<>>အာသီသ ဓါတ်ပုံ နှင့် ဗွီဒီယို ဘလောဂ့်များ<<>
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Saturday, April 11, 2009

နှစ်သစ်ဦးလက်ဆောင်



အကောင်းအကန်း

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
(Biweekly eleven မှကုးယူဖေါ်ပြသည်)

လူဆိုတာ ကောင်းမှုကြောင့် လူဖြစ်လာရတာ။ မကောင်းမှုကြောင့်ဆိုရင်တော့ လူဖြစ်လာစရာ အကြောင်း မရှိဘူး။ မကောင်းမှုကြောင့် ဆိုရင်တော့ အပါယ်လေးဘုံ ရောက်သွားမှာပဲ၊ ငရဲ ရောက်မလား၊ တိရစ္ဆာန်ဖြစ်မလား၊ ပြိတ္တာဖြစ်မလား၊ အသူရကာယ်ဖြစ်မလား၊ မကောင်းမှု ကြောင့်ကတော့ အဲဒီဘုံလေးမျိုး တစ်မျိုးမျိုးရောက်မှာ သေချာပေါက်ပဲ။
ကောင်းမှုကြောင့် လူဖြစ်ရတာ ဆိုတော့ လူသားမျိုးစေ့၊ လူသား အရင်းအနှီးဟာ ကောင်းမှုပဲ၊ ရှေးလူကြီးတို့က မျိုးစေ့ကို ပြုတ်စားမပြစ်နှင့်လို့ ပြောကြတယ်၊ ပဲစိုက်တဲ့ တောင်သူဟာ မျိုးစေ့ အဖြစ်ထားတဲ့ ပဲကို ထပ်မစိုက်ပျိုးဘဲနှင့် ပြုတ်သာစားနေမယ်ဆိုပါက မျိုးစေ့ကုန်သွားရင် ပြီးပြီ၊ မျိုးသုဉ်းသွားပြီ၊ ထပ်စိုက်စရာ မရှိတော့ဘူး။
လူဆိုတာလည်း အတိတ်ကံ အကျိုးပေးလေးကောင်းလို့ အဲဒီအကျိုးပေးလေးနဲ့ပဲ ကျေနပ်နေမယ်၊ သာယာနေမယ်၊ ခံစားနေမယ်၊ နောက်ထပ်အသစ်အသစ် ကောင်းမှုတွေ မပြုတော့ဘူးဆိုရင် မျိုးစေ့ပြုတ်စားနေတာနဲ့ အတူတူပဲ၊ အတိတ်ကောင်းမှု မျိုးစေ့လေး ကုန်သွားရင်တော့ ပြီးပြီ၊ သွားပေဦးတော့ မကောင်းတဲ့နေရာ၊ မကောင်းတဲ့နေရာ ဆိုတာ ဒုဂ္ဂတိပဲ၊ ဒုဂ္ဂတိဆိုတာ အပါယ်လေးပါးပဲ။
ဒါကြောင့် မျိုးမပြုတ်အောင် မျိုးဆက်နေရမယ်၊ ကောင်းမှုတွေ ထပ်ထပ်ပြုနေရမယ်၊ ကောင်းမှုမျိုးစေ့တွေ ထပ်ထပ်ပြီး စိုက်ပျိုးကြဲချနေရမယ်၊ မျိုးမပြတ်စေရဘူး၊ မျိုးပြတ်လို့ မဖြစ်ဘူး၊ အမြဲတမ်းအကောင်းဘက်ကို ဦးတည်ထားရမယ်၊ အကောင်းကိုပဲ အတတ်နိုင်ဆုံး နှလုံးသွင်းရမယ်၊ ကောင်းပြီးရင်းကောင်းရင်း၊ ကောင်းသထက်ကောင်းရင်း၊ အကောင်းပေါ်အကောင်းဆက်လို့ ကောင်းသထက် ကောင်းအောင်လုပ်ကြရင် နောက်ဆုံးအကောင်းဆုံးနေရာ ရောက်မှာပဲ၊ အကောင်းတွေချည်းပဲစုမိလို့၊ မကောင်းတာတွေကုန်သွားရင် ကိစ္စပြီးပြီပေါ့။
ကောင်းမှုကြောင့် လူဖြစ်လာတာဆိုတော့ လူအများစုဟာ လူကောင်းတွေပဲလို့ ပြောလို့ရနိုင်လောက်ပါတယ်။ လူကောင်းက အများစုပါ၊ လူဆိုးကအနည်းစုပါ၊ လူဆိုးဆိုတာလည်း ဆိုးချင်လို့ဆိုးရတာ မဟုတ်ပါဘူး။ စိတ်ဆိုးတွေ ဝင်နေတဲ့အခိုက် လူဆိုးဖြစ်ရတာပါ။ စိတ်ဆိုးတွေ ထွက်သွားရင်တော့ သူလည်း လူကောင်းပါပဲ။ စိတ်ရဲ့ ပင်ကိုသဘောက အကောင်းပါ။ လောဘဒေါသ စတဲ့ကိလေသာတွေ ဝင်ဝင်လာလို့ စိတ်ကဆိုးရတာပါ။ ဒီလိုပဲ လူဆိုတာ သူ့သဘာဝ၊ သူ့သဘော၊ သူ့မူလပင်ကိုက အကောင်းပါ။ စိတ်ဆိုးတွေ ဝင်လာတဲ့ အခိုက်မှာပဲ လူဆိုးဖြစ်ရတာပါ။ ဒါဟာလည်း အခိုက်အတန့် ဆိုတော့ လူက ကောင်းတဲ့အချိန်က များပါတယ်။
လူအများစုဟာ အကောင်းကြိုက်တဲ့ သူချည်းပါပဲ။ အကောင်းမကြိုက်တဲ့သူဆိုတာ မရှိလောက်ပါဘူး။ လူအများစုဟာ ကောင်းကောင်း ဝတ်ချင်တယ်၊ ကောင်းကောင်း စားချင်တယ်၊ ကောင်းကောင်း နေချင်တယ်၊ ကောင်းကောင်း သုံးချင်တယ်၊ အကောင်းဆိုတာတွေ အားလုံးကို လိုချင်တာချည်းပဲ၊ ကောင်းမှုကြောင့် လူဖြစ်ရတာဆိုတော့ အကောင်းကြိုက်တာဟာ မဆန်းပါဘူး။ ဒါ သူ့သဘာဝပါပဲ။
အကောင်းတော့ ကြိုက်ပါရဲ့။ ပိုက်ဆွဲတော့ မလိုက်ချင်ဘူး ဆိုတဲ့ လူကြီးတွေ ဆုံးမစကားတစ်ခု ရှိပါတယ်။ အဓိပ္ပါယ်က ကောင်းကောင်းတော့ ကြိုက်ပါရဲ့ ကောင်းကောင်းတော့ မလုပ်ချင်ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ အကောင်းကြိုက်ရင်တော့ အကောင်းလုပ်ရပါလိမ့်မယ်။ တချို့မိဘတွေက သားသမီးကို ကောင်းကောင်းနေလို့ ဆုံးမကြတာ ရှိပါတယ်။ ကောင်းကောင်း ဖြစ်ချင်ရင်တော့ ကောင်းကောင်း နေကြဖို့ပါပဲ။ ကောင်းအောင်လုပ်ကြဖို့ပါပဲ။ အကောင်းဆုံးဖြစ်အောင် လုပ်ကြဖို့ပါပဲ။
ဘုရားက အန္ဓသုတ္တန်မှာ လူသုံးမျိုးရှိကြောင်း ခွဲပြပါတယ်။ တစ်မျိုးက ဒွိစက္ခု- နှစ်ဖက်လုံးမြင်တယ်၊ နှစ်ဖက်လုံးမြင်တော့ အကောင်းလို့ခေါ်ရမယ်။ တစ်မျိုးက အန္ဓ - နှစ်ဖက်လုံး မမြင်ဘူး၊ နှစ်ဖက်လုံး မမြင်တော့ အကန်းလို့ ခေါ်ရမယ်။ တစ်မျိုးက ဧကစက္ခု - တစ်ဖက်ပဲမြင်တယ်၊ တစ်ဖက်က မမြင်ဘူး၊ တစ်ဖက်မြင် တစ်ဖက်ကန်းဆိုတော့ မကောင်း၊ မကန်းလို့ခေါ်ရမယ်။ လူက ဒီလို အကောင်းရယ်၊ အကန်းရယ်၊ မကောင်းမကန်းရယ်လို့ သုံးမျိုးရှိပါတယ်။
ဘုရားက မိန့်ရာမှာ အကောင်းဆိုတာ မရသေးတဲ့ စည်းစိမ်ဥစ္စာတွေကို ရအောင်လုပ်တတ်တယ်။ ရပြီးစည်းစိမ်ဥစ္စာကို တိုးပွားအောင် လုပ်တတ်တယ်။ ကုသိုလ်၊ အကုသိုလ်ကို ခွဲခြားသိတယ်။ အပြစ်ရှိ အပြစ်မဲ့ကို ခွဲခြားသိတယ်။ အယုတ်အမြတ်ကို ခွဲခြားသိတယ်။ ကောင်းကျိုးဆိုးကျိုးကို ခွဲခြားသိတယ်။ ဒီအရည်အချင်းတွေ ရှိရင် အကောင်းပဲတဲ့။
အကန်းဆိုတာ အထက်ပါအရည်အချင်းတွေ မရှိတဲ့သူပဲ။ မကောင်းမကန်းဆိုတာကတော့ မရသေးတဲ့ စည်းစိမ်ဥစ္စာကိုတော့ ရအောင်လုပ်တတ်တယ်။ ရပြီး စည်းစိမ်ဥစ္စာကိုလည်း တိုးပွားအောင် လုပ်တတ်တယ်။ ဒါပေမယ့် ကိုသိုလ် အကုသိုလ်တော့ မသိဘူး။ အဖြစ်ရှိမရှိကိုတော့မစဉ်းစားဘူး။ အယုတ်အမြတ်ကိုလည်း ခွဲခြားမနေဘူး။ လတ်တလော ကောင်းကျိုးကိုပဲ ကြည့်တယ်။ တမလွန်ကောင်းကျိုးဆိုးကျိုးကို ထည့်မတွက်ဘူး။ ဒီလူဟာ တစ်ဖက်မြင်၊ တစ်ဖက်ကန်းပဲ။ မကောင်းမကန်းပဲ။
အကောင်းက ကုလာအုပ်နှင့်တူတယ်။ အကန်းက နွားမနဲ့တူတယ်။ မကောင်းမကန်းက နွားသိုးနှင့်တူတယ်။ ကုလားအုပ်မှာ နှစ်ဘို့ရှိတယ်။ နွားမမှာ ဘို့မရှိဘူး။ နွားသိုးမှာ ဘို့ရှိတယ်။ ဒါပေမယ့် တစ်ဘို့တည်းပဲရှိတယ်။
လူမှာမျက်လုံး နှစ်လုံးပါတယ်။ တစ်လုံးက လက်ရှိဘဝ ပစ္စုပ္ပန်အရေးကို ကြည့်ဖို့အတွက်ဖြစ်တယ်။ နောက်တစ်လုံးက တမလွန် သံသရာကို ကြည့်ဖို့ဖြစ်တယ်။ တစ်လုံးက ကိုယ့်ဖို့အတွက်ဖြစ်တယ်၊ ကိုယ့်အတွက်ကြည့်ရမယ်။ နောက်တစ်လုံးက သူ့ဖို့အတွက်ဖြစ်တယ်၊ သူ့အတွက်ကြည့်ရမယ်။ တစ်လုံးက အတ္တအတွက်ဖြစ်ပြီး နောက်တစ်လုံးက ပရအတွက်ဖြစ်တယ်။
ပစ္စုပ္ပန်ရေး၊ တမလွန်ရေး အရေးနှစ်ပါးလုံးကို သိတတ်၊ မြင်တတ်၊ ကြည့်တတ်တဲ့သူဟာ အကောင်းပဲ။ ကိုယ့်အရေး၊ သူ့အရေး အရေးနှစ်ပါးလုံးကို သိတတ်၊ မြင်တတ်၊ ကြည့်တတ်တဲ့သူဟာ အကောင်းပဲ။ အတ္တပရ ကိုယ့်ဖို့၊ သူ့ဖို့ နှစ်ဖို့မျှပြီး သိတတ်၊ မြင်တတ်၊ ကြည့်တတ်၊ လုပ်တတ်တဲ့ သူဟာ အကောင်းပဲ။
အိမ်တအိမ်ကောင်းဖို့အတွက် အကောင်းတွေများများလိုတယ်။ ရပ်ကွက်တစ်ခုမှာ၊ ကျေးရွာတစ်ရွာ၊ မြို့နယ်တစ်ခု၊ တိုင်းတစ်တိုင်း၊ ပြည်တစ်ပြည် ကောင်းဖို့အတွက် အကောင်းတွေ များများလိုတယ်။ လူနဲ့လူ့ဝန်းကျင်ကို ကောင်းအောင်လုပ်ဖို့ဆိုတဲ့ နေရာမှာ နွာထီးအဖြစ်နဲ့လည်း လုပ်လို့မရဘူး၊ နွာမအဖြစ်နှင့်လည်း လုပ်လို့ မရဘူး။ ကုလာအုပ်အဖြစ်နှင့်သာ ကောင်းအောင် လုပ်လို့ရမယ်၊ တိရစ္ဆာန်နှင့် နှိုင်းလို့ စိတ်တော့မရှိပါနဲ့၊ ဘို့ရှိတဲ့ သတ္တဝါတွေမို့ ထင်လွယ်မြင်လွယ်အောင် ဥပမာပေး ပြောရတာပါ။
လူတိုင်းဟာ အတ္တရှိကြတော့ အတ္တအတွက် ကြည့်ကြတဲ့ သူတွေချည်းပဲ။ ဒါပေမယ့် အတ္တချည်း ရှင်သန်လို့ ရတာမှ မဟုတ်တာ၊ အတ္တဆိုတာ ပရနှင့်တွဲ ရှင်သန်ကြရတာ။ ဒီတော့ အတ္တပရမျှလုပ်ကြရတာပေါ့၊ အတ္တအတွက်ချည်း လုပ်နေရင် အဲဒီအတ္တဟာ မကြာခင် ပျက်စီးသွားမျာပဲ။ အတ္တကို ကောင်းစေချင်ရင် ပရပါကောင်းအောင် လုပ်ပေးမှရတယ်။
ပရကို ကောင်းအောင် လုပ်ပေးတယ်ဆိုတာလည်း နောက်ဆုံးတော့ အတ္တအတွက်ပါပဲ။ အလောင်းတော်တို့က ပထမလောကတ္တစရိယာ - လောကအတွက်၊ အများအတွက် ကောင်းအောင်းလုပ်တယ်။ ဒုတိယ ဥာတတ္ထစရိယာ - လူမျိုးအတွက်၊ ဆွေမျိုးအတွက် ကောင်းအောင်လုပ်တယ်။ အဲဒါနှစ်မျိုး ကောင်းအောင်လုပ်တာနဲ့ပဲ နောက်ဆုံး ဗုဒ္ဓတ္ထစရိယာဆိုတဲ့ ကိုယ်ကျိုးက သူ့အလိုလိုပြီးရတာပါ။
အစစ်အမှန်ကိုယ်ကျိုးဆိုတာက သူ့ကျိုးကိုလုပ်မှရတာပါ၊ သူ့ကျိုးကို လုပ်လို့ ရလာတဲ့ ကိုယ်ကျိုးသည်သာ ကိုယ်ကျိုးအစစ်ပါ။ သူ့ကျိုးမပါတဲ့ ကိုယ်ကျိုးသက်သက်ကတော့ ကိုယ်ကျိုးအစစ် မဟုတ်ပါဘူး။ နီတိဆရာတို့က”သူ့ကျိုးကို မဆောင်ရွက်သူအတွက် ကိုယ်ကျိုးဆိုတာ လုံးဝမရှိဘူး။ ဒါဟာ သွေးထွက်အောင်မှန်တဲ့ အမှန်တရားလို့ လက်ရုံးတစ်ဖက်မြှောက် ကြွေးကြော်လိုက်ပါ”ဟု ဆိုခဲ့ကြသည်။ ခရီးသည်ကို တစ်ဖက်ကမ်းကို လိုက်ပို့တဲ့ လှေသမားဟာ ပို့တာကတော့ ခရီးသည်ကို ပို့တာပါ။ ဒါပေမယ့် ကိုယ်လည်း ဟိုဘက်ကမ်းကို အရောက်သွားတာပါ၊ အကောင်းတွေပေါများပါစေ၊ အကောင်းတွေ ကောင်းအောင်လုပ်နိုင်ကြပါစေ။

Sunday, October 19, 2008

အမှတ်တရ အလွဲများ

ကွယ်လွန်သူ စွယ်စုံရ အနုပညာရှင် ကိုငှက် (ကိုထူးအိမ်သင်)ရဲ့ “တစ်နေ့စာ အလွဲများ” ဆိုတဲ့ သီချင်းကို အလွန် သဘောကျ ခဲ့ဖူးတယ်။ လူတိုင်း လူတိုင်း အလွဲတွေ၊ တလွဲတွေ၊ မလွဲမသွေ ကြုံဖူး လိမ့်မည်လို့ ယုံကြည်ပါတယ်။ တချို့ အလွဲတွေဟာ ရိုးရှုင်း ပေမယ့်လည်း တစ်ချို့ အလွဲတွေ ကတော့ မထင်မှတ်ပဲ ဘဝကို အကြီး အကျယ် ထိခိုက်တဲ့အထိ ကြုံသွား ရနိုင်တဲ့ ဟာမျိုးတွေပါ။ အဲ.. တစ်ချို့ အလွဲတွေ ကျတော့လည်း ငိုရမလို ရည်ရမလို အလွဲမျိုး။ ယူအေအီးမှာ နေခဲ့တဲ့ ကာလ တစ်လျှောက် ကြုံခဲ့ရတဲ့ အလွဲ တစ်ချို့ကို ပြောပြရလျှင်တော့…

~ အကူအညီလား..အကြွေးလား ~

ရှေပင်မော တစ်ခုကနေ ဈေးဝယ်ပြီး ကားဆီထွက်အလာ ကားထဲကို ပစ္စည်းတွေ ထည့်နေတုန်း ကားတစ်စီး ရောက်လာ၍..
“နောက်ရှက်မိတဲ့ အတွက် တောင်းပန်ပါတယ်။ စကားနည်းနည်း ပြောလို့ ရမလား”
အာရပ်သံနှင့် ပြောလာတဲ့ အင်္ဂလိပ် စကားကြောင့် ကျွန်တော် လှည့်ကြည့် လိုက်မိ၏။ စကားစ ပျိုးလာသူကား အသက် ၃၀ ဝန်းကျင်ခန့်ရှိ အာရပ် တစ်ယောက်။ သူက ကားမောင်း သူ။ သူ့ဘေးမှာ အသက် ၆၀ အရွယ် အဖွားအိုတစ်ဦး၊ ပြီးတော့ နောက်ခန်းမှာ ခေါင်းမြီးခြုံ အာရပ်မ နှစ်ယောက် ထိုင်နေတာ သတိထားမိ၏။
“အင်း.. ပြောပါ”
“ခင်ဗျား အင်္ဂလိပ်လို ပြောတယ် မဟုတ်လား”
“အင်း.. ပြောပါတယ်”
“ဒီလိုဗျာ.. ကျွန်တော်က အိုမန်က လာတာ… ဒီကို လာလည်တာ.. လျှောက်သွားရင်း ပိုက်ဆံအိပ် ပျောက်သွားတော့ ပါလာသမျှ ပိုက်ဆံ ရော ကဒ်တွေပါ အကုန်ပါသွားတယ်.. အခု အိုမန်အထိ ပြန်ရမယ် ဆိုတော့ ဆီလည်း မရှိ၊ ဆီထည့်စရာ ပိုက်ဆံလည်း မရှိလို့ ဖြစ်နိုင်ရင် ကူညီပါအုံး..”
အင်း.. ခက်ပြီ တစ်ကယ်လား လုပ်ဇာတ်လားတော့ မသိ၊ မြန်မာပြည်သား ပီပီ ဒီလို ဟာမျိုးတွေ ကြုံဖန် များနေပြီ။ ဒါပေမယ့် ဒါ မြန်မာပြည် မဟုတ် ၊ သူတို့ တကယ် ဒုက္ခ ရောက်နေတာလည်း ဖြစ်နိုင်ပါတယ်။ တိုက်တိုက် ဆိုင်ဆိုင် ငါနှင့်မှ လာတိုးတယ်။ ထူးတော့ ထူးခြားတယ်။ ဆရာတော် ဘုရားများ ဟောကြားသလို အရင်ဘဝက ပေးဆပ်စရာ အကြွေး ရှိခဲ့လို့ အခုလာတောင်း တာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် တွေးမနေ တော့ပါဘူး၊ အမှန်တကယ် ဟုတ်ရင်လည်း လူတစ်ဘက်သားကို ကူညီရာ ရောက်တဲ့ အတွက် ကုသိုလ်ရတယ်၊ အကယ်၍ လုပ်ဇာတ် ဆိုရင်လည်း အရင်ဘဝက ပေးဆပ်စရာ အကြွေး ရှိခဲ့လို့ ပေးလိုက်ရတာပဲ ဆိုတဲ့ ယောနိသော မနသီကာယ ကို အသင့်တင့် နှလုံးသွင်းပြီးသား ဖြစ်သွားတယ်ဟု ဆုံးဖြတ်ချက် ချကာ ယူအေအီး ပိုက်ဆံ တစ်ရာတန်ကို ထုတ်ပေးလိုက်ပါတယ်။
ပေးလိုက်တဲ့ တစ်ရာတန်ကို အာရပ်က ဖင်ပြန်ခေါင်းပြန် ကြည့်ပြီး..
“ဘုရားသခင် ကောင်းချီး ပေးပါစေ.. ကျေးဇူး အများကြီး တင်ပါတယ်” ဆိုပြီး ထွက်သွားပါတော့တယ်။

~ အာရပ်ရဲနှင့်ကျွန်တော် ~

ယူအေးအီးမှာ နေတယ် ဆိုပေမယ့်လည်း ယူအေအီး ဆိုတာ အမ်းမရိတ် ခုနှစ်ခု ပေါင်းထားတဲ့ နိုင်ငံပါ။ အဲဒီ အထဲမှာ ဒူဘိုင်းတို့ အဘူဒါဘီတို့ လည်း အပါအဝင်ပေါ့။ တော်တော် များများ အမှတ်မှား ကြတာက ဒူဘိုင်းကို နိုင်ငံငယ် တစ်ခုအဖြစ် သိထား ကြတာပါပဲ။ အမှန်တကယ် ကတော့ ဒူဘိုင်းဟာ ယူအေအီး ထဲက အမ်းမရိတ်ငယ် တစ်ခုပါ။ အဘူဒါဘီ ကတော့ ယူအေအီးရဲ့ မြို့တော်ပဲပေါ့။ ဒါပေမယ့် ဒူဘိုင်းကိုတော့ လူသိ ပိုများပါတယ်။ ကျွန်တော် ၆လ လောက်တော့ ဒူဘိုင်းမှာ နေဖူးပါတယ်။ အလုပ်မစခင် ပြင်ဆင်ချိန်တွေ တုန်းကပေါ့။ အခုတော့ အမ်းမရိတ်ထဲမှာ အဆင်းရဲဆုံး အစုတ်ဆုံး ဆိုတဲ့ အူမာကွင်းလို့ အမည်ရတဲ့ အညတရ အမ်းမရိတ် တစ်ခုမှာ နေနေပါတယ်။ ဒါပေမယ့် ကျွန်တော်က နားအေးပါးအေး နေချင်တဲ့သူ ဆိုတော့ အူမာကွင်းကို ဒူဘိုင်းထက် ပို သဘောကျပါတယ်။ လမ်းတွေ အလွန် ကောင်းပြီး ကားအလွန် ရှင်းပါတယ်။ ပင်လယ် ကမ်းခြေမှာ နေတော့ ညနေဘက် အားလပ်တဲ့ အချိန်တွေမှာ စက်ဘီး စီးရတဲ့ အရသာဟာ အလွန် ချိုမြိန်ပါတယ်။ ကားရှင်းပြီး လမ်ကောင်းတော့ အမ်ပီ သရီးကို နားထဲထည့် ကြိုက်နှက်သက်ရာ သီချင်းကို နားထောင်ပြီး လွှင့်ပေတော့။
တစ်နေ့သော အခါမှာတော့ မထင်မှတ်ပဲ အလွဲတစ်ခုနှင့် သွားတွေ့ပါတယ်။ ကျွန်တော်ဟာ အဲဒီလမ်းမှာ စက်ဘီး စီးနေကျ။ လနှင့်ချီ ကြာနေပြီ။ ဘာမှ ပြဿနာ မရှိခဲ့ဘူး။ ဒီလိုနှင့် စီးနေကျ အတိုင်း သီချင်းနားထောင်ပြီး လမ်းအလယ် အမြန်လမ်း အပင်တွေ စိုက်ထားတဲ့ နေရာနား ကပ်ပြီး နင်းနေတုန်း ရုတ်တရက် ရဲကား ရှေ့ကို ရောက်လာလို့ အရှိန်ကို လျှော့ပြီး သတိနှင့် သူတို့ ဘာလုပ်မလဲ ဆိုတာ စောင့်ကြည့် နေပါတယ်။ သိပ်မကြာဘူး ရဲကား မောင်းထွက်သွား ပါတယ်။ အဲ.. ရှေ့ ကိုက် ၁၀၀ လောက် ရောက်တော့ ရပ်ပြီး ဝါနင် မီးပြကာ ရပ်စောင့်နေပါတယ်။ ကျွန်တော်လည်း ခပ်တည်တည်နှင့် ဆက်နင်း လာပါတယ်။ သူတို့နား ရောက်တော့ ရဲက ကားပေါ်က ဆင်းပြီး ကျွန်တော့ကို တားကာ သီချင်း နားထောင်နေတယ် ဆိုလျှင် ညာဘက်ကို ကပ်ပြီး မောင်းသင့်ကြောင်း ပြောပါတယ်။ ကျွန်တော်လည်း သဘောပေါက်ပြီး ညာဘက်ကို ကပ်နင်း ပေးလိုက်ရပါတယ်။ နှလုံးခုံ တာတော့ နည်းနည်း မြန်သွားပါတယ်။ ဒါပေမယ့် မောင်မင်းကြီးသားတွေ ဘာမှ ပြဿနာ မရှာခဲ့ပါဘူ။ ရဲကား ပျောက်သွားတော့မှ သက်ပြင်း ချနိုင် ပါတော့တယ်။


