်သားကို ကူညီရာ ရောက်တဲ့ အတွက် ကုသိုလ်ရတယ်၊ အကယ်၍ လုပ်ဇာတ် ဆိုရင်လည်း အရင်ဘဝက ပေးဆပ်စရာ အကြွေး ရှိခဲ့လို့ ပေးလိုက်ရတာပဲ ဆိုတဲ့ ယောနိသော မနသီကာယ ကို အသင့်တင့် နှလုံးသွင်းပြီးသား ဖြစ်သွားတယ်ဟု ဆုံးဖြတ်ချက် ချကာ ယူအေအီး ပိုက်ဆံ တစ်ရာတန်ကို ထုတ်ပေးလိုက်ပါတယ်။
ပေးလိုက်တဲ့ တစ်ရာတန်ကို အာရပ်က ဖင်ပြန်ခေါင်းပြန် ကြည့်ပြီး..
“ဘုရားသခင် ကောင်းချီး ပေးပါစေ.. ကျေးဇူး အများကြီး တင်ပါတယ်” ဆိုပြီး ထွက်သွားပါတော့တယ်။

~ အာရပ်ရဲနှင့်ကျွန်တော် ~

ယူအေးအီးမှာ နေတယ် ဆိုပေမယ့်လည်း ယူအေအီး ဆိုတာ အမ်းမရိတ် ခုနှစ်ခု ပေါင်းထားတဲ့ နိုင်ငံပါ။ အဲဒီ အထဲမှာ ဒူဘိုင်းတို့ အဘူဒါဘီတို့ လည်း အပါအဝင်ပေါ့။ တော်တော် များများ အမှတ်မှား ကြတာက ဒူဘိုင်းကို နိုင်ငံငယ် တစ်ခုအဖြစ် သိထား ကြတာပါပဲ။ အမှန်တကယ် ကတော့ ဒူဘိုင်းဟာ ယူအေအီး ထဲက အမ်းမရိတ်ငယ် တစ်ခုပါ။ အဘူဒါဘီ ကတော့ ယူအေအီးရဲ့ မြို့တော်ပဲပေါ့။ ဒါပေမယ့် ဒူဘိုင်းကိုတော့ လူသိ ပိုများပါတယ်။ ကျွန်တော် ၆လ လောက်တော့ ဒူဘိုင်းမှာ နေဖူးပါတယ်။ အလုပ်မစခင် ပြင်ဆင်ချိန်တွေ တုန်းကပေါ့။ အခုတော့ အမ်းမရိတ်ထဲမှာ အဆင်းရဲဆုံး အစုတ်ဆုံး ဆိုတဲ့ အူမာကွင်းလို့ အမည်ရတဲ့ အညတရ အမ်းမရိတ် တစ်ခုမှာ နေနေပါတယ်။ ဒါပေမယ့် ကျွန်တော်က နားအေးပါးအေး နေချင်တဲ့သူ ဆိုတော့ အူမာကွင်းကို ဒူဘိုင်းထက် ပို သဘောကျပါတယ်။ လမ်းတွေ အလွန် ကောင်းပြီး ကားအလွန် ရှင်းပါတယ်။ ပင်လယ် ကမ်းခြေမှာ နေတော့ ညနေဘက် အားလပ်တဲ့ အချိန်တွေမှာ စက်ဘီး စီးရတဲ့ အရသာဟာ အလွန် ချိုမြိန်ပါတယ်။ ကားရှင်းပြီး လမ်ကောင်းတော့ အမ်ပီ သရီးကို နားထဲထည့် ကြိုက်နှက်သက်ရာ သီချင်းကို နားထောင်ပြီး လွှင့်ပေတော့။
တစ်နေ့သော အခါမှာတော့ မထင်မှတ်ပဲ အလွဲတစ်ခုနှင့် သွားတွေ့ပါတယ်။ ကျွန်တော်ဟာ အဲဒီလမ်းမှာ စက်ဘီး စီးနေကျ။ လနှင့်ချီ ကြာနေပြီ။ ဘာမှ ပြဿနာ မရှိခဲ့ဘူး။ ဒီလိုနှင့် စီးနေကျ အတိုင်း သီချင်းနားထောင်ပြီး လမ်းအလယ် အမြန်လမ်း အပင်တွေ စိုက်ထားတဲ့ နေရာနား ကပ်ပြီး နင်းနေတုန်း ရုတ်တရက် ရဲကား ရှေ့ကို ရောက်လာလို့ အရှိန်ကို လျှော့ပြီး