<>>အာသီသ ဓါတ်ပုံ နှင့် ဗွီဒီယို ဘလောဂ့်များ<<>

Sunday, February 24, 2008

ညီမလေးက ထမနဲထိုးတာ မြင်ချင်သတဲ့လား

***********
အာသီသ
***********

ညီမလေးရေ...ဒူဘိုင်းမှာ..ထိုးစရာ ထမနဲ ဘယ်ရှိပါ့မလဲ။ ရှိလည်း ကိုယ်တို့ မထိုးတတ်ပါဘူး။ အဲဒီအတွက် ချီးကျူးလည်း ဘဝင်မြင့်မိမှာ ဟုတ်ပါဘူး။ ဒါပေမယ့် ဒူဘိုင်ရောက်ရင် ဒူဘိုင်းလို ကျင့်ရမယ်ဟုတ်စ။ အသင်းအဖွဲ့စိတ်ဓါတ်ရဖို့ ထမနဲအစား မြန်မာ ထမင်းဟင်း ချက်စားကြတယ်ကွဲ့။ ကြက်သွန် လှီးတဲ့သူကလှီး ပန်ကန် ဆေးတဲ့သူကဆေး ထမင်းအိုး တည်တဲ့သူကတည် ချက်တဲ့သူက ချက်နှင့် တယ်ပျော်စရာ ကောင်ပါပကောလား ၊ ညီမလေးတို့ကိုတောင် ရှိရင်ကောင်းမယ်လို့ တမ်းတလိုက်မိသေး။ အရည်အသွေးကဖြင့် မြင့်တို့ E.L.P.L တို့ထက် သာတယ်လို့ပြောရင် ကြွားရာကျသွားမလားပဲ။ တဖြည်းဖြည်းနှင့် ဂိုးကျယ်အတွက် ဘော်လုံးအသင်းဖွဲ့ဖို့ လူမပြည့်သေး ပေမယ့် ဂိုးကျဉ်းအတွက်တော့ ပြည့်နေပါပြီ။ သိပ်မကြာတော့ဘာဘူး အသင်းကြီးအတွက် လူတွေရောက်လာတော့မယ်လို့ မျှော်လင့်ထားပါတယ်။ အဲဒီအခါကျမှ ထမနဲပွဲလေး လုပ်ဖြစ်အောင် စီစဉ်ကြည့်လိုက်ပါအုံးမယ်။ အမြဲ သတိတရ ရှိနေတဲ့ ညီမလေးကို ကျေးဇူးတင်လျှက်.....


**********

တကယ်လို့များ....

**********
ဘော်ကြီး
**********

ဒူဘိုင်းက ကိုအာသီသ တစ်ယောက် netပေါ်မှာ blogဖွင့်ပြီး အရေးအသား ကောင်းကောင်းနဲ့ ဖွဲ့နွဲ့ တင်ဆက်နေတာ သူတို့လို ဘ၀တူ အရှေ့အလယ်ပိုင်း ရောက်နေတဲ့ ကျွန်တော်အတွက် အလွှမ်းပြေပါတယ်။ ကျွှန်တော်လည်း ရဲတံခွန်ပြင်ပ ရောက်နေခဲ့တာ တစ်နှစ်ခွဲ ရှိခဲ့ပါပြီ။