~ ထောင်နုတ်ခမ်းဖျားကကျွန်တော် ~

ဒီအလွဲကတော့ အဆိုးတကါ့ အဆိုးဆုံး အလွဲပါ။ ကျွန်တော့ရဲ့ ကုသိုလ်ကံ ကောင်းလွန်းတာကြောင့် ထောင်ထဲ မဝင်လိုက် ရတာလို့ ဆိုနိုင်ပါတယ်။ ဘယ်လိုမှ မထင်မှတ်ထား၊ ဘယ်လိုမှ ကြိုမတွေးထား မိတဲ့ ဖြစ်ရပ်တစ်ခုပါ။ ကုမ္ပဏီက ကားလိုင်စင် အတွက် လျှောက်လွာ တင်ထားပေးတုန်း၊ ထင်ထားတာက လိုင်စင်ရုံးသွား လိုအပ်တာကို တဆင့်ခြင်း ဖြေဆိုရမယ် ထင်လို့ ကြိုတင် ပြင်ဆင်တဲ့ အနေနှင့် သူငယ်ချင်း တစ်ယောက်ရဲ့ ကားကို ယူမောင်းမိတာက စတာပါပဲ။ ကျွန်တောတို့ နေတဲ့ နေရာက free zone လို့ခေါ်တဲ့ free port အထဲမှာပါ။ ခြံဝင်း အကြီးကြီး ခတ်ထားပြီး အဲဒီ ဝင်းအတွင်းမှာ နေတာပါ။ ပထမ ၄၊၅ ရက်တုန်းကတော့ ခြံဝင်းရဲ့ အတွင်း လမ်းတွေမှာ စမ်းမောင်းကြည့်တာ။ စမ်းမောင်းတယ် ဆိုတာကလည်း အော်တို ဂီယာ သိပ် မမောင်းဘူးတော့ အထာ သိအောင်လို့ပေါ့။ အဲဒီတုန်းကတော့ ဘာမှ ပြဿနာ မရှိခဲ့ဘူး။ တစ်နေ့ ဖြစ်ချင်တော့ ညဘက် ခြံဝင်း ပါတ်ပါတ်လယ်မှာ လမ်းတွေ့လို့ ၄၊၅ ပါတ် မောင်းတော့မှ ရဲတွေရော အစောင့်တွေပါ ရောက်လာပြီး ပြဿနာ အကြီးအကျယ် ရှာပါတော့တယ်။ အမှန်တော့ အဲဒီလမ်းက ရဲတွေ ကင်းလှည့်ဖို့ ဖေါက်ထားတဲ့ လမ်းတဲ့။ ကျွန်တော်လည်း ဘယ်သိမလည်း။ အခုတော့ ပြဿနာ က တော်တော်ကြီးနေပြီ။ အဆိုးဆုံးက ကျွန်တော့မှာ ကားမောင်းလိုင်စင် မရှိဘူး။ ဒီနိုင်ငံမှာ လိုင်စင် မရှိပဲ ကားမောင်းရင် ထောင်ကျရင်ကျ၊ မကျရင် အိမ်ပြန်အပို့ခံရတယ်တဲ့။ ကိုယ်လည်း မသိဘူးမဟုတ် သိသည်၊ ဒါကြောင့်မို့လည်း လမ်းပြင် ထွက်မောင်းတာ မဟုတ်ပဲ ဝင်းအတွင်းမှာ မောင်းတာ။ သို့ပေသိ ရဲနှင့်မှ ပက်ပင်းတိုးတော့ ဘာလုပ် ရမှန်းမသိ။ ကံကောင်း ချင်တော့ ကျွန်တော်တို့ နှင့် အလုပ် အတူလုပ်တဲ့ ကုလားက လုံခြုံရေး ကုလားကို ကုလားလို ပြောပြီး ကျွန်တော့မှာ လိုင်စင် မရှိတဲ့ အကြောင်း၊ ဒါကြောင့် အာရပ်ရဲကို ကြည့်ဖြီး ပေးပါဆိုပြီး လိုင်စင်ရှိတဲ့ ကျွန်တော့ သူငယ်ချင်းကို ထိုးကျွေး လိုက်တော့မှ နည်းနည်းပါးပါး ဝါနင် ပေးပြီး ရဲက ပြန်သွားပါတယ်။ ဟူး.. ကျွန်တော် အတော် ကံကောင်းတယ် ဆိုရမယ်။ ရဲက ကားသာ မှတ်မိပြီး ညဘက် ဖြစ်နေတာကြောင့် ဘယ်သူမောင်းတယ် ဆိုတာ သေသေချာချာ မသိတာက တကြောင်း၊ လုပ်ဖေါ်ကိုင်ဖက် ကုလားလေးက အကူအညီ ပေးတာက တကြောင်း၊ လိုင်စင် ရှိတဲ့ သူငယ်ချင်းက ဝင်ရောက် အကြွေးခံတာက တစ်ကြောင်း တို့ကြောင့် ဘာမှ ပြဿနာ ကြီးကြီးကျယ်ကျယ် မတက်ပဲ ပြီးဆုံးသွားပါတယ်။ နို့မို့ ပြည်တော်ပြန်မလှ၊ နာမည်ဆိုးနှင့် ကျော်ကြားရတော့မယ့် အဖြစ်။

~ မှတ်တမ်းဝင်သွားတဲ့ကျွန်တော် ~

ယူအေအီးမှာ ကားမောင်း လိုင်စင် ရဖို့ဆိုတာ အခုခေတ် “စလုံး”မှာ PR လျှောက်တာထက် အများကြီး ပိုခက်ခဲတယ်လို့ ပြောရင် ပိုတယ်လို့များ ဆိုကြမလား။ လိုင်စင် ရဖို့အတွက် အနည်းဆုံး တစ်နှစ်လောက် အချိန်ပေး ဖြေဆိုရတယ်လို့ ပြောရင် အံ့သြကြ မလားပဲ။ ဒါတကယ့် အမှန်တရားပါ။ တချို့ဆို ၃ ၊ ၄ နှစ်နေမှ လိုင်စင်ရတယ်လို့ ပြောကြတာ ကြားဖူးပါတယ်။ ဒီနိုင်ငံမှာ ကားကလည်းပေါ ဈေးကလည်းချို လူတိုင်းကလည်း ဘဏ်ချေးငွေနှင့် ဝယ်နိုင်ကြတော့ လိုင်စင်သာ လွယ်လွယ်ကူကူ ထုတ်ပေးလိုက်ရင် တစ်နေ့နေ့ သေမယ့်သူတွေ ဆေးရုံရောက်မယ့် သူတွေ နည်းမှာ မဟုတ်ဘူး။ အခုတောင် မတော်တဆ ဖြစ်မှု့တွေ ခဏခဏ ဖြစ်တာ မျက်မြင် ကိုယ်တွေ့ပဲ။ အဲဒါကြောင့် လိုင်စင်ကို လွယ်လွယ် မထုတ်ပေးဘူးလို့ သိရတယ်။ ဘယ်လောက် ကျွမ်းကျွမ်း အနည်းဆုံး Road Test ချည်းပဲ ငါးခါ ခြောက်ခါ ဖြေမှ အောင်လေ့ ရှိတယ်။ ဖြေချင်တဲ့ အချိန်တိုင်းလည်း ဖြေလို့မရဘူး၊ တစ်ခါ ကျပြီးရင် နောက်တစ်ခါ ပြန်ဖြေဖို့ နှစ်လ သုံးလ အလှည့် စောင့်ရတယ်။ မစောင့်နိုင်ရင် အမြန်ကြေးပေး၊ အမြန်ကြေးကလည်း တနင့်တပိုးကြီးပဲ။ ဘယ်သူမှ မပေးကြဘူး။ ဒီတော့ လိုင်စင်ရဖို့ နှစ်နှင့်ချီ ကြာတာ ဘာဆန်းတုန်း။ အဲ… သိပ်ကံကောင်းတဲ့ ကျွန်တော့ အတွက်တော့ တစ်ပါတ်လောက်ပဲ စောင့်လိုက်ရတယ်ဗျ။ အကြောင်းကတော့ Sheikh လို့ ခေါ်တဲ့ သူတို့ဆီက အုပ်ချုပ်သူ လူတန်းစားတွေရဲ့ လက်မှတ် ပါလို့ပဲ။ ဘယ်လိုရလဲ ဟုတ်လား..။ ကျွန်တော်လုပ်နေတဲ့ ကုမ္ပဏီက အဲဒီ ရှိတ် အတွက် ဒေါ်လာ သန်းနှင့်ချီပြီး ရှာပေး နေလို့ပါပဲ။ ဒီနေရာမှာ ပြောစရာ တစ်ခု တိုးလာပြန်တယ်။ တင်းပေးထားတာ နှစ်ယောက်ဗျ။ တရုပ်တစ်ယောက်နှင့် ကျွန်တော်ပေါ့။ လိုင်စင် သွားထုတ်တော့ တရုပ်က လွယ်လွယ်ကူကူ ရပြီး ကျွန်တော်က လိုင်စင်ရဖို့ နောက်ထပ် နှစ်ရက်လောက် ထပ်စောင့် လိုက်ရပါတယ်။ ဗျာ.. ဘာကြောင့်လည်း ဟုတ်လား.. ဗမာ မို့လို့ပေါ့ဗျာ။။ ဘာဆိုင်လို့လည်း ဟုတ်လား.. ဒါတော့ မသိဘူးဗျ.. ဒါပေမယ့် ကဒ်ထုတ်ပေးဖို့ file ဖွင့်တော့ ဗမာပြည်ဆိုတာ သူတို့ စာရင်းထဲမှာ မရှိလို့တဲ့။ အဲဒီ ပြဿနာကိုလည်း တော်တော် ရှင်းရတယ်။ ပြေလည် သွားပြန်တော့လည်း ဗားမားနှင့် မြန်မာ အမည် နှစ်မျိုး ဖြစ်နေလို့ ဘယ်နံမည်နှင့် ထုတ်ပေးရမလဲ ဆိုတဲ့ ပြဿနာ ထပ် ပေါ်လာပြန်တယ်။ အဲဒီပြဿနာ ပြေလည်သွား ပြန်တော့လည်း ဗမာပြည်က လိုင်စင်ကို ဒဲ့ လဲပေးတဲ့ မှတ်တမ်း မရှိခဲ့လို့ ခွင့်ပြုချက် ယူရအုံးမယ် ဆိုတဲ့ ပြဿနာ ထပ်ပေါ်လာပြန်တယ်။ နောက်ဆုံး တော့လည်း Sheikh လက်မှတ်နှင့် ဆိုတော့ လိုင်စင် ထွက်လာတယ် ဆိုပါစို့။ ကျွန်တော့ အနေနှင့်က Road Signs လေးတွေတောင် မဖြေလိုက်ရပဲ သူများတွေ ငွေကုန်ခံ အချိန်ကုန်ခံ လူအပင်ပန်းခံ ဖြေဆိုတာတောင် တော်တော်နှင့် မရတဲ့ လိုင်စင်ကို ဘာမှ မလုပ်လိုက်ရပဲ ကံကြမ္မာက ယူပေးလိုက်ပါတယ်။ ယူအေအီးမှာ ပထမဦးဆုံးသော ဒဲ့လဲခွင့် ရတဲ့ ဗမာပြည်သား ဖြစ်တယ် လို့လည်း မှတ်တမ်းအရ သိလိုက်ရပါတယ်။ ကဲ.. သံချောင်းတို့ ကံကောင်းချက်များ ပြန်ပြောင်း ပြောရရင်တော့…။ ဒီအလွဲ ကတော့ အလွဲကောင်းလေး ပါပဲဗျာ..နော…။

Friday, August 15, 2008

တခြမ်းပဲ့အတွေးများ

♫♫♫ ငါလည်းပဲ.. လူ့ဘဝမှာ.. တင်ခဲ့တဲ့.. ကြွေးများစွာ… လာပေးဆပ်တဲ့.. ဧည့်သည်ပါ..ရေး.. ရေ.. ရေး… ရေ .. ငါ့ဘေးနား.. မင်းခဏ..မှေးစက်လိုက်ပါ.. ဘဝရဲ့အမောများ..မေ့ထားပြီး…ချန်ထားပြီး.. ♫♫♫

### အာသီသ ###

ဟူး… မွန်းကြပ် လိုက်တဲ့ ဘဝ.. မိုလင်း မိုးချုပ် ဒါတွေပဲ ထပ်ခါ ထပ်ခါလုပ်၊ ချုပ်နှောင်ခြင်း ခံထား ရတာလား.. ကိုယ်တိုင်က အချုပ်နှောင် ခံလိုက် တာလားလည်း မတွေး ချင်တော့၊ ထွက်ပေါက် တွေ့မလား ရှာဖွေရင်း ပင်လယ်ကမ်းခြေ တစ်နေရာကို လမ်းလျှောက်၊ အတွေးစ တွေကတော့ မပျောက်၊ ရေမျက်နှာပြင် နှင့် ကောင်းကင် ထိစပ် နေတဲ့ မိုးကုတ် စက်ဝိုင်းထဲ အတင်း တိုးဝင် နေတဲ့ နေမင်းကြီးနှင့် အိပ်တန်းပြန် wild duck တွေ အုပ်စုလိုက် ပျံသန်း နေတာ ကြည့်ရင်း တခဏတာ အေးချမ်းမှူ့ တစ်မျိုး ခံစား လိုက်ရသလို ရှိပေမယ့် နေမင်းကြီး ပျောက်ကွယ် သွားတာ၊ wild duck တွေ မရှိတော့ တာကို ကြည့်ပြီး ဝမ်းနည်း သလိုလိုပဲ။ ဒီနေရာမှာ နေဝင်ချိန် ဆိုပေမယ့် ကမ္ဘာရဲ့ တခြား တခြမ်းမှာ နေထွက်ချိန်ပေါ့…ဒါဆို ချုပ်ဆုံးခြင်း နှင့် အသစ် တဖန် မွေးဖွားခြင်းပေါ့။

ငါ့ကို တခဏတာ အေးချမ်းမှူ့ ပေးနေတဲ့ နေမင်းကြီးနှင့် ရေဘဲတွေက ဘာကြောင့် ပျောက်သွား ရတာလည်း။ သူတို့ ရှိနေ သေးရင် ငါ့မှာ အေးချမ်းမှူ့ တဒင်္ဂ လောက်တော့ ရနေနိုင် သေးတာပေါ့။ ဒါဖြင့် သူတို့ ဘာကြောင့် ပျောက်သွား ရတာလည်း၊ ငါမှာရော ဘာကြောင့် တားနိုင်တဲ့ အစွမ်း သတ္တိ မရှိရ တာလည်း။ သူတို့ကို ငါတား နိုင်ရင် ငါမှာ အေးချမ်းမှူ့ တခဏတာ လောက်တော့ ရနေ နိုင်တာပေါ့။ ဟား.ဟား… တော်တော် ရီချင်စရာ ကောင်းတဲ့ အတွေးပဲ၊ လောကကြီးမှာ ဘာများ အစိုး ရတာ ရှိသလဲ စဉ်စား ကြည့်ပါအုံး..။ အားလုံး အနိစ္စ ဒုက္ခ အနတ္တ ကလွဲ ဘာဖြစ် အုံးမလဲ..။ နယူတန်ရဲ့ သီအိုရီ အရ အရာဝတ္ထု တိုင်းဟာ ရပ်နေဖို့ပဲ အားသန်တယ် ဆိုပေမယ့် အိုင်းစတိုင်းရဲ့ အရာရာ တိုင်းဟာ တစ်နေရာ ထည်းမှာ ရပ်တည် မနေဘူး၊ အမြဲတမ်း ရွေ့လျှား နေတယ် ပြောင်းလည်း နေတယ် ဆိုတဲ့ စင်္ကြာဝဠာ သီအိုရီက ပိုမို လက်တွေ့ ကျနေ သလိုပဲ။ ပြန်စဉ်းစား ကြည့်ပါအုံး ငါ ၊ ငါ့ဥစ္စာ ၊ ငါ့ခန္ဓာလို့ ပြောနေ ကြပေမယ့် ဘယ်ဟာက အစိုးရ လို့တုန်း၊ ကိုယ်ပိုင်တယ် ထင်တဲ့ ဒီခန္ဓာကြီး ကိုတောင် မအိုပါနှင့် မနာပါနှင့် မသေပါနှင့် လို့ တားနိုင် ကြလို့လား။ ..အော်..ခက်ပြန် ပါပြီ စိတ်နှင့် ကိုယ်နှင့် ရန်ဖြစ် နေကြ ပြန်ပြီ ၊ မလန်းရတဲ့ အထဲ ပဋိပက္ခ တွေက တစ်မှောင့်။

ဝင်သွားတဲ့ နေကို တမ်းတ နေမယ့် အစား အခြား တခုကို အာရုံ ပြောင်းတာ ကောင်းပါ တယ်လေ၊ ဟော..တွေ့ပြီ အာရပ်မနှင့် လမ်းလျှောက်တတ် ကာစ ကလေးလေး တစ်ယောက်၊ သားအမိတွေ ကန္တာရ မြက်ခင်းပြင် ပေါ်မှာ ဆော့ကစား နေလိုက် ကြတာ၊ သူတို့ကို သွားမေး ရင်တော့ လူဘဝ ဆိုတာ သုခဘုံ လို့ပဲ ဖြေမှာ အသေချာပဲ။ ကလေးလေးကို ကြည့်ပြီး သူဘယ်က လာသလဲ၊ ငါရော ဘယ်က လာသလဲ၊ လူတွေ အားလုံးရဲ့ အစက ဘယ်မှာလည်း၊ အာဒံ နှင့် ဧဝလား၊ ဗြမ္မာကြီး လေးပါးကလား၊ ဒါမှမဟုတ် ဒါဝင်ရဲ့ သီအိုရီက အမှန်လား…၊ ဆရာတော်တပါး ဟောကြားတာ နာကြား ဘူးတာက လူတွေဟာ အပယ်ဘုံက လာကြတာ… ဂင်္ဂါ ဝါဠု သဲစုမက များပြား လှတဲ့ ဘုရားတွေ ပွင့်ပြီးတာ တောင်မှ အခုထက်ထိ ကျွတ်တမ်း မဝင် နိဗ္ဗာန် မမြင် ရှိနေ သေးတာ အပယ်ဘုံ ရောက်နေလို့၊ ပွင့်တော် မူပြီးတဲ့ လမ်းပြ ပေးမယ့် ဘုရားတွေနှင့် လွဲလွဲ နေလို့ ပါတဲ့..။ အော်.. ညစ်နေ ပါတယ် ဆိုမှ ဘာအတွေးတွေ ဝင်လာ ပြန်တာတုန်း ဒုက္ခပဲ ..အင်းလေ..တစ်ယောက်တည်း ဆိုတော့လည်း စကား ပြောစရာ အဖေါ်မရှိ ၊ တစ်ခုခုကို စဉ်းစား တွေးခေါ် နေတာ ကလည်း မဆိုး ပါဘူးလေ.. ဖျော်ဖြေမှူ့ တစ်ခု ပဲပေါ့။

လူ့ရဲ့ အစကို ဖေါ်နိုင်ဖို့ မဖြစ်နိုင်သလို ဖေါ်နိုင်ရင်လည်း ဘာအကျိုးများ ရှိနိုင်အံ့၊ မရေမတွက် နိုင်အောင် များပြား လှတဲ့ သတ္တဝါ တွေရဲ့ အစ ဆိုတာ ဘယ်မှာ ရှာဖွေ ရမလဲ၊ အဲ…ဟုတ်ပီ သတိရပီ.. မြတ်ဗုဒ္ဓရဲ့ ဘဝ သံသရာ ဆိုတာကရော.. ၃၁ ဘုံသား ဆိုတာ ကရော… ပဠိစ သမုပါဒ် ဆိုတဲ့ အကြောင်းကြောင့် အကျိုး ဖြစ်တယ် ဆိုတာ ကရော.. အင်း.. နည်းနည်းတော့ လမ်း ပွင့်လာပြီ။ အီး.. လမ်းလျှောက်တာ များလို့ ဗိုက်က တောင်းဆို လာပြန်ပြီ၊ ဘဝ ပြဿနာ ခဏ အသာထား လောလောဆယ် မဖြစ်မနေ ဗိုက် ပြဿနာ ဖြေရှင်း ရတော့မယ်။ သမုဒ္ဒရာ ဝမ်းတထွာ ဘယ်တော့မှကို မပြည့်နိုင်ဘူး မဖြည့်ပြန်တော့လည်း ပြဿနာ၊ ဖြည့်ပြန်တော့လည်း အဆီအဆိပ် များလို့ ခေါင်းမူးရ သွေးတက်ရနှင့် ဘယ်မှာများ သုခ ရှိပါ၏တုန်း… ဘာဂါနှင့် အအေးတစ်ခွက် မှာပြီး မြင်ကွင်း ကောင်းတဲ့ နေရာကို ရွေးထိုင် လိုက်မိချိန် ဘေးနားက ဖြတ်သွားတဲ့ ရှီရှား(အာရပ်ဆေးပြောင်း)အနံ့ မွှေးမွှေးလေးက တဏှာကို ထပ်မံ နိုးဆော် လိုက်ပြန်တော့ အထိန်းကွပ် မဲ့နေတဲ့ စိတ်က ကာရကံ မြောက်စေဖို့ တွန်းအားပေး၊ နောက်ဆုံး ရလာဒ် ကတော့ ရှီရှားပါ ပေးပါ။

ဆိုင်မှာ ထိုင်နေရင်း အဝေး တစ်နေရာကို မျှော်ကြည့် လိုက်တော့ အာပါး.. လူ တော်တော် များပါလား.. အော်.. ဟုတ်သားပဲ ဒီနေ့ သောကြာနေ့လေ.. ကိုယ်စီ ကိုယ်ငှ အားလပ်ခြင်းနှင့် လွတ်လပ်ခြင်း အရသာကို ခံစား နေကြတာ။ စကားဖေါင်ဖွဲ့တဲ့ သူက ဖွဲ့ ဘော်လုံးကန်တဲ့ သူက ကန် ထမင်းချိုင့် ကလေးတွေနှင့် စုဝေး စားသောက် သူတွေက စားသောက်၊ ခွေးကျောင်းတဲ့ သူက ကျောင်း၊ ကလေးနှင့် ဆော့တဲ့သူက ဆော့၊ အော်…ပန်ချီကား တစ်ချပ်လို ပါပဲလား… သူတို့ အားလုံး ငါ့လို အရေမရ အဖတ်မရ ဟိုတွေး ဒီတွေး လုပ်နေတာ တစ်ယောက်မှ မတွေ့ပါလား အဲဒါ ဘာ့ကြောင့် ပါလိမ့်။ အတွေးတွင်းထဲ နှစ်နေချိန် သတိလက်လွတ် အားရပါးရ ရှူလိုက်မိလို့ ထွက်လာတဲ့ ချောင်းဟပ်သံ နှင့်အတူ “အ..လ္လာဟ်”ဆိုတဲ့ ဘုရားရှိခိုး အသံ ကြားတော့မှ အတွေးထဲက ပြန်နိုးလာ.. အဲ.. သိပ်မကြာ လိုက်ဘူး အတွေး ကမ္ဘာထဲ ပြန်ရောက်သွား ပြန်ရော။

ဒီလူတွေ တစ်နေ့ကို ငါးကြိမ်ကျ ဘုရား ရှိခိုး နေတာ ဘာများ ထူးခြားးလို့ ပါလိမ့်၊ သူတို့ ယုံကြည် ထားသလို သူတို့ရဲ့ ထာဝရ ဘုရားသခင်က အမြဲတမ်း ကောင်းချီး ပေးနေတာ ပဲလား၊ ဒါဆို ခုနက တွေ့ရတဲ့ လူတွေ အားလုံး အပူပင် ကင်းမဲ့နေတာ ဖန်ဆင်းရှင် ထာဝရ ဘုရားသခင်ရဲ့ ဂရုဏာတော် ကျေးဇူးတော်တွေ ကြောင့်လား၊ ဒါဆို တကမ္ဘာလုံးမှာ ရှိတဲ့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်နေ ကြတဲ့ လူတွေ ထာဝရ ဘုရားသခင်ကို ယုံကြည်ပြီး ကိုးကွယ်လိုက်ရင် ဒီ ဆင်းရဲခြင်းတွေ အားလုံးကို ဘုရားသခင်က ကုစားပေးမှာလား၊ အင်း.. ထားပါတော့လေ နောက်တစ်ခုက အခုလက်ရှိ ထာဝရ ဘုရားသခင်ကို ယုံကြည် နေကြတဲ့ လူတွေ အားလုံးရော တန်းတူ ညီမျှ ပျော်ရွှင် ချမ်းမြေ့မှု့ ရကြ ပါရဲ့လား၊ ဒါဆို ဘာကြောင့် ချမ်းသာ ဆင်းရဲ ၊ ပညာရှိ ပညာမဲ့ ၊ အာဏာရှိ အာဏာမဲ့ ၊ သန်စွမ်းသူ မသန်းစွမ်းသူ ၊ အယုတ် အလတ် အမြတ် ၊ ကွဲပြား နေကြတာလည်း..အာ… တော်ပါပြီ ထပ်တွေး နေရင် ထပ်ရှုပ် နေအုံးမယ် ပြန်တာ ကောင်းပါတယ်လေ..။

ပိုက်ဆံ ရှင်းပြီး ဘာမှ မတွေးတော့ဘူး ဆိုတဲ့ အတွေးနှင့် အမ်ပီသရီး ပလေရာကိုဖွင့်၊ နာကြပ် နားထဲထည့်၊ နားဒုက္ခ ဆင်ရင်း လာရာ လမ်းအတိုင်း အိမ်ပြန် အလာ…..

♫♫♫ ငါလည်းပဲ.. လူ့ဘဝမှာ.. တင်ခဲ့တဲ့.. ကြွေးများစွာ… လာပေးဆပ်တဲ့.. ဧည့်သည်ပါ..ရေး.. ရေ.. ရေး… ရေ .. ငါ့ဘေးနား.. မင်းခဏ..မှေးစက်လိုက်ပါ.. ဘဝရဲ့အမောများ..မေ့ထားပြီး…ချန်ထားပြီး.. ♫♫♫

ဟူး… ကောင်းလိုက်တဲ့ သီချင်း.. အင်း.. နောက်နေ့ အတွက် တွေးစရာ တစ်ခု ထပ်ရပြီပေါ့….။
++++++++++


Saturday, July 26, 2008

မတူညီတဲ့ တူညီမှူ့

***********
အာသီသ
************
"သားကို အဖေ့ရဲ့ အချိန်ထဲက တစ်နာရီလောက် ပြန်ရောင်းပါ…ရော့ပိုက်ဆံ…သား..အဖေနှင့် ညစာ အတူစားချင်လို့ပါ"
++++++++++

အဲဒါက was the money really worth it? ဆိုတဲ့ အထဲက ကောက်နုတ်ချက်။ ပိုက်ဆံချည်း ကုန်းရုန်း ရှာနေရလို့ သားအတွက် အချိန် မပေးနိုင်တဲ့ အဖေ့ဆီမှာ အဖေနှင့်အတူ ညစာစားချင်လို့ အဖေဖြစ်သူဆီက အချိန်ပြန်ဝယ်တဲ့ ဇာတ်လမ်း။
+++++++++++
အဲဒီ ပုံတိုပတ်စလေးကို ဖတ်ဖူးတာ ကြာပီ၊ အားလုံးလည်း ဖတ်ဖူးပြီးသား ဖြစ်မယ် ထင်ပါတယ်။ ပြီးခဲ့တဲ့ အပါတ်ကမှ သူငယ်ချင်းတွေ အချင်းချင်း ပြန်လည် လက်ဆက်ကမ်း ဖြန့်ဝေလာတာ တွေ့ရတော့ နောက်တစ်ခေါက် ပြန်ဖတ်မိပြန်ရော.. ကောင်းလွန်းလို့ ထပ်ခါထပ်ခါ ဖတ်ရင်း ကိုယ့်ကိုကိုယ် ငါရော အဲလို ဖြစ်နေလားဆိုပြီး ပြန်မေးရတဲ့ အထိပဲ ဆိုပါတော့။ was the money really worth it? ကိုဖတ်အပြီး ကျွန်တော့စိတ်ထဲမှာ ပြန်ပေါ်လာတာက အဲဒီအထဲမှာပါတဲ့ ဇာတ်လမ်းနှင့် ဇာတ်အိမ်တူပြီး ဇာတ်လမ်းကွဲတဲ့ အဖြစ်အပြက်တစ်ခု………

လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကာလ ကန်ဘောက်မှာ ရတနာဓါတ်ငွေ့ပိုက်လိုင်း ဆွဲတုန်းက အလုပ်အတူတူလုပ်ရင်း ခင်မင်ခဲ့ရတဲ့ အစ်ကိုကြီးတယောက် ရှိဖူးတယ်။ သူ့အသက်က အဲဒီတုန်းကတည်းက ငါးဆယ်ကပ်နေပြီ။ သူလည်း ဘူမိဗေဒနှင့် ကျောင်းပြီးတော့ မေဂျာတူတွေမို့ ညီအစ်ကိုအရင်းတွေလို ခင်သွားတာ။ အလုပ်အားတဲ့ အချိန်တွေမှာ သူ့အကြာင်း ကိုယ့်အကြောင်း ပြောဖြစ်ကြရင်း သူ့မိသားစုအကြောင်း နည်းနည်းပါးပါး သိရတယ်။ သူ့မှာ အပျိုဖေါ်ဝင်စ သမီးလေး တစ်ယောက်ရှိတယ်။ ဒီပရော့ဂျက်မှာ မလုပ်ခင်က သူတို့မိသားစုဟာ သိမ်မချောင်လည်ကြဘူး။ စားသောက်ရုံပဲ လောက်ငှတယ်၊ အပိုမသုံးနိုင်ဘူး။ ခက်တာက သမီးလေးကလည်း အပျိုဖြစ်ကာစ ၊ ကလေးဆိုတော့ လှချင်ပချင် ဝတ်ချင်စားချင် ဆိုသော်လည်း သူများတွေလို အပိုမသုံးနိုင်တော့ သူခမျာ စိတ်သွားတိုင်း ကိုယ်မပါဘူး။ သူ့အဖေခမျာလည်း သူ့သမီးလေးကို သူများတွေလို တန်းတူ ဆင်ယဉ် ချင်ပါသော်လည်း ဝင်ငွေကမကောင်းတော့ စိတ်မကောင်းရုံကလွဲ မတတ်နိုင်ဘူး။

တစ်နေ့ ကံကောင်းထောက်မလို့ ရတနာပိုက်လိုင်း ပရော့ဂျက်မှာ အလုပ်ရတော့ မိသားစုအားလုံး ဝမ်းသာကြတာပေါ့။ ရတဲ့ လခကလည်း ဒေါ်လာ တစ်ထောင်နီးပါး ဆိုတော့ အဲဒီတုန်းက ငွေလည်းနှုန်းက ၁၆၀ ပဲ ရှိတယ် ဆိုပေမယ့်လည်း အခုခေတ် လူကြိုက်များတဲ့ အလယ်အလတ် ကားတစ်စီးမှ သုံးသိန်းပဲ ပေးရတဲ့ခေတ်။ သုံးလလောက် လုပ်လိုက်ရင် ကားဝယ်စီးနိုင်တဲ့ ဝင်ငွေမျိုး။ အဲဒါနှင့် အလုပ်လုပ်တယ်ဆိုပါတော့။ အဲဒီတုန်းက သုံးလလုပ်ရင် တစ်လ အနားရတယ်။ အကယ်၍ အိမ်မပြန်ဘူးဆိုရင် အဲဒီ့လအတွက် လုပ်အားခ နှစ်ဆရတယ်။ အဲဒီတော့ သူအိမ်ပြန်ချင်ပါသော်လည်း ငွေတစ်မျက်နှာ တစ်ရွာထင်ပြီး ဆက်နေလိုက်တာ မိုးတွင်းရောက်လို့ အလုပ်နားချိန်အထိပဲ။ လစဉ် ရတဲ့လခကို ရန်ကုန်က အိမ်သူသက်ထားနှင့် အကုန်လွဲထားတော့ သူ့သမီးလေးလည်း အခုမှ သူများတွေလို စပြီး သုံးနိုင်ဖြုန်းနိုင် ဝတ်နိုင်စားနိုင် ဆန္ဒပြည့် ပျော်နေရှာလေရဲ့။

အဲဒီတုန်းက မိုးတွင်းနှစ်လ သုံးလလောက်က လူအနည်းစုကလွဲပြီး အကုန်အိမ်ပြန်နားရတယ်။ မိုးရွာရင် အလုပ်ဆက်လုပ်လို့ မရဘူး။ ကန်ဘောက်က မိုးများတယ်။ နားတဲ့ လတွေအတွက်တော့ ပိုက်ဆံမရဘူး။ ရှစ်လ တစ်နှစ်လောက် အိမ်မပြန်ရပဲ ဆက်တိုက်ဆွဲရတယ် ဆိုပါတော့။ အလုပ်ထဲမှာလည်း နားရက် လုံးဝမရဘူး။ အိမ်ပြန်ရမယ် ဆိုတော့ အပျော်ကြီး ပျော်နေရှာတာပေါ့။ အိမ်ပြန်ရာ လမ်းတစ်လျှောက်လုံးလည်း မိသားစုနှင့် တွေ့ရတော့မယ် ဆိုပြီး သီချင်းတဆိုဆိုနှင့်။ အမှန်တစ်ကယ်က သူ ဒီအလုပ်ကို လုံးဝလည်း မလုပ်ချင် လုပ်လည်း မလုပ်နိုင်ရှာဘူး။ ဘာကြောင့်လည်း ဆိုတော့ အသက်ကလည်းကြီး အလုပ်ကလည်းကြမ်း နားရက်ကလည်း မရှိဆိုတော့ ဘယ်ချောင်ပါ့မလဲ။ ဒါပေမယ့် သားဇော သမီးဇောနှင့် ဆိုတော့ ဖြစ်ညှစ်ပြီး လုပ်လိုက်တော့လည်း နေသား ကျသွားရော။ အိမ်ပြန်ရောက်လို့ အိမ်တစ်ခါးဝ ရောက်တော့ ဆီးကြို နေလိုက်ကြတာ သူရဲကောင်းကြီး တစ်ယောက်လိုပဲ။ အဲ..ဒါပေမယ့် ထိုင်တောင် မထိုင်လိုက်ရသေးဘူး အလွန်ချစ်ရတဲ့ သမီးကလေးရဲ့ အမေးစကားကြောင့် အမောဆို့သွားရတဲ့ အဖြစ်ကို နောက်နေ့ ဘီယာဆိုင်ရောက်လို့ ပြောပြတော့မှ အားလုံး ငိုအားထက် ရီအားသန်သွားရတယ်။ သူ့သမီး မေးလိုက်တဲ့ မေးခွန်းက “အဖေ….အဖေဘယ်တော့ ပြန်သွားမလဲဟင်” ဆိုတာပါပဲခင်ဗျား။

အဲဒီ ဇာတ်လမ်းကလေးက was the money really worth it? နှင့် ဆင်တူပေမယ့် ဖခင်ဆီကနေ ကလေးတွေ ရချင်တဲ့ အရာတွေမှာ ကွာခြားချက် ရှိနေတာကို တွေ့ရတယ်။

ကျွန်တော် ဒီတစ်ခေါက် ခွင့်ပြန်ပြီး တစ်လပြည့်လို့ အလုပ်ပြန်ရမယ် ဆိုတော့ လေးနှစ်ရွယ် သမီးလေးက “မပြန်ပါနှင့် ပါပါးရယ်..သမီးနှင့်ပဲ အတူနေပါ..သမီး အပြင်ထမင်းဟင်း မုန့်တွေ မစားတော့ပါဘူး အိမ်ထမင်းဟင်းပဲ စားပါတော့မယ်” လို့ပြောလို့ heart ထိသွားသေး။ အဖေပိုက်ဆံ သွားမရှာနှင့်တော့ သမီး ပိုက်ဆံ မကုန်အောင် အိမ်ထမင်းဟင်းပဲ စားတော့မယ်လို့ ဆိုလိုတာ။

အကယ်၍ သမီးသာ ကျွန်တော့ သူငယ်ချင်းရဲ့ သမီးလိုမျိုး အရွယ်နှင့် အခြေအနေမှာ ဆိုရင် ဘယ်လိုပြောမလဲ ဆိုတာကို သိချင် နေပါတော့တယ်။
++++++++++

Wednesday, April 30, 2008

လမ်းဖေါက်ခဲ့သူများ..

*********
အာသီသ
*********

လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က ရဲတံခွန်ကနေ ကိုခင်မောင်လွင် ထွက်သွားတော့ ကျန်ခဲ့တဲ့ လူတွေအတွက် မျှော်လင့်ချက် အသစ်သစ်တွေနှင့် ရောင်ခြည်သန်း ကျန်နေခဲ့ကြတယ်။ အစတုန်းကတော့ တော်တော်များများ ရဲတံခွန်မှာ အရိုးထုတ်ဖို့အထိ စိတ်ပိုင်းဖြတ်ထားကြတာ များတယ်။ ဟုတ်လည်း..ဟုတ်တယ်လေ ကိုယ့်ရေမြေမှာ နေပြီး လေးပါတ်လုပ် လေးပါတ်နား၊ လခကလည်း မြန်မာပြည်မှာ ရှာမှရှား ဆိုလေတော့ အားလုံးက သွားရေကျရတဲ့ အလုပ်ပေါ့။ ကာရာအိုကေက ကောင်မလေးတွေဆို ရေနံက အကိုကြီးတွေ ဆိုပြီး တသသပဲ။ ဘယ်မှာလုပ်လည်း မေးလာရင် ဖြေဖို့ အကောင်းဆုံး အလုပ်။ ကမ်းလွန်မှာ လုပ်တာ လခက Bra Bra Bra ဆိုရင်အားလုံးက ကောင်းလိုက်တာ လူလိုရင်ပြောပါအုံး ဆိုတာချည်းပဲ။ အားလုံးလည်း ကိုယ့်အလုပ်အတွက် ကိုယ် ဂုဏ်ယူနေကြတာပေါ့။ အဲ…..ကိုခင်မောင်လွင် ထွက်သွားပြီးတဲ့ နောက်ပိုင်း အားလုံးမျက်စိ ပိုပွင့်လာကြတယ်။ ငါတို့လည်း သူ့လို ကယ်တင်ရှင် ရှိရင် ဖြစ်နိုင်သေးတယ် ဆိုပြီး ကယ်တင်ရှင်ကို မျှော်နေကြတော့တာပေါ့။ လက်ရှိ အလုပ်မှာလည်း ရထူးတိုးလာလို လာငြား၊ လခတိုးလို တိုးငြား ပြိုင်လိုက် ဆိုင်လိုက်ကြနှင့် အားလုံးတက်ကြွတဲ့ ကြက်ဖကလေးတွေ ဖြစ်နေကြတော့တာပေါ့။ အစည်းအဝေးလို နေရာမှာဆို ကိုယ့်ကို သတိထားမိအောင်လို့ အနည်းဆုံးတော့ တစ်ခွန်းစနှစ်ခွန်းစ ဝင်အာလိုက်မှ။ အထက်လူကြီးတွေ သတိထားမိအောင် လုပ်ကြရတာကလည်း အမော။ သိတာလေးတွေကို လျှိုကြရတာကလည်း ပြိုင်ဆိုင်မှူ့ပြင်းထန်ကြောင်း ပြနေတဲ့ သဏ္ဌာန်ရုပ်ပဲပေါ့။ သိပ်မကြာဘူး ကိုတင်ကိုတို့ ကိုအောင်ထွေးဝင်းတို့ ကိုအောင်တို့ တစ်ယောက်ပြီးတစ်ယောက် ပါသွားကြတော့ ပိုပြီး လုပ်ရွလာကြတယ်။ သူတို့ရတဲ့ လခတွေကိုကြည့်ပြီး နွေလယ်အိပ်မက်တွေ မက်ကြတော့တာပေါ့။ ဒီလိုနှင့် အချိန်တွေတဖြည်းဖြည်း ကုန်လွန်လာလိုက်တာ ကယ်တင်ရှင်လည်း ထင်သလိုပေါ်မလာ၊ လက်ရှိအလုပ်မှာလည်း ထင်သလို အခြေအနေတွေ တိုးတက်မလာတော့ နက်ပေါ်တက်ပြီး ကိုယ်ရေးအကျဉ်းတွေ စတင် ပစ်ရတော့တာပေါ့။ အဖြူကောင်တွေ ဆီက ကိုခင်မောင်လွင်ရသလို အကူအညီများ ရမလားဆိုပြီး ဒီကောင်တွေကို မျက်နှာချို သွေးရတာလည်း အမော။ ဒီလိုနှင့် ကြာလေချာလေ လက်ထဲ ရောက်လာတော့ အခြေနေတွေက ပိုချာလာပြီး ထွက်ပေါက်ရှာဖို့အတွက် တွန်းအားတွေ ရလာကြတယ်။


အလုပ်ရှာရာမှာ အတက်ကြွဆုံးကတော့ ကိုဖြိုးကြီး၊ ရှိသမျှ လိပ်စာ အကုန်ပို့တယ်၊ စာပြန်ပြန် မပြန်ပြန် ဂရုမစိုက်ဘူး။ ညဆိုင်းလုပ်ရတိုင်း တစ်ညကို လေးစောင်နှုန်းထားနှင့် နေ့တိုင်းပို့တယ်ဆိုပဲ။ စင်ပေါ်မှာ ရှိသမျှ အဖြူတွေ အားလုံးကိုလည်း အလုပ်တွေ့ရင်ပြောဖို့ အကုန်ပြောထားတယ်။ ဒီလိုနှင့် သူ့အချိန် ရောက်လာရင် ဘယ်သူမှ တားမရဘူး ဆိုတဲ့အတိုင်း မနှစ်က မတ်လမှာ အင်တာဗျူးဖိတ်ခံရတယ်။ တွေဝေနေတုန်း ရချင်တော့ မသွားသွားအောင် အခြေနေလေးတွေက အလိုလိုဖန်းတည်းပေးသလို ဖြစ်လာတော့ သွားဗျူးလိုက်တာ အလုပ်ရသွားတယ်။ အမှန်တကယ်ကတော့ လွယ်လွယ်ရခဲ့တာ မဟုတ်၊ နှစ်နှင့် ချီပြီး ကိုယ်ရေးတွေပို့ စိတ်ရှည်လက်ရှည် ရှာဖွေမှ ရခဲ့တဲ့ အလုပ်ဆိုတော့ အတော် ပေးဆပ်လိုက်ရတာပေါ့။ ဒါတင်ဘယ်ကမလဲ အလုပ်စလုပ်တာနှင့် နာမည်ကောင်းရအောင် ဆိုပြီး ကြိုးစားလုပ်ရသေးတော့ အရင်းအနှီး တော်တော်များတယ်။ အဲဒီလိုနှင့် သူလည်း အလုပ်မှာ နာမည်ကောင်း ရလာတော့ နေရာပေါ်လာတာနှင့် နှစ်ရှည်လများ ဘာမှမလုပ်ပဲ အခွင့်အရေး ချောင်းနေတဲ့ ကျွန်တော်လည်း အခန့်သား အလုပ်ရသွားတာပေါ့။ ဒါပေမယ့် ကျွန်တော့ရဲ့ ထုံးစံအတိုင်း လွယ်လွယ်နှင့်မရ ပြိုင်ဆိုင်ပြီးမှ ရလိုက်တာ။ အခုဆို ကျွန်တော်အပါဝင် ကိုဝင်းစိုးရွှေ ကိုကျော်တင့်တို့ပါ ဒူဘိုင်းမှာ အဆင်ပြေနေကြပြီ။ ကိုဖြိုးကြီးရဲ့ ကျေးဇူးတွေပါ။


ကိုဖြိုးကြီးလို ကြိတ်ပြီး ကိုယ်ရေးတွေ တင်တင်နေတာ နောက်တစ်ယောက် ရှိသေးတယ်။ အဲဒီလူက ကိုမြတ်မင်း (ခ) သူကြီး။ သူလည်း ကိုဖြိုးကြီးလိုပဲ ပစ်နေတာကြာပြီ၊ ဖြစ်ချင်တော့ မနှစ်က သူလည်း အင်တာဗျူး အဖိတ်ခံရတယ်။ သွားဖြေတော့ရတယ်၊ ဒါပေမယ့် လခက အဲဒီအချိန်က ၂၀၀၀ ဆိုတော့ နည်းနည်းအင်ပြီး လေးငါးလကြာမှ သွားလုပ်တာ။ သူ့အပြောအရ ပီစီအမ်အယ်လ်က အပိုဆုကြေး စောင့်နေတာတဲ့။ သူလည်း အားလုံးအပေါ် သဘောကောင်းလို့ ထင်တယ် အလုပ်ဝင်ပြီး သိပ်မကြာဘူး လခ ၁၀၀၀ ထပ်တိုသွားလို့ သူ့ကံကြမ္မာကို သြချကြတယ်။ သူ့ရဲ့ ပထမ အခေါက်မှာပဲ အလုပ်နေရာတွေ ထပ်ပေါ်လာတယ်။ အလုပ်ကလည်း မထွက်ရသေး အားလုံးကိုလည်း ကူညီချင်ဆိုတော့ ကျွန်တော်တို့ သုံးယောက်ကို စီစဉ်ဖို့ အကူအညီတောင်းတယ်။ ကျွန်တော်တို့ကလည်း တက်တက်ကြွကြွ ကူညီတော့ မြန်မာပြည်မှာ အင်တာဗျူဖို့ကိစ္စ အားလုံး အဆင်ပြေသွားတယ်။ ဒီနေရာမှာ ကံကြမ္မာအကြောင်း နည်းနည်းပြေရရင် အခုရသွားတဲ့ ဦးကိုကိုကြီးနှင့် ကိုမျိုးမင်းထွဋ့်တို့ရဲ့ ကံကြမ္မာက အတော့ကို ထူးခြားတယ်။ ဦးကိုကိုကြီးဆို အသက်ကြီးပြီ ဆိုပြီး မထည့်ပေးချင်ကြဘူး။ ဒါပေမယ့် သူကံကောင်းချင်တော့ ကျွန်တော့ကို ပေးထားတဲ့ ကိုယ်ရေးကလည်း ရှိနေတော့ နောက်ဆုံးမိနစ်မှ ထည့်ပေးလိုက်တာ။ ကိုမျိုးမင်းထွဋ့်ကတော့ သူမလုပ်ချင်သေးဘူး၊ ပလက်ဖေါင်းမှာ အတွေ့ကြုံ ယူချင်သေးတယ် ဆိုပြီး ကိုယ်ရေး တော်တော်နှင့် မပို့ပေးလို့ ကိုဝင်းစိုးရွှေခမျှာ ပဲခူးအထိ ဖုန်းဆက်တောင်းတော့မှ နောက်ဆုံးမိနစ်မှာ ရောက်လာတယ်။ အဲဒါနှင့် ကျွန်တော်လည်း နောက်ဆုံးမိနစ်မှ ထည့်ပေးလိုက်ရတယ်။ သူတို့နှစ်ယောက်ကို ရမယ်လို့ လုံးဝ မထင်ထားဘူး။ တခြား ဟော့တဲ့သူတွေ အများကြီး ရှိတော့လေ။ ဒါပေမယ့် သူတို့ ကံကြမ္မာကိုက ဖန်လာလေတော့ နောက်ဆုံး ရသွားကြတာပေါ့။ ကိုမိုးဇော်လွင်နှင့် နောက်တစ်ယောက်လည်း မကြာမှီ ဒူဘိုင်းကို ရောက်လာကြတော့မယ်။ ကိုမြတ်မင်းရဲ့ ကျေးဇူးတွေပေါ့။


အဲ..အခုနောက်တစ်ယောက် ပေါ်လာပြန်ပြီ၊ သူ့နာမည်က ကိုကျော်သူလင်း။ ကိုကျော်သူလင်း အလုပ်ရှာတာ နည်းနည်း ထူးခြားတယ်၊ သူက စင်္ကာပူမှ စင်္ကာပူ၊ စလုံးကို ကိုယ်တိုင် အခေါက်ခေါက်သွားပြီး အလုပ်ရှာတာ။ နောက်ဆုံးတော့ အဆင်ပြေသွားတယ်။ သူလည်း ရဲတံခွန်က လူတွေကို ကယ်ထုတ်ဖို့ ကြိုးစားနေတာ အခု နှစ်ယောက် အဆင်ပြေတော့မယ် ကြားတယ်။ အခြားသူတွေအတွက် အလားလာကောင်းတွေလည်း ရှိနေသေးတယ်ကြားတယ်။


အခုဆိုရင် ကိုအောင်ကျော်ဦး၊ ကိုမြင့်လွင်၊ ကိုသက်ရွှေတို့လည်း ကိုခင်မောင်လွင်နောက် ထပ်လိုက်သွားကြပြီ။ ကိုစောမင်းဦးလည်း ကယ်တင်ရှင် တွေ့လို့ မလေးကို အလုပ် သွားလုပ်တော့မယ်။ နောက်ထပ် သူရဲကောင်းတွေ ဘယ်နှစ်ယောက် ပေါ်လာအုံးမလဲ မသိ၊ အခုလက်ရှိ သူရဲကောင်းလေးယောက် ဖြစ်တဲ့ ကိုခင်မောင်လွင်၊ ကိုဖြိုးဝေအောင်၊ ကိုမြတ်မင်း၊ ကိုကျော်သူလင်း တို့ကို အားလုံးကိုယ်စား ကျေးဇူးတင်ရှိရင်း ဒီနေရာကနေ ဂုဏ်ပြုလိုက်ပါရစေလားဗျာ။