သတိနှင့် သူတို့ ဘာလုပ်မလဲ ဆိုတာ စောင့်ကြည့် နေပါတယ်။ သိပ်မကြာဘူး ရဲကား မောင်းထွက်သွား ပါတယ်။ အဲ.. ရှေ့ ကိုက် ၁၀၀ လောက် ရောက်တော့ ရပ်ပြီး ဝါနင် မီးပြကာ ရပ်စောင့်နေပါတယ်။ ကျွန်တော်လည်း ခပ်တည်တည်နှင့် ဆက်နင်း လာပါတယ်။ သူတို့နား ရောက်တော့ ရဲက ကားပေါ်က ဆင်းပြီး ကျွန်တော့ကို တားကာ သီချင်း နားထောင်နေတယ် ဆိုလျှင် ညာဘက်ကို ကပ်ပြီး မောင်းသင့်ကြောင်း ပြောပါတယ်။ ကျွန်တော်လည်း သဘောပေါက်ပြီး ညာဘက်ကို ကပ်နင်း ပေးလိုက်ရပါတယ်။ နှလုံးခုံ တာတော့ နည်းနည်း မြန်သွားပါတယ်။ ဒါပေမယ့် မောင်မင်းကြီးသားတွေ ဘာမှ ပြဿနာ မရှာခဲ့ပါဘူ။ ရဲကား ပျောက်သွားတော့မှ သက်ပြင်း ချနိုင် ပါတော့တယ်။


~ ထောင်နုတ်ခမ်းဖျားကကျွန်တော် ~

ဒီအလွဲကတော့ အဆိုးတကါ့ အဆိုးဆုံး အလွဲပါ။ ကျွန်တော့ရဲ့ ကုသိုလ်ကံ ကောင်းလွန်းတာကြောင့် ထောင်ထဲ မဝင်လိုက် ရတာလို့ ဆိုနိုင်ပါတယ်။ ဘယ်လိုမှ မထင်မှတ်ထား၊ ဘယ်လိုမှ ကြိုမတွေးထား မိတဲ့ ဖြစ်ရပ်တစ်ခုပါ။ ကုမ္ပဏီက ကားလိုင်စင် အတွက် လျှောက်လွာ တင်ထားပေးတုန်း၊ ထင်ထားတာက လိုင်စင်ရုံးသွား လိုအပ်တာကို တဆင့်ခြင်း ဖြေဆိုရမယ် ထင်လို့ ကြိုတင် ပြင်ဆင်တဲ့ အနေနှင့် သူငယ်ချင်း တစ်ယောက်ရဲ့ ကားကို ယူမောင်းမိတာက စတာပါပဲ။ ကျွန်တောတို့ နေတဲ့ နေရာက free zone လို့ခေါ်တဲ့ free port အထဲမှာပါ။ ခြံဝင်း အကြီးကြီး ခတ်ထားပြီး အဲဒီ ဝင်းအတွင်းမှာ နေတာပါ။ ပထမ ၄၊၅ ရက်တုန်းကတော့ ခြံဝင်းရဲ့ အတွင်း လမ်းတွေမှာ စမ်းမောင်းကြည့်တာ။ စမ်းမောင်းတယ် ဆိုတာကလည်း အော်တို ဂီယာ သိပ် မမောင်းဘူးတော့ အထာ သိအောင်လို့ပေါ့။ အဲဒီတုန်းကတော့ ဘာမှ ပြဿနာ မရှိခဲ့ဘူး။ တစ်နေ့ ဖြစ်ချင်တော့ ညဘက် ခြံဝင်း ပါတ်ပါတ်လယ်မှာ လမ်းတွေ့လို့ ၄၊၅ ပါတ် မောင်းတော့မှ ရဲတွေရော အစောင့်တွေပါ ရောက်လာပြီး ပြဿနာ အကြီးအကျယ် ရှာပါတော့တယ်။ အမှန်တော့ အဲဒီလမ်းက ရဲတွေ ကင်းလှည့်ဖို့ ဖေါက်ထားတဲ့ လမ်းတဲ့။ ကျွန်တော်လည်း ဘယ်သိမလည်း။ အခုတော့ ပြဿနာ က တော်တော်ကြီးနေပြီ။ အဆိုးဆုံးက ကျွန်တော့မှာ ကားမောင်းလိုင်စင် မရှိဘူး။ ဒီနိုင်ငံမှာ လိုင်စင် မရှိပဲ ကားမောင်းရင် ထောင်ကျရင်ကျ၊ မကျရင် အိမ်ပြန်အပို့ခံရတယ်တဲ့။ ကိုယ်လည်း မသိဘူးမဟုတ် သိသည်၊ ဒါကြောင့်မို့လည်း လမ်းပြင် ထွက်မောင်းတာ မဟုတ်ပဲ ဝင်းအတွင်းမှာ မောင်းတာ။ သို့ပေသိ ရဲနှင့်မှ ပက်ပင်းတိုးတော့ ဘာလုပ် ရမှန်းမသိ။ ကံကောင်း ချင်တော့ ကျွန်တော်တို့ နှင့် အလုပ် အတူလုပ်တဲ့ ကုလားက လုံခြုံရေး ကုလားကို ကုလားလို ပြောပြီး ကျွန်တော့မှာ လိုင်စင် မရှိတဲ့ အကြောင်း၊ ဒါကြောင့် အာရပ်ရဲကို ကြည့်ဖြီး ပေးပါဆိုပြီး လိုင်စင်ရှိတဲ့ ကျွန်တော့ သူငယ်ချင်းကို ထိုးကျွေး လိုက်တော့မှ နည်းနည်းပါးပါး ဝါနင် ပေးပြီး ရဲက ပြန်သွားပါတယ်။ ဟူး.. ကျွန်တော် အတော် ကံကောင်းတယ် ဆိုရမယ်။ ရဲက ကားသာ မှတ်မိပြီး ညဘက် ဖြစ်နေတာကြောင့် ဘယ်သူမောင်းတယ် ဆိုတာ သေသေချာချာ မသိတာက တကြောင်း၊ လုပ်ဖေါ်ကိုင်ဖက် ကုလားလေးက အကူအညီ ပေးတာက တကြောင်း၊ လိုင်စင် ရှိတဲ့ သူငယ်ချင်းက ဝင်ရောက် အကြွေးခံတာက တစ်ကြောင်း တို့ကြောင့် ဘာမှ ပြဿနာ ကြီးကြီးကျယ်ကျယ် မတက်ပဲ ပြီးဆုံးသွားပါတယ်။ နို့မို့ ပြည်တော်ပြန်မလှ၊ နာမည်ဆိုးနှင့် ကျော်ကြားရတော့မယ့် အဖြစ်။

~ မှတ်တမ်းဝင်သွားတဲ့ကျွန်တော် ~

ယူအေအီးမှာ ကားမောင်း လိုင်စင် ရဖို့ဆိုတာ အခုခေတ် “စလုံး”မှာ PR လျှောက်တာထက် အများကြီး ပိုခက်ခဲတယ်လို့ ပြောရင် ပိုတယ်လို့များ ဆိုကြမလား။ လိုင်စင် ရဖို့အတွက် အနည်းဆုံး တစ်နှစ်လောက် အချိန်ပေး ဖြေဆိုရတယ်လို့ ပြောရင် အံ့သြကြ မလားပဲ။ ဒါတကယ့် အမှန်တရားပါ။ တချို့ဆို ၃ ၊ ၄ နှစ်နေမှ လိုင်စင်ရတယ်လို့ ပြောကြတာ ကြားဖူးပါတယ်။ ဒီနိုင်ငံမှာ ကားကလည်းပေါ ဈေးကလည်းချို လူတိုင်းကလည်း ဘဏ်ချေးငွေနှင့် ဝယ်နိုင်ကြတော့ လိုင်စင်သာ လွယ်လွယ်ကူကူ ထုတ်ပေးလိုက်ရင် တစ်နေ့နေ့ သေမယ့်သူတွေ ဆေးရုံရောက်မယ့် သူတွေ နည်းမှာ မဟုတ်ဘူး။ အခုတောင် မတော်တဆ ဖြစ်မှု့တွေ ခဏခဏ ဖြစ်တာ မျက်မြင် ကိုယ်တွေ့ပဲ။ အဲဒါကြောင့် လိုင်စင်ကို လွယ်လွယ် မထုတ်ပေးဘူးလို့ သိရတယ်။ ဘယ်လောက် ကျွမ်းကျွမ်း အနည်းဆုံး Road Test ချည်းပဲ ငါးခါ ခြောက်ခါ ဖြေမှ အောင်လေ့ ရှိတယ်။ ဖြေချင်တဲ့ အချိန်တိုင်းလည်း ဖြေလို့မရဘူး၊ တစ်ခါ ကျပြီးရင် နောက်တစ်ခါ ပြန်ဖြေဖို့ နှစ်လ သုံးလ အလှည့် စောင့်ရတယ်။ မစောင့်နိုင်ရင် အမြန်ကြေးပေး၊ အမြန်ကြေးကလည်း တနင့်တပိုးကြီးပဲ။ ဘယ်သူမှ မပေးကြဘူး။ ဒီတော့ လိုင်စင်ရဖို့ နှစ်နှင့်ချီ ကြာတာ ဘာဆန်းတုန်း။ အဲ… သိပ်ကံကောင်းတဲ့ ကျွန်တော့ အတွက်တော့ တစ်ပါတ်လောက်ပဲ စောင့်လိုက်ရတယ်ဗျ။ အကြောင်းကတော့ Sheikh လို့ ခေါ်တဲ့ သူတို့ဆီက အုပ်ချုပ်သူ လူတန်းစားတွေရဲ့ လက်မှတ် ပါလို့ပဲ။ ဘယ်လိုရလဲ ဟုတ်လား..။ ကျွန်တော်လုပ်နေတဲ့ ကုမ္ပဏီက အဲဒီ ရှိတ် အတွက် ဒေါ်လာ သန်းနှင့်ချီပြီး ရှာပေး နေလို့ပါပဲ။ ဒီနေရာမှာ ပြောစရာ တစ်ခု တိုးလာပြန်တယ်။ တင်းပေးထားတာ နှစ်ယောက်ဗျ။ တရုပ်တစ်ယောက်နှင့် ကျွန်တော်ပေါ့။ လိုင်စင် သွားထုတ်တော့ တရုပ်က လွယ်လွယ်ကူကူ ရပြီး ကျွန်တော်က လိုင်စင်ရဖို့ နောက်ထပ် နှစ်ရက်လောက် ထပ်စောင့် လိုက်ရပါတယ်။ ဗျာ.. ဘာကြောင့်လည်း ဟုတ်လား.. ဗမာ မို့လို့ပေါ့ဗျာ။။ ဘာဆိုင်လို့လည်း ဟုတ်လား.. ဒါတော့ မသိဘူးဗျ.. ဒါပေမယ့် ကဒ်ထုတ်ပေးဖို့ file ဖွင့်တော့ ဗမာပြည်ဆိုတာ သူတို့ စာရင်းထဲမှာ မရှိလို့တဲ့။ အဲဒီ ပြဿနာကိုလည်း တော်တော် ရှင်းရတယ်။ ပြေလည် သွားပြန်တော့လည်း ဗားမားနှင့် မြန်မာ အမည် နှစ်မျိုး ဖြစ်နေလို့ ဘယ်နံမည်နှင့် ထုတ်ပေးရမလဲ ဆိုတဲ့ ပြဿနာ ထပ် ပေါ်လာပြန်တယ်။ အဲဒီပြဿနာ ပြေလည်သွား ပြန်တော့လည်း ဗမာပြည်က လိုင်စင်ကို ဒဲ့ လဲပေးတဲ့ မှတ်တမ်း မရှိခဲ့လို့ ခွင့်ပြုချက် ယူရအုံးမယ် ဆိုတဲ့ ပြဿနာ ထပ်ပေါ်လာပြန်တယ်။ နောက်ဆုံး တော့လည်း Sheikh လက်မှတ်နှင့် ဆိုတော့ လိုင်စင် ထွက်လာတယ် ဆိုပါစို့။ ကျွန်တော့ အနေနှင့်က Road Signs လေးတွေတောင် မဖြေလိုက်ရပဲ သူများတွေ ငွေကုန်ခံ အချိန်ကုန်ခံ လူအပင်ပန်းခံ ဖြေဆိုတာတောင် တော်တော်နှင့် မရတဲ့ လိုင်စင်ကို ဘာမှ မလုပ်လိုက်ရပဲ ကံကြမ္မာက ယူပေးလိုက်ပါတယ်။ ယူအေအီးမှာ ပထမဦးဆုံးသော ဒဲ့လဲခွင့် ရတဲ့ ဗမာပြည်သား ဖြစ်တယ် လို့လည်း မှတ်တမ်းအရ သိလိုက်ရပါတယ်။ ကဲ.. သံချောင်းတို့ ကံကောင်းချက်များ ပြန်ပြောင်း ပြောရရင်တော့…။ ဒီအလွဲ ကတော့ အလွဲကောင်းလေး ပါပဲဗျာ..နော…။