ကိုရဲတစ်ယောက် ဖိုးဇော်နဲ့ မရင်ကို ကျေးဇူးတင်ထားတော့ ကျွှန်တော်လည်း တင်ချင်ပြန်ရော။ ရဲတံခွန်ဟာ ကျွှန်တော်အတွက်တော့ အောင်မြေပါ။ မိန်းမရပြီး မိသားစုနဲ့ အတူနေ ဘ၀ကို ယူမယ်ဆိုပြီး ရန်ကုန်ရုံးချုပ်ပြောင်းလျှောက်တာ သူငယ်ချင်း လွင်မောင်ဦးက နှာတစ်ဖျားသာပြီး (ကျွှန်တော်က နှာခေါင်းပြားတယ်ဗျ) right slot ထဲကျသွားပါတယ်။ ဒါနဲ့ ၀မ်းနည်းစွာပဲ ရဲတံခွန်တော့ ပြန်မသွားတော့ဘူး ဘ၀ပျက်ခံမယ် ဆိုပြီး (၃)ရက်လောက် သန္ဓိဌာန်ချလိုက်တာ၊ သိကြားမင်း အလောင်းအလျာတွေ ဖြစ်ကြတဲ့ ကိုခင်မောင်လွင်နဲ့ ကိုဝင်းစိုးရွှေတို့ သူတို့ထိုင်နေတဲ့ ကျောက်ဖျာလှုပ်ပြီး S’pore ရောက်အောင် evacuate လုပ်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ မပြီးသေးပဲ (၆)လ အကြာမှာ ကမ္ဘာ့အကြီးဆုံး LNG Plant ကလွှတ်လိုက်တဲ့ ဖုတ်သွင်းရထား ဆိုက်လို့ S’pore မှာဘဲ (၈)လနီးပါး FAT လုပ်ရင်း အခု Qatar ဆိုတဲ့ မြန်မာက အညာလိုနေရာမျိုးမှာ အလုပ်လုပ်နေပါတယ်။ ဒီနေရာမှာ မာနနဲ့ အတ္တကို ရှေ့တန်း တင်မိလို့ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှာ သမီးလေး “နှစ်ဦးလာဘ်“ကို မွေးဖွားပေးခဲ့တဲ့ မိန်းမအနား ရှိမနေခဲ့ရတာ အခုထိ တွေးမိတိုင်း စိတ်မကောင်း ဖြစ်နေတယ်။ အပြစ်လည်း တင်မိတယ်။ ဒါပေမယ့် blessing in disguise ပေါ့ ၊

အခုဒီစာရေးချိန်မှာ Dubai မြေနင်းပြီး ဂန္ဓ၀င်ဖြိုးကြီးတို့ဆီ ရောက်လာတဲ့ ဒေါ်မြင့် သတိတရ ကျွှန်တော့်ဆီ ဖုန်းခေါ်ခဲ့သေးတယ်။ ရဲတံခွန် ရောင်းရင်းတွေနဲ့ ဝေးနေပေမယ့် onlineမှာ တွေ့နေရတော့ နီးသလို ခံစားရပါတယ်။ မြတ်မင်းလည်း ရေကြည်ရာ မြတ်နုရာ ရှာရင်း ရောက်နေပြန်ပါပြီ။ နွားကြီး တစ်ယောက်လည်း S’pore Jurong Island မှာ ရောက်နေတဲ့ အကြောင်း၊ ရဲတံခွန်က ကိုကို တစ်ယောက်လည်း နောက်လမှာ S’poreမှာ အလုပ်ရှာမယ့် အကြောင်းတွေ ကြားရပါတယ်။ အောင်လံက ချစ်ကိုကြီးလည်း စောတင်မောင် မဖြစ်အောင်၊ ည ၂ ချက်တီး ကထဲက Grand Plaza Park Royal ရှေ့မှာ interview မလွှတ်ဖို့ ထိုင်စောင့်နေခဲ့တဲ့ အကြောင်းလဲသိရပါတယ်။

ဆိုတော့ကာ၊ ဖြစ်နေတဲ့ အခြေအနေတွေကို သုံးသပ်ရင်း နိဂုံးချုပ်ရရင်၊ ရန်ကုန်ရုံးမှာသာ အလုပ် ရခဲ့ရင်၊ ပြီးတော့ အောင်မြင်နေတဲ့ ကိုခင်တို့အဖွဲ့၊ ဂန္ဓ၀င်ဖြိုးကြီးတို့အဖွဲ့၊ ကိုမြတ်မင်းတို့အဖွဲ့ တွေရဲ့ အောင်မြင်မှုတွေ အားကျပြီး လိုချင်တမ်းတစွာနဲ့ အခွင့်အရေး တွေကို ထပ်ရှာနေမိခဲ့ရင်………။


ကျေးဇူးတင်စကား။ ။ Dick, Jack, မရင်, မစိမ့်, ကိုခင်မောင်လွင်, ကိုဝင်းစိုးရွှေ, ကိုလွင်မောင်ဦး နဲ့ အလုပ်ထွက်လို့ စိတ်ပူပြီး email များနဲ့ ပြန်ခေါ်အားပေးခဲ့တဲ့ Nagappan တို့အား ကျေးဇူးတင်ရှိရင်း၊၊