*******

Monday, April 28, 2008

ပေါက်ကရအတွေးစများ


********
အာသီသ
********
မနက်မိုးလင်း အိပ်ရာထ မျက်နှာသစ်လိုက်တာနှင့် ပထမဦးဆုံး တွေ့ရတာက ကိုယ့်ရဲ့မျက်နှာ။ အရင်တုန်းကတော့ သိပ်ပြီး သေသေချာချာ မကြည့်မိ၊ မျက်နှာပဲသစ်ပြီး လုပ်စရာရှိတာပဲ ဆက်တိုက်ဆိုသလို လုပ်လိုက်တာပဲ။ ကိုယ်စိတ်ထဲမှာတော့ ဒီမျက်နှာကြီးက ဒီအတိုင်းပဲ ထင်နေတာပေါ့။ တနေ့က သူငယ်ချင်းတစ်ယောက် ကျောင်းသားဘဝတုန်းက ရိုက်ထားတဲ့ ဓါတ်ပုံကို ပို့ပေးလို့ ကြည့်လိုက်တေှာ့ ငယ်ရွယ်နုပျိုတဲ့ ကျွန်တော့ရဲ့ မျက်နှာကို မြင်လိုက်မှ အား….ပြောင်းလဲခြင်းတွေ တွေ့လိုက်ရတယ်။ စိတ်ထဲမှာတော့ အခုချိန်ထိ ကိုယ့်ကိုကိုယ် အိုတယ်လို့ကို မထင်သေးဘူး။ အတွေးအခေါ် တွေကတော့ အသက်အရွယ်နှင့် လိုက်ဖက်ပြောင်းလည်း လာပေမယ့် ကိုယ့်ရဲ့ရုပ်ခန္ဓာ ကိုတော့ ပြောင်းလည်းလာတယ် ဆိုတာ မသိစိတ်က မသိချင်ယောင် ဆောင်နေတယ် ထင်တယ်။

အခုနှစ်တွေအတွင်း အဖေလည်းဆုံး အမျိုးထဲမှာလည်း ဆုံးပါးမှူ့တွေ္ဂ ရှိနေဆိုတော့ မကြာခဏ ဆိုသလိုပါပဲ ကိုယ်အခု ဘယ်ခရီး ရောက်နပြီလည်း ဆိုတာ တွေးကြည့်မိတယ်။ အထူးသဖြင့် တိတ်ဆိတ် ငြိမ်းသက်လွန်းတဲ အိပ်ရာဝင်ချိန်မှာဆို သေခြင်းတရားအကြောင်း မတွေးပဲ အလိုလို ခေါင်းထဲ ရောက်ရောက်နေတယ်။ တစ်ခါတစ်ခါဆို ငါသေရမှာပါလား ဆြိုပီး ကြောက်တဲ့စိတ်က ဝင်ဝင်လာတယ်။ ပြန်ဆင်ခြင်လိုက်တော့ အော်…အားလုံးဒီလမ်း သွားရမှာပဲလေ ဆိုပြီး တွေးပစ်လိုက်ပေမယ့် ကိုယ်ရနေတဲ့ အခြေနေ မိသားစု စည်းစိမ်(စကားဖြစ်သာပြောတာပါ)စတဲ့ အရာတွေပေါ်မှာ တပ်မက်တဲ့ စိတ်က ရှိနေလေတော့ ငါ့ပစ္စည်း ငါ့ဥစ္စာ ဆိုတဲ့ အတ္တအစွဲအလန်းက ဒီလူ့လောကထဲကနေ ထွက်သွားဖို့ လုံးဝကို အားမပေးဘူး ဖြစ်နေတယ်။ ဆရာတော်ကြီးတွေ ပြောပြောနေတဲ့ မိုက်ခရိုစက္ကန်အလိုက် ပြောင်းလည်းနေတယ် ဆိုတဲ့ ရုပ်နာမ်သင်္ခါရ သဘောတရား တွေကို အထင်းသား မြင်နေရတယ်။

တက်လိုက် ကျလိုက် နိမ့်လိုက် မြင့်လိုက်နှင့် မတည်မြဲတဲ့ ဖြစ်တည်ခြင်းတွေအောက် အလူးလဲ ခံရင်း လျှောက်လာခဲ့တဲ့ခရီး တစ်ဝက်ကျိုးပြီပေါ့။ အမှန်တကယ်က အောင်မြင်မှူ့တို့ ရှူံးနိမ့်မှူ့တို့ ဆိုတာ ဘာမှ အဓိပ္ပါယ်မရှိသလိုပဲ ခံစားရတော့တယ်။ ငယ်ငယ်တုန်းကတော့ ဒီလိုမဟုတ်၊ သူများထက် အသာရမှ၊ သူများထက် အောင်မြင်မှ၊ သူများထက် ပိုရှာနိုင်မှ စားဝင်အိပ်ပျော်သူ။ အသိထဲကပဲဖြစ်ဖြစ် သူငယ်ချင်းတွေထဲကပဲ ဖြစ်ဖြစ် ကိုယ့်ထက် သာသွားတယ်လို့ ကြားလိုက်ရလို့ကတော့ စိတ်ထဲ ဘယ်လိုမှ နေလို့မကောင်း၊ ငါညံ့လိုက်တာ ငါအစွမ်းအစ နည်းလိုက်တာ ဆိုတဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်တဲ့ စကားလုံးတွေပဲ ပဲ့တင်ထပ်နေတော့တယ်။ အမှန်ကလည်း အဲလိုမျိုး စိတ်ဓါတ်ရှိခဲ့လို့ ကြိုးစားရင်းကနေ ဒီလို ဖြစ်လာတယ် ဆိုတာတော့ ငြင်းလို့မရ။ ဒါပေမယ့် အခုတော့ အဲဒီစိတ်တွေဟာ ကိုယ့်ကို ဒုက္ခပေးလွန်းတယ် ဆိုတာ တွေးကြည့်ရင်း သဘောပေါက်လာတယ်။ လူဆိုတာကလည်း လိုအပ်ချက်တွေကများ ရလေလိုလေ အိုတစ္ဆေပဲ ဆိုတော့ ဘယ်တော့မှ ကျေနပ်တဲ့အခန်း မရောက်နိုင်ဘူး။ ရဲတံခွန်မှာ နေတုန်းကတော့ ၃၀၀၀ လောက်ရတဲ့ အလုပ်ရရင် တော်ပါပြီဆိုပြီး အခုရတော့လည်း သူများတွေ ပိုရနေကြတာ တွေ့ပြန်တော့ ပိုလိုလာချင်ပြန်ရော၊ ဒါနှင့်ပဲ ပိုကောင်းတဲ့အလုပ် ရှာဖို့ ပြင်ဆင်ခန်း ဖွင့်ရပြန်ရော။ ဘယ်တော့မှ ပြီးနိုင်မယ့် ဇာတ်လမ်း ဟုတ်ပါဘူး။

ဒုတိယအရွယ် မရောက်တရောက်မှာ ခံစားရတဲ့ တတိယဝေဒနာကြောင့် ဆက်လက်ရှင်သန်ရမယ့် ခရီးတဝက်အတွက် ဘာတွေပြင်ဆင် ရည်ရွယ်ချက်ထား လုပ်ကိုင်ရမလဲဆိုတာ သိနေပေမယ့်လည်း ကျင့်သားရပြီးသား အထာကျပြီးသား စိတ်ကို ပြုပြင်ဖို့အတွက်တော့ အချိန်အတော် ယူရအုံးမယ်။ ငယ်ရွယ်ချိန်တုန်းက ထက်သန်တဲ့စိတ်တွေဟာ အခုတော့ တွေဝေတတ်တဲ့ စိတ်တွေအဖြစ် ပြောင်းလဲသွားတာ အံ့သြစရာပဲ။ ပထမ ခရီးတဝက်ကတော့ ပညာရှာ ကြင်ရာရှာ ပိုက်ဆံရှာတာတွေနှင့် ကုန်ဆုံးသွားပီ။ ကျန်တဲ့ သက်တမ်း တဝက်ကို (အပြည့်နေရဖို့ ကံပါလာသေးတယ် ဆိုရင်ပေါ့) ဘာအတွက် အသက်ဆက်ရှင်ရမလဲ ဆိုတာ စဉ်းစားချင့်ချိန်ဖို့ အချိန်တန်နေပြန်ပြီ။ ဦးတည်ချက် မဲ့နေတာကတော့ အမှန်၊ တစ်ခုခုကို တစိုက်မှတ်မှတ် ကျိုးစား လုပ်ကိုင်ချင်စိတ်တွေ ပျောက်ဆုံးနေလေရဲ့။ ပိုက်ဆံ ရနေတာကို ပြီးပြည့်စုံပြီလို့ပဲ မသိစိတ်မှာ ထင်မှတ်ထားပုံရတယ်။ အပြည့်အဝ အသုံးချပေးရမယ့် ဦးနှောက်လည်း နားချိန်တွေ ပိုရနေသလိုပဲ။

ကိုယ့်ဆန္ဒနှင့်ဘဝ တစ်ထပ်ထည်း မကျပေမယ့်လည်း ရနေတဲ့ လက်ရှိဘဝက မှီခိုနေသူတွေရဲ့ ဆန္ဒနှင့် တစ်ထပ်ထည်းနီးပါး ကျနေတော့လည်း သူ့ဆန္ဒ ကိုယ့်ဆန္ဒပဲပေါ့။ သူတို့တွေ အရိပ်ရဖို့ ကိုယ်နေပူ ခံရနေပေမယ့် ကိုယ့်အရိပ်အောက်မှာ အေးချမ်းနေကြတယ် ဆိုတော့ အပူခံရကျိုးနပ်သလို ကိုယ့်ကိုကိုယ်လည်း ကျေနပ်မှူ့ အပြည့်ရပါရဲ့။ ဘာပဲဖြစ်ဖြစ်လေ လောကကြီထဲမှာ ကိုယ့်ရဲ့ တနိုင်တပိုင် တာဝန်လေး ကျေနေတာကိုက လူဖြစ်ရကျိုး နပ်နေသေးတယ် ထင်တာပဲ။ အားလုံးဟာ တစ်နေ့ ကိုယ့်လမ်း ကိုယ်သွားရမယ် ဆိုပေမယ့် ကံကြမ္မာ ပါလာလို့ ဒီဘဝ တခဏတာအတွင်း ဆွေမျိုးရင်းတွေ ဖြစ်နေချိန် ကိုယ်တာဝန်ကျတဲ့ အပိုင်းကို အကောင်းဆုံး လုပ်ပေးလိုက်ရတော့ သံသရာကြွေး နည်းသွားတာပေါ့လေ။ ပျံသန်းရင်း သေဆုံးရတဲ့ ငှက်ကလေးတွေလိုပဲ ခရီးတစ်ဝက်ရှေ့ဆက် သွားရတော့မယ်။
***************

Sunday, April 13, 2008

ဂလိုဘယ်..ချန်ပီယံ


ဓါတ်ပုံ-ကိုမြတ်မင်းပေးပို့သည်
**********
အာသီသ
**********
သီတင်းတွေတော့ ကြားနေရတယ်၊ ကာရကံရှင်တွေ မေးကြည့်တော့လည်း ဟုတ်တယ်တဲ့။ မန်နေဂျာ ရာထူးတွေ မြန်မာတွေရကုန်ပြီ။ ဘာမှ မနာလိုစရာ မရှိ၊ ကိုးနှစ်လောက် ရင်းနှီးထားကြတာ တစ်ခုခုတော့ ဖြစ်သင့်နေပြီ။ ဖြစ်သင့်တာ ကြာလည်း ကြာပြီပဲ။ ဒါပေမယ့် သိကြတဲ့အတိုင်း ပဲထရိုနစ်မှာ မဖြစ်နိုင်တဲ့ ကမ္ဘာ့ချန်ပီယံ ဆိုတဲ့ အိမ်မက်ဆိုးကြီးက လွဲရင် ကျန်တာတွေအတွက် ဘာအစီအစဉ်မှ ရှိပုံမရ။ မြန်မာမှူ့ ပြုဖို့အရေး မေးလိုက်တိုင်း လုပ်နေပါတယ်၊ စီစဉ်နေပါတယ်၊ လာပါတော့မယ်လို့ ပြောပြောနေတာ အထွေထွေမန်နေဂျာတွေ၊ မန်နေဂျာတွေသာ ကိုဝင်းစိုးရွှေ အလုပ်ထွက်စာထဲမှာ ရေးထားသလို ရာထူးတွေတက်ပြီး ရွေ့သွားကြတယ်၊ ဘာမှဖြစ်မလာဘူး။ သူတို့လက်ထက် ကျမှ လုပ်လိုက်ရတဲ့ အကဲဖြတ် စစ်တမ်းတွေ၊ ဘာအတွက်လည်းတော့ သေသေချာချာမသိ၊ ပေါ်လစီအရသာ လုပ်နေကြတာ အထက်က လူတွေကလည်း ဆင့်ကဲဆင့်ကဲ အထက်က ခိုင်းတာတွေသာ ကိုယ့်ရဲ့ ကေပီအိုင် ပြကောင်းအောင် ဟုတ်တာတွေရော မဟုတ်တာတွေရော စွတ်စက်လုပ်၊ ဘာကြောင့်လုပ်ရလည်း ဆိုတဲ့ အနှစ်သာရ ခေါင်းထည်းမရှိဘဲ မေးလိုက်တိုင်း အထက်ကခိုင်းလို့ ဆိုတဲ အဖြေတွေပဲ ရနေတော့ ဒီလူတွေ အလုပ်လုပ်တာကမှ ကိုယ့်အတွက် ကိုယ်လုပ်နေတယ် ဆိုတာ ပိုပေါ်လွင်နေတယ်။

အတွေ့အကြုံအရ ပြောရရင် အောက်ခြေမှာပဲ နေဖူးခဲ့လို့လားတော့ မသိ၊ သူတို့ ခန့်ထားတဲ့ မလေးတွေ၊ မကျီးသီးတွေ၊ အဖြူတွေဟာ တစ်ယောက်မှ အထင်ကြီးစရာ မရှိ၊ ဆရာတပည့် မွေးတတ်တဲ့ အကျင့်လေးတွေကလည်း လူ့သဘာဝအတိုင်း ရှိနေလေတော့ ဟုတ်ဟုတ် မဟုတ်ဟုတ် မန်နေဂျာ ဖြစ်ပီ ဆိုတာနှင့်ကို ခေါင်းညိမ့်တတ်တဲ့ တောက်တဲ့ကလေးတွေ ခေါ်လာပြီး အလုပ်ပေးပါတော့တယ်။ တကယ်တမ်း အလုပ်လုပ်တဲ့ ခါကျတော့ မနက်မိုးလင်း အစည်းအဝေး မှာ သူမသာကိုယ်မသာ မန်နေဂျာတွေ ပေါက်တတ်ကရ မေးလာလတံ့သော မေးခွန်းတွေအတွက် နောက်ကနေ ဖြေဆိုပြင်ဆင် ပေးရတာကိုက ordeal ပဲ။ Specific gravityဆိုတဲ့ ဂဏာန်းနောက်မှာ ယူနစ်ပါမလာလို့ ဆိုပြီး လာဆရာကြီးလုပ်လို့ စိတ်ထဲ ကြိတ်ရယ်နေရတဲ့ အခါမျိုးတွေ နည်းမှမနည်းပဲ။ ရှင်းပြတာတောင်မှ ဒါဆို ယူနစ်က ဘာလည်းဆိုပြီး သုံးခါလောက် ထပ်မေးသေးတယ်။

မှတ်မိပါသေးတယ် တခါက ကေပီအိုင်တွေ လုပ်ကြလုပ်ကြနှင့် အရည်မရ အဖတ်မရတွေနှင့် အုံးအုံးကြက် ဆူညံနေတာ။ တကယ့်ကို ရီရတယ် ရေးလိုက်ကြရတာ လေကြီးမိုးကြီးတွေ၊ မန်နေဂျာတွေ သဘောတွေကျလို့။ ခြောက်လကြာ ပြန်ဆန်းစစ်တော့ ဘယ်သူ့မှ ဘာမှ ကိုယ့်အလုပ်ထက် ပိုချွန်ပြီး လုပ်ထားတာ ဘာမှမရှိဘူး။ စဉ်းစားကြည့်လေ ငါးကျပ်ပဲ ပေးထားတာ ဘယ်သူက တဆယ်ဖိုး ပိုလုပ်မလဲ၊ အဲ..လုပ်လည်း တစ်ခါပေါ့ ဘာအကျိုးအမြတ်မှ မလာရင် ဘယ်သူက ဆက်လုပ်အုံးမှာလည်း။ ကိုယ်ရေးထား တာတွေက ကြီးကြပ်ရေးမှူး လုပ်ရမယ့်တာဝန်တွေ၊ ဒါတွေကိုယ်လုပ်ရင် ကွိုင်ကုန်မှာပေါ့။

အခုလည်းကြည့်လေ တကယ်တမ်း ပေးသင့် ပေးထိုက်တာက အောက်ခြေမှာ၊ ခေါင်းတွေ ကြီးကြပ်ရာထူးတွေ နှင့် သင့်တင့်လျှောက်ပတ်တဲ့ လခ၊ အောက်ခြေမှာ မကျေနပ်လို့ အလုပ်တွေထွက်ကြ အော်နေကြတာ ဘာမှမလုပ်ပဲ မဆီမဆိုင် မရောင်ရာ ဆီလူးပြီး သကာလ ကြားထဲက နေရင်းထိုင်ရင်း တစ်ချို့က ကံကောင်းသွားတယ်။ ဒီလိုပြောလို့ ခွဲခြားတွေးတယ်လို့ မထင်လိုက်ပါနှင့် ဘယ်သူဘာရရ အားလုံးဟာ သူငယ်ချင်းတွေပဲမို့ သင့်တော်ပါတယ်။ ဒါပေသိ ရသင့်ရထိုက်တဲ့ လူတွေ ပါမလာလို့ နည်းနည်း ပိုပြီး ပညာပြဖို့ လိုလာပြီထင်လို့ပါ။ မြန်မာမှူ့ပြုမယ့် အစီအစဉ် ရေရေရာရာ မရှိလို့ မေးလာရင် အလျှောက်ကောင်းအောင် မန်နေဂျာရာထူးတောင် ပေးထားပြီးပြီလို့ ပြောလို့ရအောင် လုပ်ချလိုက်တာ ထင်ပါတယ်။ ဘာကြောင့် ပြောနိုင်လည်း ဆိုရင် မြန်မာ့ရေနံမှာ နည်းနည်းပေါက်ရောက်တဲ့ သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ တခါက ကြုံကြိုက်လို့ မြန်မာမှူ့ ပြုမယ့်အစီအစဉ် ဘယ်လိုလည်းလို့ သူက ပီစီအင်မ်အယ်လ်က အရာရှိကို မေးတော့ ကိုအန်ဒီနှင့် ကိုအက်ဒဝကို ရည်ညွန်းပြီး မန်နေဂျာ ရာထူးတွေတောင် ခန့်ထားပြီးပြီ ဆိုပြီးတော့ ပြစားသွားတယ်။ အခုလည်း လူတွေ တန်းစီထွက်နေကြလို့ အထောင်း သက်သာအောင် လုပ်ချလိုက်တာ ဖြစ်မယ်။ အမှန်တကယ်က သူတို့ဘာမှ မလုပ်နိုင်တော့ဘူး ဆိုတာ သူတို့ သိနေတယ်။

တဖက်မှာကျတော့ ရာထူးတိုးတိုင်းလည်း ကံကောင်းတယ် ဆိုလို့ မရပြန်ပါဘူး၊ အားလုံးသိကြမှာပါ။ ကျွန်တော့တုန်းက ရုံးမှာ ဖြိုးကြီးနေရာ ဝင်ဖို့ ခေါ်ပြောတော့ ကျွန်တော်က ကမ်းလွန်မှာ ပိုက်ဆံပိုရကြောင်း အဲဒီထက်ပိုရရင် ပြောင်းမှာဖြစ်ကြောင်း ပြောတော့ ၅၀ ပဲ ပိုရမယ် ဆိုလို့ ကျွန်တော်လည်း ထွက်ဖို့ရှိတာနှင့် ဆောရီးလုပ်ပြီး နေမြဲအတိုင်းပဲ ဆက်နေလိုက်တယ်။ ဖြိုးကြီးလို လူတောင် အလုပ်များလွန်းလို့ နားရက်မရှိ လုပ်ရတာ မနေနိုင်လို့ ထွက်ပြေးတာ မိသားစု ရှိတဲ့ ကျွန်တော့အတွက် ပိုဆိုးတာပေါ့။ သူတို့က နာမည်အကြီးကြီး တပ်ပေးလိုက်တာ အဲဒီ နာမည်နှင့် အကိုက် လုပ်ရတယ်။ တခါတလေ ပိုတောင်ပိုသေး။ အဲဒီတော့ ရာထူးတိုးတဲ့ လူတွေအနေနှင့် ဆုတ်လည်းစူး စားလည်းရူး အခြေနေမှာပေါ့။ ရာထူး မယူပြန်တော့လည်း သူများယူသွားမှာစိုး၊ ယူပြန်တော့လည်း ဘာမှာ မယ်မယ်ရရ သူများထက်ပိုမရ၊ ရာထူးရတာကိုက ကံထူးရှင်လို့ သတ်မှတ်ထားတဲ့ ဒီအသိုင်းအဝိုင်းမှာ အလုပ်လုပ်ရတာကိုက ဘဝပဲ။

နောက်တစ်ခု ရင်နာစရာ ပိုကောင်းတာက ကိုယ့်တိုင်းပြည်မှာ နေရာရှိပါလျှက်နှင့် တိုင်းပြည်ကနေထွက် အပင်ပန်းခံ ပိုက်ဆံရှာရပြီး ပြည်တွင်းမှာ အခြေအနေ မပေးလို့ တိုင်းပြည်အပြင်ထွက် အလုပ်လုပ်နေရတဲ့ ကုလားတွေက နေရာဝင်ယူထားတော့ အရင်တုန်းကလို technical transfer အတွက်ဆိုရင်တော့ မပြောပါဘူး၊ အခုကိုယ့်နေရာလည်း ပေးရတယ် technicalလည်းကိုယ်ကပဲ ပေးရတယ်ဆိုတော့ မိအေးနှစ်ခါနာ ဖြစ်နေတာပေါ့။ အဲဒါ ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာတော့ သေသေချာချာမသိ၊ ဗမာတွေ ခံစားနေရတာကိုတော့ ကိုယ်တိုင် ခံစားခဲ့ရလို့ သိခဲ့ရပြီ၊ ခေါင်းဆောင်ဆိုတဲ့ ကုလားတွေကတော့ ယောင်လည်လည်၊ ပညာလည်းသင် ပိုက်ဆံလည်း တန်ရာတန်ကြေးရ၊ ဗမာတွေက သင်လည်းသင်ပေးရ ခိုင်းတာလည်း လုပ်ပေးရ ပိုက်ဆံကျတော့ သတ်မှတ်ထားတဲ့ ဈေးနူန်းတောင် ကျော်နေပြီဆိုပြီး ဈေးနိမ်ပေးနှင့် အတော်ခံရခက်တဲ့ အိမ်ပေါ်တက် တံတွေးထွေးခံရတဲ့ အဖြစ်ပဲ။ ပိုဆိုးတာက ဒီကောင်တွေ ဒီကနေ ထွက်ဖို့ အဖြစ်မရှိပါဘူး၊ ဟောင်ဖွာ ဟောင်ဖွာ လုပ်နေတာပါဆိုတဲ့ အပြောမျိုးတွေ၊ ထွက်ချင်ရင် ထွက်ကြ လုပ်မယ့်လူတွေ တန်းစီနေတယ်၊ အခုတောင် လျှောက်လွှာတွေ များလွန်းလို့ ဖတ်တောင်မဖတ်နိုင်ဘူး ဆိုတဲ့ အပြောမျိုးတွေနှင့် ဘဝင်မြင့်နေတဲ့ မန်နေဂျာတွေ၊ ကပ်ဖားယပ်ဖား လုပ်နေကြတဲ့ ပွဲလန့်ဖျာခင်းမယ့် ကိုယ့်အချင်းချင်းတောင် တစ်မူးသာရ မနာလို ဝန်တိုစိတ်ရှိကြတဲ့ ကပ်ပါးတွေရဲ့ လက်ထဲမှာ ဘယ်လိုလုပ် လူမျိုးကောင်းစားရေးဝါဒ ရှင်သန် ပေါက်ဖွားပါ့မလဲ။ ဘာမှအလုပ်မလုပ်ပဲ ဆေးလိပ်သောက် ကော်ဖီသောက် လုပ်နေတဲ့ ဗိုလ်ချုပ်လို လူမျိုးကိုတောင် အလုပ်မဖြုတ်ရဲ၊ ယောင်လည်လည် ကိုဝင်းလွင်တပည့်က ခေါင်းတက်ဖြစ်လိုဖြစ်နှင့် အတော့ကို ရီချင်စရာကောင်းတဲ့ အုပ်ချုပ်မူ့ ပုံစံပါပဲ။ ဒီလိုပုံစံနှင့် ဒီပလက်ဖေါင်းကြီး ဒီလောက်ခံတာ ဗမာတွေ အတော့ကို ခန္ဓီပါရမီနှင့် ပြည့်စုံနေလို့ပဲ။

