<>>အာသီသ ဓါတ်ပုံ နှင့် ဗွီဒီယို ဘလောဂ့်များ<<>

Friday, July 31, 2009

ဓါတ်ပုံ-အာသီသ

ဓါတ်ပုံပညာကို စိတ်ဝင်တစားရှိတာ ငယ်ငယ်လေးကတည်းက ဆိုပါတော့.. အကြောင်းမတိုက်ဆိုင်လို့ နောက်တစ်ခုက အချိန်နှင့် ငွေ မလိုက်နိုင်လို့ မလုပ်ဖြစ်တာ ဒီအရွယ် ရောက်တဲ့အထိပဲ ဆိုပါတော့.. နီးနီးကပ်ကပ် ဓါတ်ပုံသမားတွေ ဆိုလို့ ကိုအောင်ထွေးဝင်းတို့၊ ကိုသီဟတို့နှင့်ပဲ တရင်းတနီး ရှိခဲ့တာ... သူတို့ ဓါတ်ပုံကို အရူးအမူး လိုက်စားတဲ့ အချိန်တုန်းက သူတို့ ဝယ်တဲ့ ကင်မရာတွေကို ကြည့်ပြီး သရေပဲ ကျခဲ့ရတာ... အမှန်က ဓါတ်ပုံသမား၊ ဓါတ်ပုံပညာရှင် ဖြစ်ချင်ခဲ့တာတော့မဟုတ်.. သို့ပေသိ အနုပညာမြောက်တဲ့ ဓါတ်ပုံတွေကို ကြည့်ခွင့်ရတဲ့ အခါတိုင်း ကိုယ်လည်း သူတို့လိုမျိုး ဖြစ်ချင်တာတော့ အမှန်...လုပ်ချင်တာက စိတ်ထဲမှာ ရှိတာ ခံစားရတာကို အခြေခံ အရင်းတည်ပြီး ပုံစံတမျိုးမျိုးနှင့် ပုံဖေါ်ပြတာ.. တနည်း .. စိတ်ကိုထွက်ပေါက် ပေးလိုက်တာမျိုးကို လုပ်ရတာ ကြိုက်တယ်.... အထူးသဖြင့် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဖန်တည်းမှု့ တစ်ခုခုကို စိတ်ထဲရှိတဲ့ အတိုင်း လုပ်လိုက်ရတာမျိုးကိုပေါ့... ပမာအားဖြင့် စာရေးတာတို့ ပန်ချီဆွဲတာတို့ ပြီးတော့.. ဓါတ်ပုံရိုက်တာတို့မျိုးလိုပေါ့.... အရင်းခံရှိနေတဲ့ ဆန္ဒကို အကောင်အထည် ဖေါ်ဖြစ်အောင် တွန်းအားပေးလိုက်တာက မထင်မှတ်ပဲ မန္တလေး သင်္ကြန်ပုံတွေကို ရိုက်ပြီးတင်ထားတဲ့ ညီမင်းစံ ဘလောဂ်ကို ကြည့်ခွင့်ရလိုက်တဲ့ အချိန်က စတာပဲ ဆိုကြပါစို့... သူ့ရိုက်ထားတဲ့ ပုံလေးတွေကြည့်ပြီး ပုံလေးတွေ ကောင်းလွန်းလို့ လိုက်လုပ်ချင်စိတ် ထိန်းမရအောင် တဖွားဖွားပေါ်လာတယ်.. အဲဒါနှင့်ပဲ စဖြစ်လိုက်တယ် ဆိုပါတော့.... အဲဒီမတိုင်ခင်ကတော့ Sony DSR SR11 တစ်လုံးဝယ်ပြီး Sony Vegas Pro 8 နှင့် အလုပ်ရှုပ်နေခဲ့တယ်... ဗွီဒီယို တည်းဖြတ်ခြင်း အနုပညာကိုလည်း အထိုက်အလျှောက် တီးခေါက်မိခဲ့တယ်.. အဲ... ရလာဒ်ကတော့ ကုမ္ပဏီက Safety Induction Video ကို လက်ခမဲ့ အစအဆုံး ရိုက်ကူးတည်းဖြတ် ပေးလိုက်နိုင်တဲ့ အထိပဲဆိုပါတော့.... ဝါသနာပါရင် ငွေက အဓိကမဟုတ်ဘူး ဆိုတာ တော်တော်မှန်တာပဲ.. ကိုယ့်ကို ယုံယုံကြည်ကြည်နှင့် ခိုင်းလာတာကိုပဲ အခွင့်အရေး တရပ်အနေနှင့် ဝမ်းသာမိသလိုပဲ.... ကြေးစားအဆင့် ရောက်နေပြီလို့ ပြောတာ လုံးဝမဟုတ်.... အပျော်တမ်း အခြေခံ အဆင့်ကို ပြောနေမိတာပါ.. အဲအခုလည်း အားလပ်နေတဲ့ အချိန်မှာ ဟိုဟိုဒီဒီ စိတ်ရောက်နေမယ့်အစား ဝါသနာပါတာလေးကို လုပ်နေလိုက်ရင် ဘာပဲဖြစ်ဖြစ် အကျိုးမယုတ်ပါဘူး ဆိုပြီး ဆိုခဲ့တဲ့အတိုင်း စိတ်ကူးပေါက်ရာ လျှောက်လုပ်ရင်း ကောင်းတယ်ထင်တဲ့ ပုံလေးတွေ ထွက်လာလို့ အမှတ်တရ တင်ထားလိုက်တာ.... မတိုက်ဆိုင်ရင်တော့ ခွင့်လွှတ်ပါဗျာ....


// ... ဒီပုံလေးက တောင်ကြီးကို အလည်သွားတုန်း နေကပူလွန်းလို့ ထီးကလေးနှင့် အရိပ်အောက်မှာ ဆော့နေတဲ့ သမီးကို စိတ်ကူးပေါ်လာတာနှင့် ရိုက်လိုက်တာ.. ကျောင်းသားဘဝတုန်းက တောင်ကြီးကို ခဏခဏ ရောက်ဖူးတယ်... အဲဒီတုန်းကတော့ အတော့ကို နေလို့ကောင်းတယ်.. အထူးသဖြင့် ရာသီဥတုပေါ့... ချမ်းချမ်းနှင့် ဝက်သားချဉ်စား ငရုပ်သီးနှင့်ဂျူးမြစ်ကိုက်ပြီး ခါးရေသောက်ရတဲ့ အရသာ ဘယ်တော့မှ မမေ့ဘူး... ရှမ်းပြည်ကို ကြိုက်လွန်းလို့ အခွင့်ရတိုင်း သွားဖြစ်အောင်ကြိုးစားတယ်.. အခုလည်း မရောက်တာလည်းကြာ၊ မျိုးဆက်သစ်လေးတွေကို အဲဒီ အရသာမျိုး ခံစားစေချင်လို့ သွားလိုက်တာ ဟိုရောက်တော့လည်း ဘာမှ သိပ်ထူမခြားတာကို တွေ့လိုက်ရတော့ မအြံ့သပေမယ့် ဆုံးရှုံးမှု့တစ်ခုခုကို ခံစားလိုက်ရသလိုပဲ.... တောင်ကြီးလည်း ရန်ကုန်လိုပါပဲ.. ပူတာပဲ.. Climate Change ရဲ့ အကျိုးဆက်ကို မျိုးဆက်သစ်တွေအတွက် ဆိုးကျိုးတစ်ခု အနေနှင့် မြင်မိလို့ အဲဒီလိုလေး ဖြစ်အောင် ဖန်တည်းကြည့်လိုက်မိတာ... //