**********

Wednesday, February 20, 2008

မျိုးချစ်စိတ်



**************
အာသီသ


တစ်ပါတ်ကို နှစ်ကြိမ်လောက်တော့ အိမ်ကို ဖုန်းဆက်ဖြစ်တယ်။ အစကတော့ GSM ဖုန်းသုံးတော့ ဈေကြီးလို့ မဆက်နိုင်ဘူး။ တစ်မိနစ်ကို တစ်ဒေါ်လာကျော် ဆိုတော့ ဖုန်းဖိုး တော်တော် ထိတယ်။ ပိုဆိုးတာက ဟိုဘက်က ကိုင်ကိုင် မကိုင်ကိုင် Ring သွားတာနှင့်ကို စဖြတ်တော့တာပဲ။ ရောက်ရောက်ချင်း ဆိုတော့ မသုံးမဖြစ် သုံးရတယ်။ နောက် Internet phone ရှာကြည့်တော့ ပွင့်နေတဲ့ လိုင်းတစ်ခု သွားတွေ့တယ်။ အဲဒါ တွေ့တော့မှ အားရပါးရ ပြောရတော့တယ်။ သက်သာတာကိုး ၊ တစ်မိနစ်မှ မြန်မာပြည်ကို ၂၈စင့်ပဲ ကျတယ်။ ရွှေမြန်မာပြည် ကတော့ ဈေးအကြီးဆုံး ထဲမှာ ပါတယ်။ အမေရိကားဆို အလကား ၊ မြန်မာပြည်မှာ အပိတ်ခံလိုက်ရတဲ့ Media Ringtalk လိုမျိုးပေါ့။ Media Ringtalkက စင်ကာပူ ဆိုရင် တပြားမှ မပေးရဘူး။ ကျွန်တော်တို့ မိတ်ဆွေကြီး ကိုခင်သက်ရဲ့ အသည်းလို့ ပြောသံကြားဘူးတယ်။

တစ်နေ့ အိမ်ကို ဖုန်းဆက်တော့ ထုံးစံအတိုင်း ကျွန်တော့ အသည်းကျော် သမီးအကြောင်း ပြောဖြစ်တယ်။ ကျွန်တော့ သမီးက ၄နှစ် ပြည့်ကာစ ၊ အရင်ကတော့ ဒဂုံတစ် နားက M.E.C ဆိုတဲ့ မူကြိုမှာ ထားတာ ၊ မကြာသေးခင် ကမှ P.I.E.C ကို ပြောင်းထားလိုက်တာ။ သူ့ နာမည်က ယွန်းသုလဝန်း။ ဒီနာမည်လေးကို ကျွန်တော်ကိုယ်တိုင် ရွေးပေးထားတာ။ မြန်မာ ဆန်ဆန်လေးနှင့် အတော်လှတဲ့ အမည်လေးမို့ လူတိုင်း သဘောကျ ကြတယ်။ ကိုယ့်ကိုကိုယ်လည်း နည်းနည်း ဘဝင်မြင့်သွားတယ်။