အခု လောလောဆယ်တော့ ဂလိုဘယ် ချန်ပီရံလောင်းရဲ့ အလားလာကို trendတင်ပြီးကြည့်နေတာပဲ ကောင်းပါတယ်လေ။
***************

Monday, April 7, 2008

မင်္ဂလာဆောင်ရအောင်..အချစ်ရေ


*********
အာသီသ
**********

ဟောင်ကောင်မင်းသားနှင့်မင်းသမီးလို့ မထင်လိုက်ပါနှင့် အဲဒါ ရဲတံခွန်က ကရိယာဆရာ ကိုရဲမျိုးကျော်တို့ အတွဲပါ။ ကိုရဲမျိုးကျော် ရဲတံခွန်ရောက်တာ မကြာသေးပေမယ့် သူ့ရဲ့ နေထိုင်ပေါင်းသင်းမှူ့ ပုံစံက ရိုးရှင်းပြီး အားလုံးအပေါ် လေးစားသမှူ့ ရှိတဲ့ ပရိုတိုကောနှင့်ဆိုတော့ လူတိုင်းနှင့် အချိန်တိုအတွင်း ခင်မင်ရင်းနှီး သွားတာပေါ့။ အထူးသဖြင့် ခြင်္သေ့တွေ အများကြီးရှိတဲ့ လျှပ်စစ်ဂူထဲမှာတောင် အဆင်ပြေအောင် နေထိုင်ပြီးမှ သူပိုမိုအားသန်ရာ ကရိယာကို ပြောင်းရွှေ့သွားတာပါ(အမှန်တကယ်က ဘိုကြင် မနားတမ်း စကားတွေ ပြောလွန်းလို့ နားငြီးတာ မခံနိုင်တော့လို့)။

သိပ်မကြာတော့ပါဘူး နောက်တစ်တွဲ ထပ်လာအုံးမှာ။ ကိုစောမင်ဦးတို့ အတွဲလေ။ ကိုစောမင်းဦးနှင့် သိစက စောမင်းဦးဆိုတော့ ကရင်ပဲပေါ့။ ကိုစောအောင်ကျော်ဦးတို့ ကိုစောအောင်သော်တို့လိုပဲထင်တာ၊ အဲ...ဘယ်ဟုတ်မလဲ သူက နာမည်သာစောတာ လူက မစောဘူးတဲ့၊ အဲဒါနောက်မှသိရတာ။ ဒါပေမယ့် သူလည်း ဓါတ်သက်ပါသွားတာ အခု ကရင်မလေးနှင့် မင်္ဂလာဆောင်တော့မှာတဲ့။ ကိုစောမင်းဦးရဲ့ အမျိုးသမီးက ကိုစောမင်းဦးအကြောင်း ကောင်းကောင်းမသိသေးလို့ ယူတာဖြစ်မယ်။ ဘာကြောင့်လည်း ဆိုတော့ ဘိုစောဟာ ”အသစ်”လူ။ ကင်မရာတို့ ဖုန်းတို့ဆို ၆လလောက်ပဲ သုံးတာ။ အမြဲတမ်း မော်ဒယ် အသစ်လေးတွကိုပဲ စိတ်ထဲ စွဲနေတတ်သူ။ (နည်းနည်းတော့ ဖွလိုက်ရမှ..ဟီး.ဟီး)

သူတို့တွေ မင်္ဂလာဆောင်တာ ကြည့်ပြီး ကိုယ်ဆောင်တုန်းက အဖြစ်အပြစ်ကလေးကို သွားသတိရတယ်။ မင်္ဂလာမဆောင်ခင် မိန်းမသွားတောင်းတော့ သိတဲ့အတိုင်း တရုပ်တွေက ဟိုဟာပါရမယ် ဒီဟာပါရမယ်နှင့် အတော့ကို ညှိယူရတယ်(အရေးကြီးတဲ့ဟာ..ပါမပါတော့ ဘယ်သူမှ လာမကြည့်ကြဘူး..ဟဲဟဲ)။ သူတို့ဘက်က တော်တော်နှင့် မလျှော့တော့ မိန်းမယူချင်စိတ် ကုန်ခမ်းသွားတဲ့ အထိပဲ။ ကျွန်တော့ အယူအဆက အကုန်မခံချင်လို့ မဟုတ် ဒါပေမယ့် သူတို့ လိုအပ်ချက်တွေက တစ်အိုးတစ်အိမ် ထူထောင်မယ့် သူတွေအတွက် ဘာမှအကျိုးမပြု ၊ မင်္ဂလာဆောင်လည်း ပြီးရော ဝက်မွေးရမယ့်ကိန်း ဆိုက်မယ့်အဖြစ်။ ကံကောင်းသွားတာက ကျွန်တော်ယူမယ့်မိန်းမက ညှိမရရင် ဒီအတိုင်းပဲ လိုက်သွားတော့မယ် ဆိုမှ အားလုံးပြီးဆုံးသွားတယ်။ ဒါတောင် ညနေခင်းဧည့်ခံပွဲမှာ အရက်တိုက်ရေး မတိုက်ရေး တော်တော်အခြေအတင် ဖြစ်လိုက်သေးတယ်။ ကျွန်တော့ အယူအဆက ဗုဒ္ဓဘာသာအရ အရက်မတိုက်ချင်၊ တရုပ်အယူအဆက အရက်ပါမှ ပွဲဖြစ်တယ်၊ နောက်ဆုံးတော့လည်း အလျှော့ပေး လိုက်ရတာပါပဲ။

ကိုယ်တိုင် အစဆုံး စီစဉ်ရတော့ ဘာ လိုအပ်လိုအပ် ကိုယ့်ဆီပဲ ဦးတည်လာတာပဲ။ ညနေ ဧည့်ခံပွဲ လုပ်နေတုန်း အရံဝိုင်းတွေ စီစဉ်ထားလျှက်နှင့် လာတဲ့လူတွေက မထင်မှတ်ပဲ ပိုများသွားတော့ ကျွန်တော်တို့ရဲ့ ချစ်ကိုကြီးများ ဖြစ်ကြတဲ့ ဓါတ်ပုံဆရာ ကိုသီဟနှင့် ကိုအလိုင်း(ကိုအောင်ထွေးဝင်း)တို့အတွက် နေရာမရ ဖြစ်သွားတော့ သူတို့မှာ နာလည်းနာသေး နံလည်းနံသေး ဆိုတဲ့ အဖြစ်ကြုံသွားရတယ်။ သူများတွေ သောက်စား နေချိန်မှာ သူတို့က အမောတကော ဓါတ်ပုံလည်း ရိုက်ရသေး၊ ဗိုက်ဆာလို့ စားမယ်ကြည့်တော့ ထိုင်စရာ နေရာက အပြည့် နောက်ဆုံးတော့ သူငယ်ချင်းတွေဝိုင်းမှာ ဝင်ကပ်စားရတဲ့ ကိန်းဆိုက်သွားတယ်။ ကျွန်တော်လည်း အခမ်းအနား အစီအစဉ်အတိုင်း မျှောလိုက်နေရတော့ သူတို့အတွက် မစီစဉ်ပေးနိုင် ဖြစ်ခဲ့ရတယ်။ အဲဒီအချိန်တုန်းက ကိုအလိုင်းနှင့် ကိုသီဟတို့နှစ်ယောက်ရဲ့ မကြည်လင်တဲ့မျက်နှာတွေကို အခုထိမြင်ယောင်မိနေသေး။ ဟုတ်လည်းဟုတ်ပါတယ်လေ ပွဲပြီးတော့ တော်တော့ကို တောင်းပန်လိုက်ရတယ်။ အစတုန်းက အသိတော်တော်များများက ကျွန်တော့ကိုလူရိုးလေး မသောက်တတ်မစားတတ်လို့ ထင်ထားပုံရတယ်။ အဲဒီညက ဝိုင်း”ကမ်းပေး”ကြတော့ အောင်ရဲဦးတော့ သွားပြီပေါ့ ဆိုပြီး ပြောနေကြတယ်။ တစ်ဝိုင်ပြီးတစ်ဝိုင်း လှည့်လည် ”ကမ်းပေး”လိုက်တာ ဝိုင်းသာဆုံးသွားတယ် အခြေမပျက် အနေမပျက်ဆိုတော့ အားလုံး အခြေနေမှန် သိသွားတာပေါ့။ (ဟဲဟဲ..ဒီလိုပဲ ရုပ်တည်နှင့် လုပ်စားနေတာ..)

ချစ်ကိုကြီး ကိုမြင့်လွင် ပြောနေကြ စကားရှိတယ်၊ အခုထိ မှတ်မိနေသေး။ ကိုမြတ်မင်း မင်္ဂလာ မဆောင်ခင်က ပုန်း ၇၀ ကုန်မယ်လို့ ငြီးတော့၊ တရုပ်မ ယူရင် initial cost တော့များတယ် ဒါပေမယ့် နောက်ထပ်ထည့်စရာ မလိုဘူးတဲ့။ သူဆိုလိုတာက တရုပ်တွေက စီးပွားရှာတတ်တယ်၊ ယူပြီးရင် သူလည်း မယ်တထမ်း စီးပွားရှာမယ် ဆိုတော့ ပြန်လှည့်ကြည့်စရာ မလိုဘူးပေါ့တဲ့။ မြန်မာမကို ယူရင် အစတော့ သိပ်မကုန်ဘူး၊ နောက်ပိုင်းကျတော့ စီးပွားမရှာတတ် မလုပ်တတ်နှင့် ဆိုတော့ အိမ်နောက်ဖေး ပေါက်တယ်ပေါ့။ သူဆိုလိုတာကို ပြောပြတာပါ။ မြန်မာမတွေ ထဲမှာလည်း စီးပွားရှာ တော်တဲ့သူတွေ အများကြီး ရှိပါတယ်။ မြန်မာ အမျိုးသမီးများ စွမ်ဆောင်ရှင် အသင်းတောင် ရှိသေး။ ဒါပေမယ့် သူပြောတာ ယေဘူယျအားဖြင့်တော့ မှန်သလိုလိုရှိသား။

ကျွန်တော်တို့သူငယ်ချင်း ကိုမိုးဇော်လွင် မင်္ဂလာ ဆောင်တုန်းက ရီစရာ အဖြစ်အပြစ်ကလေး တခုကို အခုထိ မှတ်မိသေး။ အဲဒီတုန်းက ကားပိုင်ရှိတဲ့ ကိုဖြိုးကြီးက ကြိုပို့ လုပ်ပေးတယ်(ကိုမိုးဇော်လွင် ညီမက ချောတာကိုး)။ ပွဲထွက်ခါလည်းနီးပြီ ပြင်ကြဆင်ကြနှင့် အားလုံး ပျာယာခပ်နေချိန် သတိုးသား အဝတ်လဲတော့ အောက်ခံဘောင်းဘီ မပါလာလို့ ဖြိုးကြီးခမျာ ညီမလေးမျက်နှာကြောင့် တခေါက်ပြန် ပြေးယူပေးရသေးတယ်။ အလှပြင်တဲ့ အချောက်က သဘောတွေခွေ့လို့။ တစ်ခါ ပွဲလည်းထွက်ရော အခါတော်ပဲရှိသေး မီးပြတ်သွားလို့ သတိုးသားနှင့် သတိုးသမီးလည်း လမ်းလျှောက်ရင်း တန်းလန်း အခါတော်ပေးတဲ့သူလည်း တန်းလန်းနှင့် ၅မိနစ်လောက် စောင့်လိုက်ရသေး။ မီးပြန်လာမှ အားလုံး သက်ပြင်း ချနိုင်တော့တယ်။ မဟုတ် ဘယ်လိုလုပ်မလဲ မသိ။ အရံမီးစက်တော့ ရှိမလားမသိဘူး။

ကိုလွင်မောင်ဦး မင်္ဂလာဆောင်တုန်းကတော့ စိတ်မကောင်းစရာ တစ်ခု ကြုံလိုက်ရတယ်၊ တခြားတော့ မဟုတ်ပါဘူး၊ ကိုလေးနိုင် အမျိုးသမီးရဲ့ အဖိုးတန်လည်ဆွဲ ကျပျောက်သွားတယ်။ ဘိုးဘွားရိပ်သာမှာ ခေါက်တုန့်ခေါက်ပြန် အလူးအလဲ ရှာတော့လည်း မတွေ့တော့ဘူး။ ကိုလွင်မောင်ဦးလည်း စိတ်မကောင်ဖြစ်ရုံက လွဲလို့ ဘာမှမတတ်နိုင် ဖြစ်ခဲ့ရတယ်။


(ကိုရဲမျိုးကျော်..ကိုစောမင်းဦး..ကိုမိုးဇော်လွင်..ကိုလွင်မောင်ဦး..ကိုသီဟနှင့်..ကိုအလိုင်းအမှတ်တရ)

***********


Wednesday, April 2, 2008

လွမ်းမိပါ၏..အတာသင်္ကြန်

*********
အာသီသ
*********

ဘာလိုလိုနှင့် သင်္ကြန်တောင် ကျတော့မယ်။ သင်္ကြန် မကဲရတာလည်း အတော်တောင် ကြာသွားပြီပဲ။ ပျော်ရာမှာမနေ တော်ရာမှာနေပဲပေါ့။ ဧပြီ တစ်ရက်နေ့က ဘယ်သူ့ကို April Fool လုပ်ရမလဲ စဉ်းစားနေတာ၊ ဒါပေမယ့်လည်း ကိုယ့်ဘာသာကိုယ်တောင် လိပ်ပတ်မလည် ဖြစ်နေတော့ ဘယ်သူ့ကိုမှ မနောက်လိုက်ရဘူး။ အသိ ကောင်မလေး တစ်ယောက်က မြန်မာသင်္ကြန်ပွဲ အဘူဒါဘီမှာ နွဲမယ် ကောင်မလေးတွေလည်း အများကြီး လာလိမ့်မယ် လာခဲ့ပါ ဆိုတာတောင် အကြောင်းမပြန်အားလို့ သူက ဧပရယ်ဖူးလုပ်တာ မဟုတ်ပါဘူး အမှန်အကန်ဖိတ်တာပါ နှစ်တိုင်းလည်း လုပ်နေကြဆိုပြီး ရှင်းချက် ထုတ်ရတဲ့အထိပဲ။

အမှန်တကယ်က ကွန်ပျူတာရှေ့ကို မရောက်နိုင်တာ။ ကော်မင်းရှင်းနီးဆိုတော့ တောက်တိုမယ်ရတွေက အများသား၊ အတွေ့အကြုံတော့ရပါရဲ့၊ ခိုင်းတိုင်း အကုန် လုပ်ပေးနေရတော့ သိတဲ့အတိုင်း မကုတ်အားဘူးပေါ့။ ဒီကြားထဲ တရုပ်တွေရဲ့ စီမံမှူ့တွေက တော်လွန်းလို့ ပစ္စည်းဝယ်ရင် အိပ်ထဲက ပိုက်ဆံစိုက်ထုတ်ဝယ် ပြီးမှပြန်တောင်း လကုန်မှ ဘဏ်စားရင်းထဲပြန်ရ …ဟူး…ပြောမဆုံးပေါင် ပါပဲ။

ကိုဝင်းစိုးရွှေနှင့် ဖြိုးကြီးကတော့ ပင်လယ်ထဲ နေပူဒါဏ် လှိုင်းပုတ်ဒါဏ် ခံပြီး မြန်မာနှစ်သစ်ကူးကို ဖြတ်သန်းရတော့မယ်။ ကျွန်တော်နှင့် ကျော်တင့်ကတော့ အေးအေးဆေးဆေး ထိန်းချုပ်ခန်း ကော်မင်းရှင်းနီး လုပ်ရပြီမှတ်တာ၊ တကယ်တန်းကျတော့ အသေးအမွှား ကိစ္စလေးတွေက တယ်မလွယ်ပါလား..။ ဧပရယ်တစ်လလုံးလုံး ဒီအတိုင်းပဲ နားရက်မရှိ အလုပ်ဆင်းရမယ် ဆိုတော့ သင်္ကြန်ဆိုတာ ဘာမှန်တောင် သိလိုက်မှာမဟုတ်။

အော်..တစ်ချို့ချို့ရဲ့ ဘဝတွေဟာ တယ်အားကျစရာ ကောင်းပါလား…။ အဲ..လာပြန်ပြီ နောက်တစ်ယောက်..၁၁ရက်နေ့မှာ သင်္ကြန်ပွဲလုပ်မယ် လာခဲ့ပါတဲ့…၊ ရော်…ပိုးထနေတယ်ဆိုမှ မအားတာသိလို့ ဧပရယ်ဖူး လုပ်နေတာများလား အောက်မေ့တယ်။ ဘာပဲပြောပြော ဒူဘိုင်းလို နေရာမျိုးမှာ ဒီလိုပွဲမျိုးလေးတွေ ဖြစ်အောင် စီစဉ်နှိင်တာ ချီးကျူးစရာပဲ။ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ယဉ်ကျေးမှူ့ ပွဲလေးကို မမေ့မပျောက် ထိန်းသိမ်းကြတာ ဂုဏ်ယူစရာပါ..။ တစ်ခါတုန်းကလည်း သာသနာပြု ဘုန်းဘုန်းတစ်ပါး ပြည်ဝင်ခွင့်ရအောင် အခက်အခဲများကြားက ဝိုင်းဝန်း ကမကဋ္ဌ ပြုလိုက်ကြတာ နောက်ဆုံးတော့ အောင်မြင်သွားပြီး ပထမဦးဆုံးအကြိမ် လာရောက်ခွင့်ရတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးအဖြစ် မှတ်တမ်း ဝင်သွားပါတော့တယ်။ အားလုံး ရုန်းကန်နေရတယ် ဆိုပေမယ့်လည်း အရေးကြုံလာရင်တော့ သွေးနှီးကြပါတယ်။

ဧပရယ်ဖူးက ကိုယ်မလုပ်လိုက်ရပါဘူး သူဘာသာသူ ဖြစ်သွားတာ၊ ကန်ဘောက်မှာ ပိုက်လိုင်း ပေါက်သွားလို့ အားလုံး ပြာရာခပ်သွားတာ အခုတော့ ပြန်လည်ပြုပြင်ဖို့ အချိန်ယူရမယ်ဆိုပဲ။ သင်္ကြန်တွင်းအထိ အလုပ်မပြီးရင်တော့ ရဲတံခွန်က သူငယ်ချင်းတွေ မြွေကိုက်ပြီး။ ဒီကြားထဲ ”တားတာ”လုပ်မဲ့ သူတွေကလည်း တန်းစီနေတော့ ကျန်ခဲ့တဲ့ ကိုကိုတွေအတွက် ဝန်ပိုပြီပေါ့။ အလုပ်လုပ်ရတာက တစ်ပိုင်း တော်ကြာ အပိုဆုကြေးတို့ လခတို့ တိုးမရဘူဆိုရင် ကြွေပီ။

ဘော်ဒါကြီး ကိုမြတ်မင်းတစ်ယောက်လည်း အဖေါ်မရှိ ပျင်းနေရှာလို့ ဘယ်နေ့သူ့ဆီ လာမလဲပဲ တဖွဖွ မေးနေရှာလေရဲ့။ ဟုတ်ပါတယ်လေ..အစစ အရာရာ အကောင်းချည်းတော့ ဘယ်ရမလဲ၊ အဆိုးနဲ့ အကောင်းဆိုတာ ဒွန်ပဲမဟုတ်လား…။ ကျွန်တော်တို့က အိမ်မပြန်ရဘူး ဒါပေမယ့် သူငယ်ချင်းတွေရှိတယ်၊ သူကတော့ အိမ်ပြန်ရတယ် ဒါပေမယ့် တစ်ယောက်ထည်း၊ ကြာလာတော့လည်း ငြီးနေရှာမပေါ့။ သူ့ခမျာ ခြေမွှေးမီးမလောင် ရှိသမျှ အမွှေးမီမလောင် နေလာရာကနေ ကိုယ်စားဖို့ ကိုယ်တိုင် ကြိုးစားပမ်းစား ချက်နေရတော့ ( ကြက်ဥကြော်၊ အသားကြော် ) အိမ်ဟင်းထမင်း လွမ်းပီပေါ့။ ကိုမြတ်မင်းက ဟင်းဆိုရင် ခါးမှကြိုက်တာ၊ ဒါကြောင့် သူချက်တဲ့ ဟင်းတွေဆို အမြဲတမ်း တူးခါးနေတာပဲ။ ဒီကြားထဲ ရောက်လာတော့မယ့် သူတော်ကောင်းတွေအတွက် ခေါင်းစားရ၊ အလုပ်ခေါ်စာတွေ့ရင် ဘယ်သှူ့ဆီပို့ရမလဲ စဉ်းစားရနှင့် တကယ်တမ်းလုပ်ရမယ့် သူ့အလုပ်က အော်ပရေတာဆိုတော့ သိကြတဲ့အတိုင်း ဆေးလိပ်သောက်လိုက် ကွမ်းစားလိုက်ပဲပေါ့။ (ကိုယ့်အလုပ် ကိုယ်နာမည်ဖျက်တာတော့ မဟုတ်ပါဘူး..ဟဲဟဲ..ဒါပေမယ့် အမှန်ပဲ)

ချစ်လှစွာသော နောင်တော်ကြီး ကိုမြင့်လွင်နှင့်လည်း မကြာခဏ နက်ပေါ်မှာတွေ့ရတယ်။ စင်္ကာပူရောက် စင်္ကာပူလို ကျင့်တာလားတော့မသိ နေ့တိုင်းနီးပါး ဂျီတော့ပေါ်မှာတွေ့တယ်။ အမြင်မှန်တွေရပြီး အရင်လို ပိုက်ဆံ သိပ်မသုံးတော့ဘူးတဲ့။ ခြွေတာနေပြီဆိုပဲ။ သူလည်း ဗုံလုံတလှည့် ငါပျံတလှည့် ဖြစ်နေပြီ၊ အရင်က သူဟောက်စားလုပ်ခဲ့တဲ့ ကိုအလိုင်းက သူကိုပြန်ဟောက်တာ ခံနေရပြီ။ တစ်ချို့ဝဋ်တွေက နောက်ဘဝမကူးဘူးဆိုတာ သိပ်မှန်ပါကလား။ သူဝတ်နေကြ ပရီးမီးရား သင်္ကြန်အင်္ကျီ အဝါရောင်နှင့် အစိမ်းရောင်၊ စစ်ရောင်ဘောင်းဘီတို တို့နှင့်လည်းလမ်းခွဲလိုက်ပြီဆိုပဲ။ ဒါပေမယ့် သူသိပ်ချစ်တဲ့ သူ့ဆရာဟောင်း ဖရဲသီးပေးတဲ့ နာရီနှင့်တော့ ဆက်လက် လက်တွဲနေတုန်းပဲ။

(ကိုမြတ်မင်းနှင့်..ချစ်ကိုကြီး ကိုမြင့်လွင်..အတွက်အမှတ်တရ)
**************

Friday, March 28, 2008

ကသိကအောက်ကလေးများ..

(ဓါတ်ပုံ-သူငယ်ချင်းဒီဂျေ)
အာသီသ
***********
အင်း…ဘာလိုလိုနှင့် အိမ်နှင့် ဝေးနေခဲ့ရတာ ၆လတောင် ကျော်လာပြီ.. ဘာပဲပြောပြော.. ဘယ်နိုင်ငံ ဘယ်လောက်ကောင်းကောင်း..ကိုယ့်မိသားစု ရှိရာ ကိုယ့်ရေမြေကိုပဲ တမ်းတနေမိတယ်။ ကံကြမ္မာက ကိုမြတ်မင်းတို့လို မျက်နှသာ မပေးတော့ တစ်နှစ် ကိုးသီတင်း မိသားစု ၊ သူငယ်ချင်းတွေနှင့် ခွဲနေရတာဟာ အတိတ်ဝဋ်ကျွေး တစ်ခုလိုဘာပဲ။ အထူးသဖြင့် အခုလိုမျိုး သင်္ကြန်ရက် နီးကပ်လာတဲ့ အခါမျိုးမှာ ပိုလို့တောင် အိမ်ပြန်ချင်သေး။ ဒီမှာက အကန့်အသန့်ရှိတော့ အလုပ်ကောင်း တွေ့လည်း ခုန်ကူးချင်တိုင်း ခုန်ကူးလို့မရ၊ နောက်တစ်ခုက ကိုယ့်ကို ယုံကြည်လို့ နေရာသွင်းပေးထားတဲ့ သူကို မျက်နှာမပျက် စေချင်တာရယ်၊ နာမည်ရ ဈေးကွက်ဝင်ကာစ ရွှေမြန်မာတွေ ဦးကျိုးသွားမှာ စိုတာရယ် စတာတွေ စတာတွေကြောင့် အောင့်အီးသီးခံပြီး နှစ်နှစ် ပြည့်အောင်တော့ နေပေးရအုံးမပေါ့။

တဖြည်းဖြည်း အနေကြာလာတော့ အတွေ့အကြုံတွေလည်း တော်တော်ရလာတယ်။ ဟုတ်တာတွေရော မဟုတ်တာတွေရောပေါ့။ အဲဒီ အတွေ့အကြုံတွေ ထဲကမှ နည်းနည်း ကသိကအောက် ဖြစ်စရာလေးတွေကို ဝေငှပါရစေလား။
________________________________
တရုပ်နှင့်ပေါက်ဖေါ်မြန်မာတွေအတွက်သာ..
________________________________

ပြီခဲ့တဲ့ ဖေဖေါ်ဝါရီလ ၆ရက်နေ့က ကုမ္ပဏီMailboxကို ဖွင့်ပြီး ဖတ်နေတုန်း အားလပ်ရက်ကြေငြာတဲ့ Internal mail တစ်စောင်ကို ကြည့်ပြီး အတော့ကို လေသွားတယ်။ Mail Subject က for Chinese and Myanmar only တဲ့။ ကုမ္ပဏီမှာ ကုလားရှိတယ် ၊ အင်္ဂလိပ်ရှိတယ် ၊ မြန်မာတွေရှိတယ်၊ ပြီးတော့ အများစုက တရုပ်တွေပေါ့။ တရုပ်ကုမ္ပဏီကိုး။ ဘာကြောင့်လည်းတော့မသိ တရုပ်နှစ်ကူး အလုပ်ပိတ်တာ တရုပ်နှင့်မြန်မာတွေအတွက်ပဲတဲ့။ ကုလားနှင့် အဖြူတွေ ပွစိပွစိနှင့် နောက်နေ့ အလုပ်လာဆင်းတာ တွေ့ရတယ်။ ဒီလိုအဖြစ်မျိုး ဒီတစ်သက် ဒီတခါပဲမို့ တရုပ်တွေရဲ့ လုပ်ပုံကိုင်ပုံက မှတ်သားစရာ အတိရှိခဲ့ရပြီပေါ့။
____________________
တရုပ်တွေအတွက်သာ…
____________________
တရုပ်တွေ နှစ်ကူရင် သိကြတဲ့အတိုင်း မြန်မာပြည်မှာဆို ပွဲတော်ပဲ။ မိတ်ဆွေတွေ အားလုံးကို ဖိတ်ပြီး အရက်အဝတိုက်၊ အစားအစာကတော့ အလျှံအပယ်။ ဒီမှာကတော့ ဒီလိုမဟုတ် သူတို့ဘာသာ သူတို့ ညစာ တည်ခင်းစားသောက်ကြတယ်၊ တခြားသူဆိုလို့ မန်နေဂျာ အဆင့်တောင်မဖိတ်ဘူး။ ဒီတော့ ကုလားဆောက်လုပ်ရေး မန်နေဂျာတစ်ယောက်က စိတ်အချင်ပေါက်ပေါက်နှင့် နံနက်စာကို နှစ်ကူးရုံးပိတ်ရက် ရုံးတက်တဲ့ သူတွေအားလုံးအတွက် တကာခံသွားလေရဲ့။
________________
ကိုယ်ရနံ့ပြင်းပြင်း...
________________
အစကတော့ သိပ်သတိမထားမိ၊ ဒါပေမယ့် တရုပ်တွေအနား ကပ်လိုက်တိုင်း ပြင်းထန်ဆိုးဝါးတဲ့ ကိုယ်နံ့တွေ အမြဲရတတ်တယ်။ တစ်ယောက်တလေပဲ အောက်မေ့တယ် ဒါပေမယ့် အားလုံးနီးပါး ဒီအတိုင်းပဲ။ အနေကြာလာလို့ ဆန်းစစ်ကြည့်လိုက်တော့ သူတို့မှာ အဝတ်အထည်ရှားပါးတယ် ထင်ပါရဲ့ တစ်စုံကို အနည်းဆုံး ၃၊၄ရက် မချွတ်တမ်း ဝတ်တာ တွေ့ရတယ်။ ယေင်္ကျားလေးတင်မဟုတ် မိန်းကလေးတွေလည်း ဒီအတိုင်းပဲ။ သူတို့ မဝယ်နိုင်လို့လား ဆိုတော့လည်း ဒီလိုမဟုတ် သူတို့ရတဲ့ လခက အနည်းဆုံး တစ်လ ဒေါ်လာ ၈၀၀၀၊၁၀၀၀၀ မှာရှိတယ်။ နံနက်စာ ဝယ်ကျွေးတဲ့ မန်နေဂျာ ကုလား သုံသပ်ပြတာက ဒီတရုပ်တွေ လစာကောင်းကောင်း benefit ကောင်းကောင်း ရထားကြပေမယ့် သူတို့ရဲ့ နေထိုင်မှူ့ပုံစံကိုတော့ အခုထိ မပြောင်းသေးဘူးတဲ့။ ကုမ္ပဏီစံရိတ်နှင့်ဆို ကောင်းပေ့ဆိုတဲ့ ဟော်တယ်မှာစားပြီး ကိုယ့်အိပ်ထဲက ထုတ်ရမယ်ဆိုရင် အိမ် မရောက်ရောက်အောင် ပြန်ပြီး ခေါက်ဆွဲပြုတ် ပြုတ်သောက်လေ့ ရှိတယ်တဲ့။ လေ့လာကြည့်တော့ အဲဒီအတိုင်းပဲဗျ။
___________________
မနက်စာပေါင်မုန့်မစားရ....
___________________
ကန္တာရ အပန်းဖြေစခန်းကို မပြောင်းခင် နေရေးထိုင်ရေး စားရေးသောက်ရေး ဆွေးနွေးကြတော့ အစားအသောက်နှင့် ပါတ်သက်လို့ မန်နေဂျာနှင့် အခြေအတင် ဖြစ်ရသေးတယ်။ ဒူဘိုင်းတုန်းက ကိုယ်တိုင် ချက်စားတယ်ဆိုတာ သူတို့သိတော့ ဒီမှာလည်း ကိုယ်တိုင် ချက်စားဖို့ ပြောတယ်(သူတို့ရဲ့ ထုံးစံက ဥက္ကဌဆိုတဲ့ လူတောင် ကိုယ်တိုင် ချက်စားတယ် ဆိုပဲ)။ သူဆိုလိုတာက ပစ္စည်းအားလုံး ဝယ်ပေးမယ် ချက်တာ ကိုယ့်ဘာသာကိုယ် ချက်တဲ့။ လူနည်းတော့ သူတို့အတွက် စီစဉ်ရ ခက်တယ်တဲ့။ ဘယ်ရမလဲ ရေနံကုမ္ပဏီမှာ လုပ်လာတာ ကြာပြီ ဒါမျိုအတွေ့အကြုံ နည်းမှမနည်းပဲ။ အားလုံး နည်းနည်း ထအော်ပေးလိုက်တာ နောက်တော့ အဆင်ပြေသွားတယ်။ ဒါတောင် တရုပ်မန်နေဂျာက အလျှော့မပေးသေးဘူး၊ သူပြောလိုက်တဲ့ စကားကြောင့် အားလုံး လေသွားတယ်။ မနက်စာကို ပေါင်မုန့်မကြွေးဘူး ဘီစကစ်ပဲ ကြွေးမယ်။ ပေါင်မုန့်စားချင်ရင် ကိုယ်ဖာသာကိုယ်ဝယ်တဲ့။ တကယ်တော့ ဘီစကစ်က ဈေးပိုကြီးတာမို့ အားလုံးလည်း နောက်ကွယ်မှာ ဝါးကနဲပေါ့။ သူ့တားမြစ်ချက်ကို ဘယ်သူမှ နားမလည်၊ သူကိုယ်တိုင်တောင် နားလည်ရဲ့လား ဆိုတာ သံသရ ဖြစ်မိတယ်။

(အတင်းပြောတာ..မဟုတ်ပါဘူး…ထူးခြားတာလေးတွေ..မို့လို့ပါ..)
*************

Monday, February 25, 2008

သူငယ်ချင်းသို့ပြန်ပေးစာ(၁)

*************
princeocean
*************
သူငယ်ချင်း အာသီသ၊
မင်းရဲ့  စာကိုငါ ဖတ် ရ ပါ တယ် ။မင်း အဆင် ပြေ တယ်ဆို လို အရမ်း ၀မ်း သာ ပါ တယ် သူငယ်ချင်း။ ငါ ကို သတိ တယ မင်း ရဲ့  ကိုယ်ပိုင် အ ချိန် တွေကို သုံး ပြီး စာ တွေ ရေး တဲ့ အတွက် လဲ ကျေး ဇူး အထူး တင်ပါ တယ်။ ဒါပေမဲ့လည်း ငါစာချက်ချင်း မပြန်ရေးနိုင်တာကိုတော့ ခွင့်လွတ်စေချင်တယ်။ အကြောင်း တွေကတော့ ဒီမှာက မင်းတို့ ရေး တဲ့စာတွေကို ငါ တိုတွေဖတ်လို့  ရ အောင် မနည်း ကြိုး စား ရ တယ်။ပြန်ပြီး မင်း ရဲ့  ဘလော့မှာ ပြန်စာရေး ဖို့ ဆိုတာ ကတော့ အတော်ကို ကြိုးစား ရ ပါ တယ်။ မင်း လဲသိပါ တယ်။ ငါ ဆင်ခြေ ပေး တာ တော့ မဟုတ် ပါ ဘူး။ တို့ ဆီမှာ က ဒီ လို ဘဲ မဟုတ် လား။

ငါ မင်း တိုအတွက် အများ ကြီး ၀မ်း သာ ဂုဏ် ယူ မိ ပါ တယ်။ မင်း တို့  တတွေ ဟာ ကိုယ် ရဲ့  ယုံ ကြည် ရာ ကို ဆုံး ဖြတ် ချက် သေသေချာ ချာ ချ ပြီး အောင် မြင် အောင် သေ သေ ချာ ချာ လုပ် ကိုင် တတ် တဲ့ အတွက် ဒီ လို မျိုး မင်း တို တွေ အောင် မြင် တာ ပေါ့။ နောက် တခု က အရေး အကြီး ဆုံး ဖြစ် တဲ့ မင်း တို့  ရဲ့  စိတ် ဓါတ်။ လေး စား ပါ တယ် သူငယ်ချင်း။ အ ရမ်း လေး စား ပါ တယ် သူငယ်ချင်း။ ငါ မင်း တို့ ပေး တဲ့ အဆက် အသွယ် တွေ နဲ့  မင်း တို လို ဖြစ် အောင် ကြိုး စား ပါ မယ့် သူ ငယ် ချင်း။ ဒီ လို မျိုး ဆက် သွယ် ပေး တာ ကို က မင်း တို တာ ၀န် ကျေ ပါ တယ်။

မင်း သိ ပါ တယ် တို့  ဗ မာ တွေ ဟာ နိုင်ငံ ခြား ကို သွား ဖို့  အတွက် ၀န် ဆောင် ခ ဆို တာ ပေး ရ တယ်။ ဂျ ပန် ဆို ရင် အ တော် ကို ပေး ရ တယ် လို့  ကြား တယ် ။ ဒီ လို ဘဲ တခြား နိုင် ငံ တွေဆို ရင် လဲ ပေး ရ တာ ဘဲ ။ ဒါ ကို မင်း တို က ခြေ ဖျက် ပြစ်လိုက် တာ ဘဲ။ ကိုယ့် ရဲ့  ဗမာ တွေ ၊ ဗမာ ပြည် က သူ ငယ် ချင်း တွေ ကို လမ်း ဖွင့် ပေး လိုက် တာ ဘဲ။ ဒါ မှ ငါ တို သူငယ်ချင်း တွေ ရဲ့  မျိုး ချစ် စိတ် ဓါတ်၊ ကို ရဲ့  သူငယ်ချင်း တွေ အလုပ် ကောင်း တွေ ရ ဖို့  အတွက် မင်း တို့  ရဲ့  ဘလော့ တွေ မှာ အ လုပ် ကြော် ငြာ တွေ နဲ့  ပြည့်  နေ ခဲ့  တယ်။ မင်း တို့  ရဲ့  ကိုယ် ပိုင် အ ချိန် တွေ ကို သူငယ်ချင်း တွေ အ တွက် ပေး ဆပ် ခဲ့ တယ်။

ဒီ လို သူငယ်ချင်း ကောင်း တွေ ရ ခဲ့ တဲ့ ငါ တယောက် လဲ ငါ ကံ ကောင်း ပါ တယ်၊ ငါ တို တေ တွ ဟာ အ ခု အချိန် မှာ မင်း ပြော သလို စွမ်း အင်ငတ် မွတ် နေ တဲ့ ကမ္ဘာ ကြီး မှာ လူ သား အရင်း အ မြစ် လဲ ငတ် မွတ် နေ တယ်။ အရည် အ ချင်း နဲ့  ပြည် စုံ တဲ့ သူ တွေ လဲ အ များ ကြီး လို အပ် နေ မှာ ဘဲ။ ငါ တို ရဲ တံ ခွန် မှာ မင်း ပြော သလို ဘဲ မျိုး ဆက် သစ်တွေ ကို နေ ရာ ပေး သင့် ပါ တယ်။ ငါ တို့ အ တွက် က တော့ အနာ ဂတ် ဆို တာ မရှိ သလောက် ဘဲ။ တို ရဲ့  အနာ ဂတ် ကို တိုး တက် ဖို့  အ တွက် ဘယ် သူ ဆီ မှာ မှ တာ ၀န် မရှိ ဘူး။ ငါ တို ရဲ့  တန် ဖိုး ရှိ လှ တဲ့ ပညာ တွေ ကို ငါ တို ဆီ က နေ အလ ကား နီး ပါး ဦးဏောက် ဖောက် စား ခံ နေ ရ တဲ့ ဘ၀ က နေ လွန် မြောက် အောင် မင်း ပြော သ လို ဘဲ လုတ် ရ မှာ ဘဲ သူငယ်ချင်း။

ငါ က ရဲတခွန် ကို ချစ် တယ် ။ ငါ တို ကို ပြု စု ပျိုး ထောင် ပေး ခဲ့ တဲ့ နေ ရာ ဘဲ။ နောက် ပြီး တော့ ကိုယ် ရဲ့  ဗမာ ပြည်။ ကိုယ့် ရဲ့  တိုင်း ပြည် မှာ၊ ဘယ် လောက် စိတ် ချမ်း သာ မ လဲ လို၊ နောက် ပြီး တော့ မင်း တို လို အရည် အချင်း ရှိ တဲ့သူငယ်ချင်းကောင်း တွေ။ ဒါ တွေ ကို ငါ အရမ်း ခင် တွယ် မိ တယ်။ ငါ တို ဗ မာ တွေ ရဲ့  အရည် အချင်း ကို အ သိ အ မှတ် မ ပြု တဲ့ ဒီ လို နေ ရာ မျိုး ကို မင်း ပြော ထား တဲ့  လိပ် စာ တွေ ကို ဆက် သွယ် ပြီး ငါ မင်း တို ဆီ ကို လာ ခဲ့ ပါ မယ် သူ ငယ် ချင်း။

အဝေး မှာ ရောက် ရှိ နေ တဲ့ သူ ငယ် ချင်း များ အား လုံး ကိုယ် စိတ် ချမ်း သာ ရှိ ကြ ပါ စေ လို ဆု တောင်း ပါ တယ်။

မင်း တို ရဲ့ ………….

************

Sunday, February 24, 2008

တကယ်လို့များ....

**********
ဘော်ကြီး
**********

ဒူဘိုင်းက ကိုအာသီသ တစ်ယောက် netပေါ်မှာ blogဖွင့်ပြီး အရေးအသား ကောင်းကောင်းနဲ့ ဖွဲ့နွဲ့ တင်ဆက်နေတာ သူတို့လို ဘ၀တူ အရှေ့အလယ်ပိုင်း ရောက်နေတဲ့ ကျွန်တော်အတွက် အလွှမ်းပြေပါတယ်။ ကျွှန်တော်လည်း ရဲတံခွန်ပြင်ပ ရောက်နေခဲ့တာ တစ်နှစ်ခွဲ ရှိခဲ့ပါပြီ။

ကိုရဲတစ်ယောက် ဖိုးဇော်နဲ့ မရင်ကို ကျေးဇူးတင်ထားတော့ ကျွှန်တော်လည်း တင်ချင်ပြန်ရော။ ရဲတံခွန်ဟာ ကျွှန်တော်အတွက်တော့ အောင်မြေပါ။ မိန်းမရပြီး မိသားစုနဲ့ အတူနေ ဘ၀ကို ယူမယ်ဆိုပြီး ရန်ကုန်ရုံးချုပ်ပြောင်းလျှောက်တာ သူငယ်ချင်း လွင်မောင်ဦးက နှာတစ်ဖျားသာပြီး (ကျွှန်တော်က နှာခေါင်းပြားတယ်ဗျ) right slot ထဲကျသွားပါတယ်။ ဒါနဲ့ ၀မ်းနည်းစွာပဲ ရဲတံခွန်တော့ ပြန်မသွားတော့ဘူး ဘ၀ပျက်ခံမယ် ဆိုပြီး (၃)ရက်လောက် သန္ဓိဌာန်ချလိုက်တာ၊ သိကြားမင်း အလောင်းအလျာတွေ ဖြစ်ကြတဲ့ ကိုခင်မောင်လွင်နဲ့ ကိုဝင်းစိုးရွှေတို့ သူတို့ထိုင်နေတဲ့ ကျောက်ဖျာလှုပ်ပြီး S’pore ရောက်အောင် evacuate လုပ်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ မပြီးသေးပဲ (၆)လ အကြာမှာ ကမ္ဘာ့အကြီးဆုံး LNG Plant ကလွှတ်လိုက်တဲ့ ဖုတ်သွင်းရထား ဆိုက်လို့ S’pore မှာဘဲ (၈)လနီးပါး FAT လုပ်ရင်း အခု Qatar ဆိုတဲ့ မြန်မာက အညာလိုနေရာမျိုးမှာ အလုပ်လုပ်နေပါတယ်။ ဒီနေရာမှာ မာနနဲ့ အတ္တကို ရှေ့တန်း တင်မိလို့ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှာ သမီးလေး “နှစ်ဦးလာဘ်“ကို မွေးဖွားပေးခဲ့တဲ့ မိန်းမအနား ရှိမနေခဲ့ရတာ အခုထိ တွေးမိတိုင်း စိတ်မကောင်း ဖြစ်နေတယ်။ အပြစ်လည်း တင်မိတယ်။ ဒါပေမယ့် blessing in disguise ပေါ့ ၊

အခုဒီစာရေးချိန်မှာ Dubai မြေနင်းပြီး ဂန္ဓ၀င်ဖြိုးကြီးတို့ဆီ ရောက်လာတဲ့ ဒေါ်မြင့် သတိတရ ကျွှန်တော့်ဆီ ဖုန်းခေါ်ခဲ့သေးတယ်။ ရဲတံခွန် ရောင်းရင်းတွေနဲ့ ဝေးနေပေမယ့် onlineမှာ တွေ့နေရတော့ နီးသလို ခံစားရပါတယ်။ မြတ်မင်းလည်း ရေကြည်ရာ မြတ်နုရာ ရှာရင်း ရောက်နေပြန်ပါပြီ။ နွားကြီး တစ်ယောက်လည်း S’pore Jurong Island မှာ ရောက်နေတဲ့ အကြောင်း၊ ရဲတံခွန်က ကိုကို တစ်ယောက်လည်း နောက်လမှာ S’poreမှာ အလုပ်ရှာမယ့် အကြောင်းတွေ ကြားရပါတယ်။ အောင်လံက ချစ်ကိုကြီးလည်း စောတင်မောင် မဖြစ်အောင်၊ ည ၂ ချက်တီး ကထဲက Grand Plaza Park Royal ရှေ့မှာ interview မလွှတ်ဖို့ ထိုင်စောင့်နေခဲ့တဲ့ အကြောင်းလဲသိရပါတယ်။

ဆိုတော့ကာ၊ ဖြစ်နေတဲ့ အခြေအနေတွေကို သုံးသပ်ရင်း နိဂုံးချုပ်ရရင်၊ ရန်ကုန်ရုံးမှာသာ အလုပ် ရခဲ့ရင်၊ ပြီးတော့ အောင်မြင်နေတဲ့ ကိုခင်တို့အဖွဲ့၊ ဂန္ဓ၀င်ဖြိုးကြီးတို့အဖွဲ့၊ ကိုမြတ်မင်းတို့အဖွဲ့ တွေရဲ့ အောင်မြင်မှုတွေ အားကျပြီး လိုချင်တမ်းတစွာနဲ့ အခွင့်အရေး တွေကို ထပ်ရှာနေမိခဲ့ရင်………။


ကျေးဇူးတင်စကား။ ။ Dick, Jack, မရင်, မစိမ့်, ကိုခင်မောင်လွင်, ကိုဝင်းစိုးရွှေ, ကိုလွင်မောင်ဦး နဲ့ အလုပ်ထွက်လို့ စိတ်ပူပြီး email များနဲ့ ပြန်ခေါ်အားပေးခဲ့တဲ့ Nagappan တို့အား ကျေးဇူးတင်ရှိရင်း၊၊

**********

Wednesday, February 20, 2008

မျိုးချစ်စိတ်



**************
အာသီသ


တစ်ပါတ်ကို နှစ်ကြိမ်လောက်တော့ အိမ်ကို ဖုန်းဆက်ဖြစ်တယ်။ အစကတော့ GSM ဖုန်းသုံးတော့ ဈေကြီးလို့ မဆက်နိုင်ဘူး။ တစ်မိနစ်ကို တစ်ဒေါ်လာကျော် ဆိုတော့ ဖုန်းဖိုး တော်တော် ထိတယ်။ ပိုဆိုးတာက ဟိုဘက်က ကိုင်ကိုင် မကိုင်ကိုင် Ring သွားတာနှင့်ကို စဖြတ်တော့တာပဲ။ ရောက်ရောက်ချင်း ဆိုတော့ မသုံးမဖြစ် သုံးရတယ်။ နောက် Internet phone ရှာကြည့်တော့ ပွင့်နေတဲ့ လိုင်းတစ်ခု သွားတွေ့တယ်။ အဲဒါ တွေ့တော့မှ အားရပါးရ ပြောရတော့တယ်။ သက်သာတာကိုး ၊ တစ်မိနစ်မှ မြန်မာပြည်ကို ၂၈စင့်ပဲ ကျတယ်။ ရွှေမြန်မာပြည် ကတော့ ဈေးအကြီးဆုံး ထဲမှာ ပါတယ်။ အမေရိကားဆို အလကား ၊ မြန်မာပြည်မှာ အပိတ်ခံလိုက်ရတဲ့ Media Ringtalk လိုမျိုးပေါ့။ Media Ringtalkက စင်ကာပူ ဆိုရင် တပြားမှ မပေးရဘူး။ ကျွန်တော်တို့ မိတ်ဆွေကြီး ကိုခင်သက်ရဲ့ အသည်းလို့ ပြောသံကြားဘူးတယ်။

တစ်နေ့ အိမ်ကို ဖုန်းဆက်တော့ ထုံးစံအတိုင်း ကျွန်တော့ အသည်းကျော် သမီးအကြောင်း ပြောဖြစ်တယ်။ ကျွန်တော့ သမီးက ၄နှစ် ပြည့်ကာစ ၊ အရင်ကတော့ ဒဂုံတစ် နားက M.E.C ဆိုတဲ့ မူကြိုမှာ ထားတာ ၊ မကြာသေးခင် ကမှ P.I.E.C ကို ပြောင်းထားလိုက်တာ။ သူ့ နာမည်က ယွန်းသုလဝန်း။ ဒီနာမည်လေးကို ကျွန်တော်ကိုယ်တိုင် ရွေးပေးထားတာ။ မြန်မာ ဆန်ဆန်လေးနှင့် အတော်လှတဲ့ အမည်လေးမို့ လူတိုင်း သဘောကျ ကြတယ်။ ကိုယ့်ကိုကိုယ်လည်း နည်းနည်း ဘဝင်မြင့်သွားတယ်။

ပြောဖြစ်တဲ့ အကြောင်းက အသိကောင်မလေး တစ်ယောက်က ဘာစိတ်ပေါက် လို့လည်းမသိ ကျွန်တော့သမီးကို Pinky လို့ခေါ်မယ်ဆိုပြီး ပြောလိုက်တာ သဘောတွေကျပြီး တ Pinky တည်းကီနေတာ အခုသူ့အမည် Pinkyဖြစ်သွားပြီတဲ့။ ကျောင်းမှာ သူ့က အားလုံးကို Pinky လို့ပဲ မိတ်ဆက်ပြီး အခုအားလုံးက သူ့ကို Pinky လို့ပဲ ခေါ်ကြတယ်တဲ့။ ဒီကောင်မလေး ဒီအရွယ်လေးနှင့် ဘယ်လိုလုပ်ပြီး ဒီလို တုန့်ပြန်မှု့မျိုး ရှိလည်းဆိုပြီး အံ့အားသင့်ပေမယ့် နည်းနည်းတော့ စိုးရိမ်သွားတယ်။ ကျွန်တော် ပေးခဲ့တဲ့ မြန်မာဆန်ဆန် အမည်ကလေး ပျောက်သွားမလား လို့ပေါ့။ သူ့အမေကတော့ ဘာမှမတွေး ၊ သူ့သမီးကိုသာ သဘောတွေ ခွေ့နေတာပေါ့။ ကျွန်တော့ အနေနှင့်က သူတို့ခေတ်မှာ ဖြစ်လာမယ့် အပြောင်အလည်း တွေရဲ့နောက် ကျန်ခဲ့မှာစိုးလို့ ၊ ခေတ်အခေါ် ဘိုကျောင်းပို့ထားတာ။ သူ့ကို ဘိုစိတ် ပေါက်စေချင် လို့တော့ မဟုတ်။ တကယ်တော့ ကလေးမှာလည်း အပြစ်မရှိ ၊ တဖြည်းဖြည်းနဲ့တော့ သဘောပေါက်အောင် နားလည်အောင် လမ်းကျောင်းရမှာပေါ့။