ပြောဖြစ်တဲ့ အကြောင်းက အသိကောင်မလေး တစ်ယောက်က ဘာစိတ်ပေါက် လို့လည်းမသိ ကျွန်တော့သမီးကို Pinky လို့ခေါ်မယ်ဆိုပြီး ပြောလိုက်တာ သဘောတွေကျပြီး တ Pinky တည်းကီနေတာ အခုသူ့အမည် Pinkyဖြစ်သွားပြီတဲ့။ ကျောင်းမှာ သူ့က အားလုံးကို Pinky လို့ပဲ မိတ်ဆက်ပြီး အခုအားလုံးက သူ့ကို Pinky လို့ပဲ ခေါ်ကြတယ်တဲ့။ ဒီကောင်မလေး ဒီအရွယ်လေးနှင့် ဘယ်လိုလုပ်ပြီး ဒီလို တုန့်ပြန်မှု့မျိုး ရှိလည်းဆိုပြီး အံ့အားသင့်ပေမယ့် နည်းနည်းတော့ စိုးရိမ်သွားတယ်။ ကျွန်တော် ပေးခဲ့တဲ့ မြန်မာဆန်ဆန် အမည်ကလေး ပျောက်သွားမလား လို့ပေါ့။ သူ့အမေကတော့ ဘာမှမတွေး ၊ သူ့သမီးကိုသာ သဘောတွေ ခွေ့နေတာပေါ့။ ကျွန်တော့ အနေနှင့်က သူတို့ခေတ်မှာ ဖြစ်လာမယ့် အပြောင်အလည်း တွေရဲ့နောက် ကျန်ခဲ့မှာစိုးလို့ ၊ ခေတ်အခေါ် ဘိုကျောင်းပို့ထားတာ။ သူ့ကို ဘိုစိတ် ပေါက်စေချင် လို့တော့ မဟုတ်။ တကယ်တော့ ကလေးမှာလည်း အပြစ်မရှိ ၊ တဖြည်းဖြည်းနဲ့တော့ သဘောပေါက်အောင် နားလည်အောင် လမ်းကျောင်းရမှာပေါ့။

အခုကျွန်တော်တို့ လုပ်နေတဲ့ ကုမ္ပဏီက တရုပ်ကုမ္ပဏီ ဆိုတော့ တရုပ်မိသားစုတွေ နှစ်သစ်ကူး အလည်လာကြတယ်။ ကလေးလေး တွေလည်း ပါလာကြတယ်။ မြန်မာလို ခုနစ်တန်းအရွယ် ကောင်မလေး တစ်ယောက်ကို နာမည်မေးကြည့်တာ တရုပ်နာမည် ဆိုတော့ မှတ်ရခက်လို့ ဗိုလ်နာမည် မရှိဘူးလားလို့ မေးတော့ သူပြောတဲ့ စကားလေးကြောင့် မင်သက်မိသွားတယ်။ သူ့မှာ ဗိုလ်နာမည် မရှိဘူး မလိုလည်း မလိုချင်ဘူးတဲ့ ၊ တရုပ်နာမည်ပဲ ကြိုက်တယ် တရုပ် ဖြစ်ရတာကို ဂုဏ်ယူပါတယ် ဆိုပြီး ဘိုလို ပြန်ပြောပါသဗျ….ကဲ။


မှတ်ချက်။ ။ တရုပ်ပြည်မှာလည်း ဘိုနာမည် ပေးတာ ခေတ်စား နေပါသတဲ့။ လူဦးရေ များလွန်းတော့ အမည်တွေ ထပ်နေပြီး ပေးဖို့အမည် ရှာရခက်နေလို့ ဘိုနာမည်တွေဆီ ဦတည် လာတယ်လို့ ဆိုတယ်။ ဒါမေမယ့် ကျွန်တော့သမီးက ဘာကြောင့် သဘောကျ လည်းတော့မသိ ၊ မိုက်ကယ်ဂျက်ဆင်လို အသားရောင်တွေပါ ပြောင်းချင်လာရင် ဒုက္ခပဲနော…….။


(သမီး..ယွန်းသုလဝန်း..အတွက်..အမှတ်တရ)

***************

Sunday, February 17, 2008

နှိုးဆော်စာ

**********
သတင်း-အာသီသ

ဒူဘိုင်းမှာ ဘောလုံးအသင်း ဖွဲ့ဖို့ သင့်ကို အရေးတကြီး အလိုရှိ နေပါတယ်။ စိတ်ဝင်တစား ရှိသူများ အမြန် ဆက်သွယ်ပါရန် ဤနေရာမှ အကြောင်းကြား အပ်ပါတယ်။

ဆက်သွယ်ရန်
***********
ကိုမြတ်မင်း (ခေါ်) သကြီး ( ဥက္ကဌ ၊ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်သားများ အဆင့် မြင့်တင်ရေး အဖွဲ့ )
ကိုဖြိုးဝေအောင် ( ဒု-ဥက္ကဌ ၊ မြန်မာ့ ရေနံနှင့်သဘာဝဓါတ်ငွေ့ လုပ်သားများ အဆင့် မြင့်တင်ရေး အဖွဲ့ )
ကိုဝင်းစိုးရွှေ ( အဖွဲ့ဝင် ၊ မြန်မာ့ ရေနံနှင့်သဘာဝဓါတ်ငွေ့ လုပ်သားများ အဆင့် မြင့်တင်ရေး အဖွဲ့ )
ကိုအောင်ရဲဦး ( ပြန်၊ဆက်တာဝန်ခံ ၊ မြန်မာ့ ရေနံနှင့်သဘာဝဓါတ်ငွေ့ လုပ်သားများ အဆင့် မြင့်တင်ရေး အဖွဲ့)

************

Saturday, February 16, 2008

သတိ..ရှော့ရှိသည်



**********
အာသီသ
***********
ဗယ်လင်တိုင်းဒေး(ခေါ်)ချစ်သူများနေ့တဲ့။ အမျိုးသား ခေါင်းဆောင်ကြီးရဲ့ မွေးနေ့နှင့် တစ်ရက်ပဲ ကွာတော့ သိပ်မှတ်ရ မခက် ၊ အရေးတယူလည်း မှတ်မထားတာ ကြာပြီ ၊ အိမ်ထောင် ကျပြီး ကတည်းက ဆိုပါတော့။ လူပျို တုန်းကတော့ ဘာရယ် ညာရယ်မဟုတ်၊ သူများ လုပ်သလို လိုက်လုပ် လိုက်တာပဲ ရှိတယ်။ ဘာရယ်ညာရယ် သေသေချာချာ မသိ ၊ သစ်ရွက် လှုပ်တာတောင် ဟိုလွမ်းသလို ဒီလွမ်းသလို ရှိနေ လေတော့ ၊ ကိုယ် အလေးအနက် ထားတဲ့ သူ (သို့) သူတွေကို ၊ အသည်းရောင် အမှတ်တရ ပစ္စည်းလေးတွေ ပေးပို့ ခဲ့ဖူးတယ်။ ထားလိုက်ကြပါစို့ အတိတ်ကို အတိတ်မှာ။ သိချင်တဲ့ စိတ်ကလေးက အမြဲတမ်း ရှိနေလေတော့ ဗယ်လင်တိုင်းဒေး ဆိုတာ ဘာကြောင့် ဖြစ်လာသလဲ ဆိုပြီး စ လေ့လာပါတယ်။ လွယ်ပါတယ် မြန်မာပြည် မှာလည်း လူငယ်တွေ celebrateလုပ်တော့ ၊ ဒီလထုတ် မဂ္ဂဇင်း တွေမှာဆို ဆောင်းပါးတွေ ပါနေကြ။ တစ်ချို့ အကောင်းဘက်က ရေးကြပြီး တစ်ချို့က ဆန့်ကျင်ဘက် အမြင်နှင့် ရေးကြတယ်။ ဒါက ဘာမှပြောစရာ မရှိ ၊ လူတိုင်းမှာ မွေးရာပါ လွတ်လပ်ခွင့် ရှိပြီးသားမို့ ကြိုက်တာ မကြိုက်တာ က ပုဂ္ဂလိက ခံစားချက်။