အခုကျွန်တော်တို့ လုပ်နေတဲ့ ကုမ္ပဏီက တရုပ်ကုမ္ပဏီ ဆိုတော့ တရုပ်မိသားစုတွေ နှစ်သစ်ကူး အလည်လာကြတယ်။ ကလေးလေး တွေလည်း ပါလာကြတယ်။ မြန်မာလို ခုနစ်တန်းအရွယ် ကောင်မလေး တစ်ယောက်ကို နာမည်မေးကြည့်တာ တရုပ်နာမည် ဆိုတော့ မှတ်ရခက်လို့ ဗိုလ်နာမည် မရှိဘူးလားလို့ မေးတော့ သူပြောတဲ့ စကားလေးကြောင့် မင်သက်မိသွားတယ်။ သူ့မှာ ဗိုလ်နာမည် မရှိဘူး မလိုလည်း မလိုချင်ဘူးတဲ့ ၊ တရုပ်နာမည်ပဲ ကြိုက်တယ် တရုပ် ဖြစ်ရတာကို ဂုဏ်ယူပါတယ် ဆိုပြီး ဘိုလို ပြန်ပြောပါသဗျ….ကဲ။


မှတ်ချက်။ ။ တရုပ်ပြည်မှာလည်း ဘိုနာမည် ပေးတာ ခေတ်စား နေပါသတဲ့။ လူဦးရေ များလွန်းတော့ အမည်တွေ ထပ်နေပြီး ပေးဖို့အမည် ရှာရခက်နေလို့ ဘိုနာမည်တွေဆီ ဦတည် လာတယ်လို့ ဆိုတယ်။ ဒါမေမယ့် ကျွန်တော့သမီးက ဘာကြောင့် သဘောကျ လည်းတော့မသိ ၊ မိုက်ကယ်ဂျက်ဆင်လို အသားရောင်တွေပါ ပြောင်းချင်လာရင် ဒုက္ခပဲနော…….။


(သမီး..ယွန်းသုလဝန်း..အတွက်..အမှတ်တရ)

***************

Saturday, February 16, 2008

သတိ..ရှော့ရှိသည်



**********
အာသီသ
***********
ဗယ်လင်တိုင်းဒေး(ခေါ်)ချစ်သူများနေ့တဲ့။ အမျိုးသား ခေါင်းဆောင်ကြီးရဲ့ မွေးနေ့နှင့် တစ်ရက်ပဲ ကွာတော့ သိပ်မှတ်ရ မခက် ၊ အရေးတယူလည်း မှတ်မထားတာ ကြာပြီ ၊ အိမ်ထောင် ကျပြီး ကတည်းက ဆိုပါတော့။ လူပျို တုန်းကတော့ ဘာရယ် ညာရယ်မဟုတ်၊ သူများ လုပ်သလို လိုက်လုပ် လိုက်တာပဲ ရှိတယ်။ ဘာရယ်ညာရယ် သေသေချာချာ မသိ ၊ သစ်ရွက် လှုပ်တာတောင် ဟိုလွမ်းသလို ဒီလွမ်းသလို ရှိနေ လေတော့ ၊ ကိုယ် အလေးအနက် ထားတဲ့ သူ (သို့) သူတွေကို ၊ အသည်းရောင် အမှတ်တရ ပစ္စည်းလေးတွေ ပေးပို့ ခဲ့ဖူးတယ်။ ထားလိုက်ကြပါစို့ အတိတ်ကို အတိတ်မှာ။ သိချင်တဲ့ စိတ်ကလေးက အမြဲတမ်း ရှိနေလေတော့ ဗယ်လင်တိုင်းဒေး ဆိုတာ ဘာကြောင့် ဖြစ်လာသလဲ ဆိုပြီး စ လေ့လာပါတယ်။ လွယ်ပါတယ် မြန်မာပြည် မှာလည်း လူငယ်တွေ celebrateလုပ်တော့ ၊ ဒီလထုတ် မဂ္ဂဇင်း တွေမှာဆို ဆောင်းပါးတွေ ပါနေကြ။ တစ်ချို့ အကောင်းဘက်က ရေးကြပြီး တစ်ချို့က ဆန့်ကျင်ဘက် အမြင်နှင့် ရေးကြတယ်။ ဒါက ဘာမှပြောစရာ မရှိ ၊ လူတိုင်းမှာ မွေးရာပါ လွတ်လပ်ခွင့် ရှိပြီးသားမို့ ကြိုက်တာ မကြိုက်တာ က ပုဂ္ဂလိက ခံစားချက်။

သိချင်လိှု့ ဖတ်ကြည့် တော့လည်း သမိုင်း အတိကျ မသိရ ၊ တချို့က Valentine ဟာ ၃ရာစု ရောမဧကရာဇ် Claudius-II လက်ထက်က ဘုန်းတော်ကြီး ဖြစ်တယ်။ Claudius ယုံကြည်တာက လူပျို လူလွတ် တွေဟာ အိမ်ထောင်သည် တွေထက် စစ်မှု့ထမ်းရာမှာ ပိုထိရောက်တယ်။ ဒါ့ကြောင့် လူငယ်တွေကို ဧကရာဇ် က လက်ထပ်ခွင့် မပေးဘူး။ အဲဒါကို Valentineက မတရားမှု့လို့ မြင်ပြီး ဧကရာဇ်ကို ဆန့်ကျင်ကာ လူငယ်တွေကို တိတ်တဆိတ် လက်ထပ်ပေးခဲ့တယ်။ အဲဒီ အမှု့ကို Claudiusသိသွားလို့ Valentineသေဒါဏ် ပေးခြင်း ခံရတယ်လို့ ပြောတယ်။ တချို့က Valentineဟာ ရောမ ထောင်ထဲက အနိပ်စက် အညဉ်းပမ်းခံ ခရစ်ယာန် ဘာသာဝင်တွေကို ကယ်ထုတ်ဖို့ ကြိုးစားရင်းက အသတ်ခံ ရဟန် တူပါတယ်တဲ့။ တချို့က Valentineဟာ ထောင်သွင်း အကျဉ်းကျ ခံနေရစဉ် အသက်ငယ်ငယ် ထောင်မှူးသမီးနှင့် ချစ်ကြိုက်မိပြီး အသတ်မခံရခင် ကောင်မလေးကို စာတစ်စောင် ပေးထားခဲ့တယ်။ အဲဒီစာမှာ ပါတဲ့ From your valentine ဆိုတဲ့ ဖေါ်ပြချက်ကို ယနေ့တိုင် သုံးနေကြတုန်းပဲတဲ့။ ဘာကြောင့် ဖေဖေါ်ဝါရီလ ၁၄ ကို Valentine’s dayလို့ သတ်မှတ်လည်း ဆိုတဲ့ မေးခွန်းမှာလည်း အဖြေတွေ ကွဲပြားစွာ ရှိနေတာ တွေ့ရတယ်။ တစ်ချို့က Valentine သေတဲ့နေ့ (သို့) မြေမြုပ် သဂြိုလ်တဲ့နေ့ ကို ယူထားတာလို့ ပြောတယ်။ တခြား ယူဆချက် တွေလည်း ရှိသေးတယ်၊ ဘယ်ဟာ မှန်လည်းတော့ မသိ။ ထားပါတော့ အဲဒါလည်း ခဏ။

နိဒါန်း ရှည်သွားတော့ ပြောမယ့်ဟာတောင် မေ့တေ့တေ့ဖြစ်သွားတယ်။ အထက်မှာ ပြောခဲ့သလို ဗယ်လင်တိုင်ဒေး ဘာမှန်းမသိ ၊ ဒါပေမယ့် တစ်ယောက်နှင့် တစ်ယောက် ချစ်ခြင်း သင်္ကေတ အထိမ်းအမှတ် လက်ဆောင် လေးတွေ ပေးကြ ဖလှယ်ကြ ဆိုတော့ အတော့ကို ကြည်နူးစရာ ကောင်းတဲ့ နေ့တနေ့ ပါပဲ။ တပ်မက်တဲ့ စိတ်နှင့်ပဲ ဖြစ်ဖြစ် လူသားအချင်းချင်း ချစ်ခင်ကြတယ် ဆိုလျှင်ပဲ ကောင်းသော လုပ်ရပ်လေး အဖြင့် လက်ခံ လိုက်မိပါတယ်။ ဒါပေမယ့် ကျောင်းတုန်းက သူငယ်ချင်း တစ်ယောက်လိုမျိုး လှပတဲ့ နေ့ကလေးမှာ အကျည်းတန်တဲ့ အဖြစ်မျိုး ဖြစ်အောင် မလုပ်မိကြဖို့ သတိပေး ချင်တာနှင့် လျှာရှည် မိသွားတာပါ။ ရည်းစား နှစ်ယောက် တစ်ပြိုင်တည်း ထားတဲ့ ကျွန်တော့ သူငယ်ချင်းဟာ ဗယ်လင်တိုင်းကဒ် မှားပေးမိတဲ့ အတွက် အတော့ကို ဒုက္ခ ရောက်သွားခဲ့တယ် ဆိုတဲ့ အကြောင်းလေးပါပဲ။ တော်ကြာ ကောင်မလေး ပေးမယ့်ကဒ် ၊ မိန်းမဆီ ပို့မိနေမှဖြင့် ဗယ်လင်တိုင်း ပို အကျည်းတန် နေပါအုံးမယ်လို့………..။

(ကမ္ဘာမှာ ခရစ္စမတ်ပြီးရင် ကဒ်အများဆုံး ပေးပို့ကြတဲ့ အထိမ်းအမှတ် နေ့တနေ့ ဆိုပါလား)

**************

Sunday, February 10, 2008

လက်ခုပ်ပဲ....တီးတော့မှာလား

***********
အာသီသ

တနေ့က တရုတ်နှစ်ကူး ရုံးအားလို့ ဘာလုပ်ရမလဲ မသိ၊ စာဖတ် ချင်တာနှင့် မဖတ်ဖြစ်တာ ကြာပြီ ဖြစ်တဲ့ Reader Digest ကို ဝယ်ပြီး ဖတ်နေမိတယ်။ January Issue ပါ။ ဟိုလှန် ဒီလှန်နှင့် စိတ်ဝင်စားစရာ အကြောင်းအရာကို ရှာနေတုန်း Heroes ဆိုတဲ့ ခေါင်းစဉ်ကို တွေ့တော့ စိတ်ဝင်စား တာနှင့် ဖတ်ကြည့်မိတယ်။ ကိုယ်ကျိုးမငှဲ့ လူသားချင်း စာနာစိတ် ရှိရှိနှင့် သူတပါးကို ကူညီ ၊ သူတပါး အသက်ကို ကယ်တင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ ကူညီ ကယ်တင်ခဲ့ပုံ ဇါတ်လမ်းအကျဉ်း ၁၁ခုကို ဖေါ်ပြထားပြီး မိမိ ကြိုက်နှစ်သက်ရာ အကောင်းဆုံးကို The hero of the year အတွက် မဲပေးနိုင်ကြောင်း ဖေါ်ပြထားပါတယ်။ တော်တော် မဆီလျှော်တဲ့ အစီအစဉ် ပဲလို့ စိတ်ထဲ မှတ်ချက် ပေးနေမိပါတယ်။ ဘာပြုလို့လဲ ဆိုတော့ သူတို့ အားလုံးဟာ The heroes of the year ပဲ မဟုတ်ပါလား။ အမှန်တကယ်တော့ သူတို့တွေဟာ ပြိုင်ပွဲဝင်ဖို့ ရည်ရွယ်ပြီး သူတပါးကို ကူညီကယ်တင် ခဲ့တာမျိုးမဟုတ်၊ ခရီးသွားဟန်လွှဲ ဒုက္ခရောက်နေတဲ့ ဘေးအန္တရာယ် တွေ့နေတဲ့ သူတွေကို လူသားစိတ်ရှိရှိ အကျိုးမမျှော်ပဲ လုပ်သင့် လုပ်ထိုက်တာကို လုပ်ဆောင်ခဲ့ သူများသာ ဖြစ်ပါတယ်။ Reader Digest အနေနဲ့ ဂုဏ်ပြု ဖေါ်ပြတယ် ဆိုရင်လည်း အားလုံးကို သူကောင်း ပြုသင့်ပါတယ်။

မြန်မာပြည် မှာလည်း ဒါမျိုး အဖြစ်အပြစ်တွေ အများကြီး ရှိမှာပါ။ မှတ်တမ်း တင်မထား တာပဲ ဖြစ်ပါလိမ့်မယ်။ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ကျွန်တော် သိခဲတဲ့ သူရဲကောင်း တစ်ယောက် အကြောင်း ဖေါ်ပြ ပါရစေ။ အဲဒီတုန်းက အိမ်ထောင် ကျကာစ၊ ကလေးလည်း မရသေးတော့ အားလပ် ချိန်တွေမှာ ညနေတိုင်း တက္ကသိုလ် ရေကူးကန်မှာ ရေသွားသွား ကူးဖြစ်တယ်။ တစ်နေ့ ကျွန်တော်တို့ ရေကူးပြီး အင်းယား ကန်ဘောင်ပေါ် လမ်းလျှေက်ပြန်အလာ၊ လူတွေတန်းစီပြီး ကြည့်နေတော့ ဘာဖြစ်တာလဲ ဆိုပြီး ဝင်စပ်စုမိတယ်။ ဆယ်ကျော်သက် ချာတိတ် တစ်ယောက် Life Jacketနှင့် ကမ်းဆီ အသည်းအသန် ကူးလာနေတာ တွေ့ရတယ်။ သူနှင့် မလှမ်းမကမ်းမှာ နှစ်ယောက်စီး Canoeလို လှေတစ်စီးကို မှောက်လျှက်သား တွေ့ရပြီး၊ နောက်ရွယ်တူ ချာတိတ် တစ်ယောက်က လှေကို ဖက်တွယ်ထားတာ တွေ့ရတယ်။ ကမ်းဆီကူးလာနေတဲ့ ချာတိတ်ဟာ ရေလုံးဝ မကူးတတ်ဘူး၊ ပိုဆိုးတာက သူဝတ်ထားတဲ့ Life Jacketဟာ ပေါက်ပြဲနေပြီး ရေတွေ ဝင်နေတာကြောင့် သူ့ကို ရေထဲ ဆွဲချ နေသလို ဖြစ်နေ ပါတော့တယ်။ ကန်ဘောင်ပေါ်မှာ ကြည့်မယ့်သူသာ ပိုပိုများလာပြီး ကယ်မယ့်သူ တစ်ယောက်မှ မတွေ့ရသေး။ ဆောက်တည်ရာမရ ဖြစ်နေတဲ့ ချာတိတ်ဟာ ရှိသမျှ အင်အားနှင့် အသကုန် ကူးခတ်ရင်း ပါစပ်က ကျွန်တော့ကို ကယ်ပါ၊ ကျွန်တော်ရေမကူးတတ်ဘူး၊ ကျွန်တော် နှစ်တော့မယ် လို့သာ အော်နေပါတယ်။ အမှန်တကယ်ဆို ကျွန်တော် ဆင်းကယ် ခဲ့သင့်ပါတယ်။ ကျွန်တော်ဟာ ရေကောင်းကောင်း ကူတတ်ပါတယ်၊ အလေ့အကျင့်လည်း ကောင်းကောင်း ရှိပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်ပါ ရောပြီး နှစ်သွားမှာ ကြောက်တဲ့ စိတ်က လွှမ်းမိုးနေလို့ ကျွန်တော် မဆင်းဖြစ် ခဲ့တာပါ။ အဲဒီ အကြောင်းကို ပြန်တွေးမိတိုင်း ရှက်နေမိပါတယ်။ နှစ်တော့မဲ့ဆဲဆဲ ချာတိတ်ကို အသားညိုညိုနှင့် လူတစ်ယေက်က တစ်ယောက်ထဲ ဆင်းကယ် သွားခဲ့ပါတယ်။ ကယ်တင်ရှင်ကြီးဟာ သူ့အလုပ်ပြီးတာနှင့် ဘာမှ မပြော၊ ရေစိုဝတ်နှင့်ပဲ ထွက်သွား ပါတော့တယ်။ ကျွန်တော် အပါဝင် ရပ်ကြည့်နေသူ အားလုံး လက်ခုပ်တီးပြီး ကျန်ရစ်ခဲ့ပါတယ်။ လှေကို တွယ်ဖက်ထားတဲ့ ချာတိတ်ကိုတော့ စက်တပ်လှေ တစ်စီးက လာကယ်သွားပါတယ်။ လမ်းတလျှောက် ကိုယ့်ကိုကိုယ် ဝေဖန်ရင်း ရှက်ရှက်နှင့် အိမ်ပြန် ခဲ့ပါတော့တယ်။ အကယ်၍ ချာတိတ်သာ ကယ်သူ မရှိလို့ ရေ နှစ်သွားခဲ့ရင် …………။

” အသားညိုညိုနှင့် ကယ်တင်ရှင်ဟာ ကျွန်တော့အတွက်တော့ The hero of my lifetime ပါပဲ။ ”

***************

Saturday, February 9, 2008

ဝိဇ္ဇာ နှင့် စရဏ

***************
အာသီသ

ကြာသပတေးနေ့ ညက ဘဝတပါး ပြောင်းသွားတဲ့ ကိုသက်ညွန့် သတင်း ကြားလိုက်ရတော့ တော်တော့ကို စိတ်မကောင်း ဖြစ်ရပါတယ်။ ကိုသက်ညွန့် နှင့်တော့ ပုဂ္ဂိုလ်ရေးအရ သိပ်မခင်၊ ဒါပေမယ့် ကိုသက်ညွန့်ရဲ့ ဝမ်းကွဲညီမနှင့်က သိပ်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်တော့ ကိုသက်ညွန့်ရဲ့ ကျန်းမာရေး အခြေအနေကို အမြဲ ကြားနေရတယ်။ ပထမ ဆုံးအကြိမ် ကိုသက်ညွန့် ဆေးရုံတင်တော့ ကျွန်တော် သွားကြည့် ဖြစ်သေးတယ်။ အဲဒီတုန်းက သူ ကားမောင်းရင်း လေဖြတ် သလိုမျိုး ခံစားရပြီး၊ သိပ် မကြာခင်မှာပဲ တစ်ကိုယ်လုံး လှုပ်လို့ မရ ဖြစ်သွားလို့ ဆေးရုံ တင်လိုက်ရတယ်တဲ့။ ရောဂါ ဇက်မြစ် လိုက်ကြည့်တော့ သွေးကင်ဆာလို့ ဆရာဝန်က အမည် တပ်တယ်တဲ့။ အချိန် ဘယ်လောက် ကြာသွားလည်းတော့ မသိ၊ ကိုသက်ညွန့်ကို ရုံးမှာ ပြန်တွေ့တော့ တကယ့်လူကောင်း ပကတိပဲ။ နည်းနည်း ဝ လာတာတော့ သတိ ထားမိတယ်။ ရဲတံခွန်မှာတောင် တစ်ခေါက် ဆုံလိုက်သေး၊ သူ့မှာ ဘာခံစားမှု့မျိုးမှ မတွေ့ရ။ နောက်ဆုံး ကြားရတဲ့ သတင်းက ကိုသက်ညွန့်မှာ သွေးကင်ဆာ မရှိ၊ အခြေအနေ ကောင်းပါတယ် ဆိုတာပဲ။ အဲ…….အခုကျတော့ ဆုံးပြီတဲ့….။

သေခြင်းတရားဆိုတာ နေ့မြင် ညပျောက် ညမြင် နေ့ပျောက် ပါပဲလား။ ထူးဆန်းတဲ့ အဖြစ် အပြက်တော့ မဟုတ်၊ ဒါပေမယ့် နေမယ်ဆို သူ့အသက်ရဲ့ နောက် တစ်ပြန်လောက် နေလို့ရသေး။ အခုကျတော့… အင်း…. တိုတောင်းလိုက်တဲ့ ဘဝ။

အခုတလော အမျိုးတွေ ထဲမှာရော အသိတွေ ထဲမှာပါ ဆုံးပါးမှု့တွေ ခဏခဏ ကြားရတော့ ကိုယ့်အလှည့်ရော ဘယ်တော့လည်းလို့ မကြာခဏ တွေးမိတယ်။ လူဆိုတာ မွေးလာတာ သေဖို့ တစ်ခုတည်း အတွက်ပဲလား၊ ဒါဆို လူ့ဘဝ အဓိပ္ပါယ်ဟာ ဘာလဲ ဆိုတဲ့ အဖြေ ရှိပြီးသား မေးခွန်းကိုပဲ ထပ်ခါ တလည်းလည်း ပြန်မေး နေမိတယ်။ အဝိဇ္ဇာ ဖုန်းထားလို့ ရုပ်နာမ် သင်္ခါရ သဘောတရားကို မဆင်ခြင် နိုင်တော့ သေခြင်းတရား ဆိုတာကို ရင်ဆိုင်ဖို့ ကြောက်ရွံ့နေတာ အမှန်ပဲ။ ဒါပေမယ့် အသေအချာ ရောက်လာမယ့် ဘေးကို ပြေးတွေ့ရန် ပြင်ဆင်ဖို့ အချိန် ရောက်နေပြီ ဆိုတာကို သိလျှက်နှင့် ငြင်းပယ် နေမိတယ်။ ထားခဲ့ရမယ့် အရာတွေကိုသာ အသည်းအသန် ရှာဖွေနေပြီး၊ ယူသွားရမှာ တွေအတွက် အားထုတ်ဖို့ ကြတော့ တုန့်နှေး နေမိတယ်။ ဘဝကို တပ်မက်တဲ့ ဘဝတဏှာ ရှိနေသေးသရွေ့ နောက်ဘဝ ထပ်ရမယ် ဆိုတာလည်း သိနေပြီးသား၊ ဘဝ ထပ်ရရင် အိုခြင်း နာခြင်း သေခြင်း စတဲ့ ဒုက္ခတွေ ထပ်ရနေ အုံးမယ်ဆိုတာ သိလျှက်သားနှင့် ဘာကြောင့်မို့ လွှတ်မြောက်ဖို့ မကျိုးစား လည်းမသိ။ ဥာဏ်နည်းတော့ အရှေ မမြင်၊ တဘဝတာ ကောင်းစား တာကိုပဲ အဟုတ်ထင် နေမိတာတော့ အမှန်။ တစ်ခုခု စလုပ်ဖို့ အချိန်တန် နေပါပြီ….တကယ့်ကို အချိန်ရောက် နေပါပြီ။

***************

Tuesday, February 5, 2008

တိမ်တိုက်တွေကြားတိုးဝှေ့ကြည့်ခြင်း


***********

အာသီသ
ပြီးခဲ့တဲ့အပါတ် ရုံးအားရက်ဖြစ်တဲ့ သောကြာနေ့က ကျွန်တော့်တို့ ဆီကို အလည်လာ နေကြ သူငယ်ချင်း တစ်ယောက် ရောက်လာတယ်။ သူနှင့်အတူ သူ့ Lap top လေးပါ ပါလာတယ်။ ကျွန်တော် ကိုယ်တိုင် လိုက်ဝယ် ပေးထားတဲ့ ကွန်ပြူတာလေးပါ။ အဲဒီ ကွန်ပျူတာမှာ ဖြစ်နေတဲ့ ပြဿနာ လေးတွေကို ကြည့်ပေးဖို့ အကူအညီ တောင်းတော့ တတ်သလောက် မှတ်သလောက် လေးနှင့် လုပ်ပေးလိုက်တာ ကောင်းသွားပါတယ်။ ယောက်ျားလေး ပီပီ ဟိုပုံ ဒီပုံတွေ ပါလာလို့ ကြည့်မလား မေးရင်း သူက ရုတ်တရက် သတိရလာပြီး ကျွန်တော့ကို ပုံတချို့ထုတ်ပြပါတယ်။ သူဘယ်က ရလာသလဲတော့ ကျွန်တော် မမေးမိလိုက်။ သူပြတဲ့ ပုံတွေကို ကြည့်ပြီး တော်တော့ကို တုန်လှုပ် သွားမိပါတယ်။ အခုခေတ် လူတွေရဲ့ ကိုယ်ကျင့်တရား နှင့် အကျင့်သိက္ခာ ကို မေးခွန်း ထုတ်မိတဲ့ အထိပဲ။ ဒီပုံတွေ ဘယ်လောက် အတိုင်းအတာ အထိ ပြန့်နှံ့ နေလည်းတော့ သေချာမသိ။ ဆက်သွယ်ရေး ခေတ်ကြီးမှာ အဲဒီအတွက် ပူစရာမလို။ တွေးမိတာက ဒီပုံတွေကို ကြည့်ဘူးတဲ့သူ ဘယ်နှစ်ယောက်များ ဖန်တည်း သူတွေကို ရှုတ်ချပြီး ၊ ဘာမှ မသိလိုက်တဲ့ ကာယကံရှင် တွေကို ကိုယ်ချင်းစာစိတ် ထား ဂရုဏာ သက်လိုက်ကြလည်း သိချင်နေမိဧ။်။ သမီးရှင်တွေ အားလုံးအတွက် သောကများ ရင်လေးဘွယ်ရာပင်။