သိချင်လိှု့ ဖတ်ကြည့် တော့လည်း သမိုင်း အတိကျ မသိရ ၊ တချို့က Valentine ဟာ ၃ရာစု ရောမဧကရာဇ် Claudius-II လက်ထက်က ဘုန်းတော်ကြီး ဖြစ်တယ်။ Claudius ယုံကြည်တာက လူပျို လူလွတ် တွေဟာ အိမ်ထောင်သည် တွေထက် စစ်မှု့ထမ်းရာမှာ ပိုထိရောက်တယ်။ ဒါ့ကြောင့် လူငယ်တွေကို ဧကရာဇ် က လက်ထပ်ခွင့် မပေးဘူး။ အဲဒါကို Valentineက မတရားမှု့လို့ မြင်ပြီး ဧကရာဇ်ကို ဆန့်ကျင်ကာ လူငယ်တွေကို တိတ်တဆိတ် လက်ထပ်ပေးခဲ့တယ်။ အဲဒီ အမှု့ကို Claudiusသိသွားလို့ Valentineသေဒါဏ် ပေးခြင်း ခံရတယ်လို့ ပြောတယ်။ တချို့က Valentineဟာ ရောမ ထောင်ထဲက အနိပ်စက် အညဉ်းပမ်းခံ ခရစ်ယာန် ဘာသာဝင်တွေကို ကယ်ထုတ်ဖို့ ကြိုးစားရင်းက အသတ်ခံ ရဟန် တူပါတယ်တဲ့။ တချို့က Valentineဟာ ထောင်သွင်း အကျဉ်းကျ ခံနေရစဉ် အသက်ငယ်ငယ် ထောင်မှူးသမီးနှင့် ချစ်ကြိုက်မိပြီး အသတ်မခံရခင် ကောင်မလေးကို စာတစ်စောင် ပေးထားခဲ့တယ်။ အဲဒီစာမှာ ပါတဲ့ From your valentine ဆိုတဲ့ ဖေါ်ပြချက်ကို ယနေ့တိုင် သုံးနေကြတုန်းပဲတဲ့။ ဘာကြောင့် ဖေဖေါ်ဝါရီလ ၁၄ ကို Valentine’s dayလို့ သတ်မှတ်လည်း ဆိုတဲ့ မေးခွန်းမှာလည်း အဖြေတွေ ကွဲပြားစွာ ရှိနေတာ တွေ့ရတယ်။ တစ်ချို့က Valentine သေတဲ့နေ့ (သို့) မြေမြုပ် သဂြိုလ်တဲ့နေ့ ကို ယူထားတာလို့ ပြောတယ်။ တခြား ယူဆချက် တွေလည်း ရှိသေးတယ်၊ ဘယ်ဟာ မှန်လည်းတော့ မသိ။ ထားပါတော့ အဲဒါလည်း ခဏ။

နိဒါန်း ရှည်သွားတော့ ပြောမယ့်ဟာတောင် မေ့တေ့တေ့ဖြစ်သွားတယ်။ အထက်မှာ ပြောခဲ့သလို ဗယ်လင်တိုင်ဒေး ဘာမှန်းမသိ ၊ ဒါပေမယ့် တစ်ယောက်နှင့် တစ်ယောက် ချစ်ခြင်း သင်္ကေတ အထိမ်းအမှတ် လက်ဆောင် လေးတွေ ပေးကြ ဖလှယ်ကြ ဆိုတော့ အတော့ကို ကြည်နူးစရာ ကောင်းတဲ့ နေ့တနေ့ ပါပဲ။ တပ်မက်တဲ့ စိတ်နှင့်ပဲ ဖြစ်ဖြစ် လူသားအချင်းချင်း ချစ်ခင်ကြတယ် ဆိုလျှင်ပဲ ကောင်းသော လုပ်ရပ်လေး အဖြင့် လက်ခံ လိုက်မိပါတယ်။ ဒါပေမယ့် ကျောင်းတုန်းက သူငယ်ချင်း တစ်ယောက်လိုမျိုး လှပတဲ့ နေ့ကလေးမှာ အကျည်းတန်တဲ့ အဖြစ်မျိုး ဖြစ်အောင် မလုပ်မိကြဖို့ သတိပေး ချင်တာနှင့် လျှာရှည် မိသွားတာပါ။ ရည်းစား နှစ်ယောက် တစ်ပြိုင်တည်း ထားတဲ့ ကျွန်တော့ သူငယ်ချင်းဟာ ဗယ်လင်တိုင်းကဒ် မှားပေးမိတဲ့ အတွက် အတော့ကို ဒုက္ခ ရောက်သွားခဲ့တယ် ဆိုတဲ့ အကြောင်းလေးပါပဲ။ တော်ကြာ ကောင်မလေး ပေးမယ့်ကဒ် ၊ မိန်းမဆီ ပို့မိနေမှဖြင့် ဗယ်လင်တိုင်း ပို အကျည်းတန် နေပါအုံးမယ်လို့………..။

(ကမ္ဘာမှာ ခရစ္စမတ်ပြီးရင် ကဒ်အများဆုံး ပေးပို့ကြတဲ့ အထိမ်းအမှတ် နေ့တနေ့ ဆိုပါလား)

**************