လူစိတ်မရှိတဲ့ လူတစ်ယောက်(သို့)လူတစ်ချို့ဟာ ရုံးခန်းပါ ငှားတဲ့ ဟော်တယ် တစ်ခုရဲ့ မိန်းကလေး အိမ်သာထဲမှာ လူမမြင်အောင် လျှို့ဝှက် ကင်မရာကို တမင် ရည်ရွယ်ချက် ရှိရှိနှင့် လိုချင်တဲ့ နေရာ ရအောင် အတိအကျ ချိန် ရွယ်ပြီး မိန်းကလေးတွေ အပေါ့သွားတာကို ရိုက်ထားတဲ့ ပုံတွေဖြစ်ပါတယ်။ ဒီလူယုတ်မာ တွေရဲ့ သားကောင်တွေ ဖြစ်သွားတာ ဘယ်နှစ်ယောက် ရှိလဲတော့ သေချာမသိ၊ ကြည့်လိုက် ရတာကတော့ ၆ယောက်။ သူတို့ ယုတ်မာမှု့က ဒီမှာတင် ရပ်သွားတာ မဟုတ်၊ တစ်ယောက်ချင်းစီရဲ့ ပုံတွေကို လေးပုံကို တစ်ပုံဖြစ်အောင် ပေါင်းပြီး ဓါတ်ပုံပေါ်မှာ အမည် အလုပ်အကိုင် နေ့ရက် အချိန် စတာတွေကိုပါ ထည့်သွင်း ဖေါ်ပြ ထားတာ တွေရတော့ ကမ်းကုန် တာတင်မဟုတ် ကမ်းပါ လွန်နေပြီ။ ဒီထက် ပိုဆိုးတာက ကွန်ယက်ပေါ် ရောက်နေနှင့်ပြီ။

ကာရကံ ရှင်တွေဟာ အပျိုရွယ် မိန်းကလေးတွေ ဖြစ်ဟန် တူပါတယ်။ အကယ်၍သာ သူတို့များ ဒီအဖြစ်ဆိုး တွေကို ကိုယ်တိုင် ကိုယ်ကျ သိခွင့် မြင်ခွင့် ရလိုက်ရင် ဘယ်လောက်များ စိတ်သောက ရောက်လိုက်မလဲ မသိ။ တော်ရုံတန်ရုံ မိန်ကလေးတွေဆို ရှက်၍ မကြံကြီး မစည်ရာတွေ ကြံစည်သွားမှာ မုချ။ ဘယ်သူ့အတွက် ဘာအကျိုးရှိလို့ လုပ်ကြလည်း ဆိုတာ တွေးလို့ကို မရ။ သေချာတာ တခုက ကာရကံရှင် တွေဟာ မဖော်ပြနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို တသီကြီး ခံစားရမှာ မုချပင်။ ကာရကံရှင်တွေ ကိုယ်တိုင် သဘောတူ၍ ဖန်တည်း ထားတာမျိုး ဆိုလျှင်တော့ ဘာမှမပြောလို ၊ မိမိ တတ်နိုင်တဲ့ ဘက်က မိသားစု တာဝန် ထမ်းဆောင် နေကြတဲ့ ဘာမှ အပြစ်မရှိတဲ့ မိန်းကလေး တွေကိုမှ ဘာအငြိုးနှင့် ပန်းကောင်း အညွှတ်ချိုး ချင်ကြလည်းမသိ။ တစ်လောကပဲ နာမည်ကြီး မော်ဒယ် တစ်ယောက်ရဲ့ ဗွီဒီယိုအပိုင်းအစ တစ်ခု မြန်မာပြည်မှာ ဟိုးလေးတကျော် ဖြစ်သွားသေး။ ဒီထက်ဆိုးတာက လေယာဉ်မယ် တစ်ယောက်ရဲ့ ဇါတ်လမ်း။ နောက်ပေါ်လာပြန်ပြီ မျိုးကျော့မြိုင်တဲ့။ ဒါဟာ မြန်မာလူမျိုးတွေရဲ့ ပြယုဒ်တွေလား။ အပျော်သဘောဘဲ ဖြစ်ဖြစ် ၊ ဝါသနာ ပါလို့ပဲ ဖြစ်ဖြစ်၊ မတော်တဆပဲဖြစ်ဖြစ် ကိုယ့်အတွက်ကြောင့် သူတပါး ထိခိုက်မဲ့ အလုပ်မျိုးဆို လုံးဝ မလုပ်သင့်ပါဘူး။ မောင်နှမ သားချင်း ကိုယ်ချင်းစာ စိတ်ကလေး ထားပြီး ဆင်ဆင်ခြင်ခြင် စဉ်းစဉ်းစားစား ပြုသင့်ပါတယ်။ အကယ်၍ ငါ့နှမ ငါ့မိန်းမ ဟာ ဒီလိုမျိုး သားကောင်တွေ ဖြစ်ခဲ့မယ် ဆိုရင် ဘယ်လိုမျိုး ခံစားရမလဲ၊ ဘယ်လို တုန့်ပြန်မလဲ ဆိုတာ ကိုယ့်ကိုကိုယ် ပြန်မေးသင့်ပါတယ်။

ဒီပုံတွေ သိမ်းထားတဲ့ ကျွန်တော့ သူငယ်ချင်းကို ဆက်လက် မဖြန့်ဝေဖို့ ၊ ဖြစ်နိုင်ရင် အစဖျောက်လိုက်ဖို့ သူမပြန်ခင် မှာလိုက် ပါသေးတယ်။ လက်ဝယ်ရှိသူတွေ အနေနှင့်လည်း မောင်နှမသားချင်း ကိုယ်ချင်းစာစိတ် ထားပြီး ဆက်လက် ပြန့်ပွားအောင် မလုပ်သင့်ပါဘူး။ ငါမလုပ်လည်း သူများတွေ လုပ်မှာပဲ ဆိုတဲ့ အတွေး ဝင်လာရင်လည်း မိုးခါးရေ မသောက်လိုက်မိဖို့ တိုက်တွန်းချင်ပါတယ်။ မြန်မာ အမျိုးကောင်းသမီး တွေကို စောင့်လျှောက်တဲ့ မြန်မာအမျိုးကောင်းသားတွေ ဖြစ်ကြပါစေ။


******************

Saturday, February 2, 2008

သူငယ်ချင်းထံပေးစာ(၁)

သူငယ်ချင်းထံပေးစာ(၁)

သို့ /

သူငယ်ချင်းဖိုးဇော်


မင်းနဲ့ငါ နောက်ဆုံး ဆုံခဲ့တာ အောင်ကျော်စိုး ခဏပြန်လာတုန်းကပဲ။ အဲဒီတုန်းက ငါမင်းကို အလုပ်ပြောင်းမယ့် အကြောင်း မပြောခဲ့မိဘူး ၊ အကြောင်းရင်းက ငါမင်းကို ပြောလိုက်လို့ တဆင့်စကား ရုံးက သိသွားရင် အပိုဆုကြေး မရလိုက်မှာ စိုးလို့ကွ ၊ အဲဒီ အချိန်တုန်းက အပိုဆုက ဟိုနေ့လိုလို ဒီနေ့လိုလို ကြားနေရတော့ ငါလည်း ရလိုရငြား လစာမဲ့ ခွင့်တောင် ယူပြီး အချိန်ဆွဲလိုက်သေး ၊ ရေငုံနုတ်ပိတ် ဘယ်သူမှ မသိအောင် တိတ်တိတ်ကလေး ဒူဘိုင်းထွက်လာပြီး အပိုဆုကြေးကို မျှော်နေခဲ့တာပေါ့ကွာ ၊ ဒါပေမယ့် မင်းသိတဲ့ အတိုင်း မျှော်လင့်သလို ဖြစ်မလာခဲ့ ပါဘူး။ သူငယ်ချင်း တွေကို သေသေချာချာ နုတ်မဆက် လိုက်ရတာပဲ အဖတ်တင်တယ် ၊ အဲဒီ အတွက် Sorry ပဲ။

အခုငါ ဒူဘိုင်းမှာ အဆင်ပြေတယ် သူငယ်ချင်း ၊ ဒါပေမယ့် မင်းအပါ အဝင် ရဲတံခွန်က သူငယ်ချင်းတွေ ကိုတော့ သတိရတယ်ကွာ ၊ မင်းတို့ အားလုံးကိုလည်း ငါတို့နှင့်အတူ မဟုတ်တောင်မှ ငါတို့လိုပဲ မြက်နုရာ ရှာစေချင်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ မင်းတို့ ငါတို့ တတွေ ရွေ့မှ နောက်လူ ဝင်လို့ ရမှာ မဟုတ်လား ၊ အပေါ်ရွေ့ဖို နေရာ မရှိတဲ့ ငါတို့အတွက် နေရာရှိတဲ့ အရပ် ပြောင်းတာ အကောင်းဆုံးပဲ။ ငါအမြင် ကတော့ ရဲတံခွန်ကို လူငယ်တွေ လူသစ်တွေ အတွက် နေရာ ပေးသင့်ပြီ။ ငါတို့ ရဲတံခွန်မှာ တသက်လုံး နေရင် လူငယ်တွေအတွက် ဘယ်တရားမလဲ ၊ ငါ ယုံကြည်တာက ငါတို့ အားလုံးမှာ နိုင်ငံတကာ လှည့်ပြီး လုပ်နိုင်တဲ့ အရည်အသွေးတွေ ကိုယ်စီ ရှိနေပြီးသားပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှု့ ရှိဖို့ တခုပဲ လိုတယ်။ ငါ မင်းကို ယုံကြည်ပြီးသား ၊ မင်း ငါနှင့်စာရင် ပိုလို့တောင် လူရည် လည်သေးတယ်။ နောက်ထပ် ပြောချင်တာက စွမ်းအင် ငတ်နေတဲ့ ကမ္ဘာကြီး စွမ်းအင်ရဖို့ မင်းတို့ ငါတို့လို လူတွေ အများကြီး လိုနေတယ် ဆိုတာပါပဲ။

နောက်ဆုံး ပြောချင်တာက ငါတို့အားလုံး ရဲတံခွန်ကို ချစ်တယ် ၊ ဒါပေမယ့် ဖက်တွယ် မထားသင့်ဘူး ၊ ဘာဖြစ်လို့လည်း ဆိုတော့ မျိုးဆက်သစ် တွေကို တွဲခေါ်ဖို့ နေရာပေးဖို့ ငါတို့မှာ တာဝန်ရှိတယ် ထင်လို့ပဲ။ မင်း ရဲတံခွန်က မခွာချင်ဘူး ဆိုတာ ငါသိတယ် ၊ သံယောဇဉ် ရှိတယ် ဆိုတာလည်း ငါသိတယ် ၊ ဒါပေမယ့် ငါပြောတာ ကိုတော့ အလေးအနက်ထား စဉ်းစား စေချင်တယ် သူငယ်ချင်း။ ကျန်တဲ့ သူငယ်ချင်း တွေလည်း ငါပြောတာကို လက်ခံကြတယ်။ အဲဒီတော့ မင်းအပါ အဝင် ကျန်တဲ့ လုပ်ဖေါ် ကိုင်ဖက်တွေ စိတ်ပြောင်းလို့ အမြင်မှန်ရရင် ငါတို့ပေးတဲ့ လိပ်စာကို ဆက်သွယ်လိုက်ပါ။ သူတို့တတွေ လူအသဲအသန် ရှာနေကြတယ် ၊ မြန်မာ တွေကိုလည်း ကြိုက်တယ်။ အခုထိလည်း ငါတို့ဆီ ဆက်သွယ်ပြီး လူတောင်းနေတုန်းပဲ ၊ စိတ်ကူး မလွဲနဲ့ သူငယ်ချင်း။ ဒါပါပဲ။ ဂျီတော့မှာ တွေ့ကြတာပေါ့။

ဆက်သွယ်ရမယ့် လိပ်စာမှတ်မိတယ်မဟုတ်လား။ အားလုံး ကိုလည်း ဝေငှရင်း ပြောလိုက်ပါအုံး သတိရကြောင်းလေး ပါလေးပေါ့။ ကိုအောင်ကျော်ဦး ကိုလည်း တွေ့ရင် ပြောလိုက်ပါအုံး ၊ ဝမ်းသာပါတယ်လို့။

မင်းရဲ့သူငယ်ချင်း
အာသီသ
ခေတ္တ ဒူဘိုင်း

Wednesday, January 30, 2008

အတိတ်မြက်ခင်းစိမ်း


အတိတ်မြက်ခင်းစိမ်း
အာသီသ

ရူးတယ်ပဲပြောပြော၊ ကြောင်တယ်ပဲဆိုဆို၊ အတိတ်ကို ပြန်လည် တူးဆွခြင်းဟာ နာကျည်းစရာ စက်ရှုတ်စရာ တွေ ပြန်လည် အမှတ်ရ စေနိုင် သလို၊ ကြည်နူးစရာ လွမ်းဆွတ်စရာ တွေလည်း အတိနှင့်ပါ။ ဘဝ အပိုင်းအစတွေကို ပြန်ဆက်ဖို့ဆိုတာ အမှတ်ရစရာ မှတ်တိုင်လေးတွေ ရှိမှ ဖြစ်နိုင်တာမျိုး မဟုတ်လား။ မတူညီတဲ့ တူညီခြင်းတွေ ၊ မကွဲပြားတဲ့ ကွဲပြားခြင်းတွေကြား ရှင်သန်နေရတဲ့ ငါတို့ဘဝ ၊ ဘယ်ဆီကို ရောက်နေပြီလည်း မသိ၊ ဦးတည်နေတာကတော့ တစ်နေရာထည်း ၊ ရေနည်းနေတဲ့ကြား ငါကရွှေငါး ၊ ရွှေကြုပ် နှင့် ထည့်ထားတဲ့ အပ်ချောင်း သံချေး တက်နေရတဲ့ အဖြစ် ၊ လွှဲမှားစွာ တွေးယူ တွေးပူနေရတဲ့ နောက်ကြောင်း ၊ ကံကောင်းရင် သံချောင်းတော့ အပယ် မလားကောင်းပါရဲ့လို့တော့ ဆုတောင်းရမှာပဲ ။

ဒါတွေ ခဏထားပြီး ပျော်စရာတွေပဲ တွေးပါဆိုရင် ကျောင်းတုန်းက အဖြစ်အပြက် တွေက လွဲလို့ ဘယ်အရာ ဖြစ်နိုင်အုံးမှာလဲ ။ စိန်ပန်းတွေ မြေမှာ ကြဲပြန့်နေခြင်း အလှတရား ၊ ဂံ့ဂေါ် အကပ်မတော်လို့ စွယ်တော်ရွက် နှစ်ခြမ်းပဲ့သွားရတဲ့ ဇာတ်လမ်း ၊ ပြင်ညောင်မှာ ကြယ်တွေရေတမ်း ကစားခဲ့တဲ့ညတစ်ည ၊ မြင်းဒိုက်မှာ စားခဲ့ရတဲ့ မိုးသီးတွေရဲ့ ချိုမြိန်တဲ့ အရသာ ၊ ဆင်တောင်ကို ကိုယ်စားနှင့် တက်ခဲ့ရတဲ့ အဖြစ်သနက် ၊ ဒါတွေအခု ဘယ်မှာဝယ်လို့ ရသေးလည်း ။

၉၄ ဒီဇင်ဘာ ၃၁ ည ၊ အင်လျား ကန်ဘောင်မှာ ကြယ်တွေဆီက တောင်းခံခဲ့တဲ့ လမင်းလေး အတွက် ၉၅ နှစ်သစ် လက်ဆောင်လေးကို ဝေငှ လိုက်ပါတယ် ။ ကိုယ့် ခံစားချက်ကို သူများ စကာလုံးတွေနဲ့ ပုံဖေါ် ထားတာပါ ။


တို့လျှိုးမိန့်
............................
အိမ်မက်ကလေး
နင်ဆောင်ယူလာတဲ့……..မျှော်လင့်ခြင်း
ပြန်ယူမသွားဘို့
တောင်းပန်ချင်ပါရဲ့…။
နင်မရှိရင်
အမှောင်အတိ
အလင်းနတ္ထိ
တွယ်ရာမဲ့……..ဆုပ်ကိုင်ထားတဲ့
လက်တစ်စုံ
ချိနဲ့အောင်….မလုပ်လိုက်နဲ့
ကြယ်စင်တွေ….ဖမ်းပေးချင်တဲ့
ငါ့ကို
ဟန်ဆောင်ခြင်းနဲ့ပဲ
ခဏဖြစ်ဖြစ်
ဆက်လက်……..ရှင်သန်ခွင့်ပြုပါ….။

(ကျောင်းသားဘဝကရေးပြီးမပေးဖြစ်ခဲ့တဲ့ကဗျာတပုဒ်)

Tuesday, January 29, 2008

သူငယ်ချင်းတစ်ယောက်အကြောင်း(၁)

သူငယ်ချင်းတစ်ယောက်အကြောင်း(၁)
အာသီသ

၁၀တန်း အောင်ပြီး ၈၈ အရေးအခင်းနဲ့ ကြုံနေလို့ တိုင်းပြည် ပြန်လည် တည်ငြိမ်ပြီး တက္ကသိုလ်တွေ ပြန်အဖွင့်ကို စောင့်နေ ရတဲ့အချိန်၊ ဝမ်းကွဲ အကို တစ်ယောက်ရဲ့ အဆွယ် ကောင်းမှု့ကြောင့် ပြင်သစ်စာ သင်ဖို့ အတွက် ပြင်သစ် သံရုံးမှာ စာရင်း သွားပေးပါတယ်။ အဲဒီ အချိန်တုန်းက ALLIANCE ဟာ အခုလိုမျိုး လူကြိုက် မများသေးဘူး။ ကျွန်တော် အပါအဝင် အားလုံး ၆ယောက် သွားတက်ဖြစ်တယ်။ ဒီလိုနဲ့ ပထမ နှစ်မှာပဲ ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ ကျွန်တော်နှင့် အတူတက်တဲ့ လူတွေ အားလုံး ထွက်သွားကြတယ်။ ကျွန်တော် တစ်ယောက်ထည်းပဲ ဇွဲ ကောင်းကောင်းနှင့် တင်ကျန် နေခဲ့တယ်။ မတင်ကျန် လို့လည်း မဖြစ်။ ဘဝ အခြေ အနေ ကိုက မကြိုးစားရင် ခွေးဖြစ်မယ့်အခြေအနေ၊ ဒီလိုနှင့် ပထမ နှစ်ကို အမှတ် ကောင်းကောင်းနှင့် အောင်တော့ ကျွန်တော့ ဆရာက ကျွန်တော့ကို ခေါ်ပြီး ချီးကျူးတာ ခံရတော့ တက်ကြွပြီး ဒုတိယ နှစ် ဆက်တက်ဖြစ်တယ်။

ဒုတိယ နှစ်ရောက်တော့ ပိုအဆင်ပြေ သွားတာက စိတ်တူကိုယ်တူ သူငယ်ချင်း တော်တော်များများ ရလိုက် တာပါပဲ။ လူငယ် ပီပီ စာသင်လိုက် ပျော်လိုက် ပါးလိုက်နှင့် ဘဝရဲ့ ပျော်စရာ အကောင်းဆုံး အချိန်တစ်ချိန် ဖြစ်ခဲ့ပါတယ်။ ပိုပြီး တန်ဖိုး ရှိတာက အလွန် ရည်ရွယ်ချက် ပြင်းထန်တဲ့ သူတွေ ဖြစ်နေတော့ ကိုယ်ပါ လိုက်ပြီး ကြိုးစားရင်း ကိုယ်ရည်ကိုယ်သွေး တက်လာ ခဲ့ပါတယ်။ တစ်ချို့ သူငယ်ချင်းတွေ ဆိုရင် အချိန် စီမံ ခန့်ခွဲမှု့ ကောင်းလွန်းလို့ အခုဆို မိုးနဲ့မြေ ကွာသလိုမျိုး မှော်ကြည့် နေရပြီ။ အဲဒီ သူငယ်ချင်း တွေထဲမှာ ကျွန်တော်တို့နှင့် အခုထိ ပါတ်သက်မှု့ ရှိနေတဲ့ ကျွန်တော့အပေါ် ကျေးဇူးရှိတဲ့ ပုဂ္ဂိုလ် တစ်ယောက် အကြောင်းပြောပါရစေ။ သူ့အမည်က ” ကျွဲကြီး ”……………………..။

အဲဒီအချိန်က ကျွဲကြီးဟာ သူငယ်ချင်း တွေအပေါ် အတော့ကို အနွန်အတာ ခံပြီး ကိုယ်ကျိုးကို နောက်ဆုံးမှာ ထားတတ်တဲ့ သူပါ။ စိတ် သဘောထား အလွန် ပြည့်ဝပြီး သူတပါးကို အလွန် ကူညီတတ် ပါတယ်။ သူကြိုက်နေတဲ့ ကောင်မလေးကို နောက် သူငယ်ချင်း တစ်ယောက်က ကြိုက်တယ် ပြောတော့ အခင်အမင် မပျက်တဲ့ အပြင် အကူအညီတောင် ပေးလိုက် ပါသေးတယ်။ အဲဒီ အချိန်တုန်းက သူတို့နှစ်ယောက်အကြောင်း ပြန်တွေးရင် အခုအချိန်ထိ ပြုံးမိသေး။ ကောင်မလေး နာမည်က ”စူဇန်”၊ အခုတော့ ပြင်သစ် တစ်ယောက်နဲ့ အိမ်ထောင် ကျပြီး ပြင်သစ်မှာ နေတယ်။ ကလေး နှစ်ယောက် ရနေပြီလို့ ကြားတယ်။ ထူးဆန်းတာက ကျွဲကြီးရော ကိုရှမ်းပါ အခုထိ မိန်းမ မယူသေးဘူး၊ ကျွန်တော် သိသလောက် သူတို့ နှစ်ယောက်စလုံး စူဇန့်ကို တကယ် အရူးအမူး ချစ်ခဲ့တာ။ ပြင်သစ် ကျောင်းမှာတုန်းက စူဇန်နှင့် ကျွန်တော်တို့ အုပ်စုက တတန်းထည်း၊ ကောင်မလေး ကျောင်းရောက်လို့ အခန်းထဲ မဝင်ခင် ဧည့်ကြို နှစ်ယောက်နဲ့ အရင် စကားပြော ရတယ်။ ပထမ တစ်ယောက်က ဂိတ်ဝမှာ ကြိုရင် နောက်တစ်ရောက်က စာသင်ခန်း အပြင်မှာ ကြိုပါတယ်။ ဂိတ်ဝမှာ ပြောရတာ ပိုအဆင်ပြေ တာမို့ နေရာဦးဖို့ ကျောင်းကို စောရောက်အောင် အလုအယက် လာကြရတယ်။ ကျွဲကြီးက ဇွဲတော့ အကောင်းသား၊ သူပဲ စောရောက်တာ များတယ်။ ကျွန်တော်တို့ ဘေးလူ တွေကတော့ သူတို့ကို ကြည့်ပြီး ဟားတာပဲ။ ကောင်မလေး ခမျာ ကျောင်းရောက်တာနဲ့ မျက်လွှာချပြီး သုတ်ခြေတင် အခန်းရောက်အောင် ပြေးတော့တာပါပဲ။

ဒီလိုနှင့် ဒုတိရနှစ် ပြီးလို့ တတိယနှစ် ရောက်တော့ ကျွဲကြီးနှင့် ခွဲရဖို့ အကြောင်း ဖန်လာပါတယ်။ အဲဒီ အချိန်တုန်က မလေးရှား သွားတာ အရမ်း ခေတ်စား နေတဲ့ အချိန်၊ ကျွဲကြီးရဲ့ အဖေက သားသုံးယောက် အနက် ဘယ်သူ့ကို လွှတ်ရမလဲ တွေနေတုန်း မိဘကို အရမ်း သိတတ်တဲ့ ညီအစ်ကို မောင်နှမ တွေအပေါ် အရမ်း အနစ်နာ ခံတတ်တဲ့ ကျွဲကြီးဟာ အလွန် ချစ်မြတ်နိုးပါတယ် ဆိုတဲ့ စူဇန်ကို အဖြေပြန် မရခင် ထားခဲ့ပြီး မိသားစုအတွက် မလေးရှားကို ထွက်သွားပါတော့တယ်။ အမှန်တကယ်လည်း သူက မိသားစုမှာ အငယ်ဖြစ်ပေမယ့် အထက်ဆုံး ဆိုတော့ သူ့ဆုံးဖြတ်ချက်ကို အားလုံးက လက်ခံကြတယ်။ သူထွက်သွားတော့ ကျွန်တော်တို့ ဆက်တက် ကျန်နေရစ်တယ်။ ဒီလိုနှင့် အချိန်တွေ တရွေ့ရွေ့ ကုန်လွန် သွားလိုက်တာ တတိယနှစ် လည်းပြီ ဒီပလိုမာ လည်းရ တစ်ချို့က ဆက်တက် တစ်ချို့ကထွက်နှင့် သူငယ်ချင်းတွေ တစစ ကွဲသွားလိုက်ကြတာ အခုအချိန်ထိပဲ ဆိုပါတော့။

ဒီပလိုမာတန်း ပြီးလို့ ကျွန်တော်လည်း ကျောင်း ပြန်ဖွင့်တာနှင့် ပြင်သစ်စာ ခဏနားပြီး ကျောင်းဘက် ပြန်လှည့်တော့ ပြင်သစ်ကျောင်းနှင့် လုံးဝနီးပါး အဆက်အသွယ် ပြတ်သွား ပါတော့တယ်။ ၆နှစ်လောက် ကြာတော့ ကျွန်တော် Geocomp မှာ လုပ်နေတုန်း ကျွဲကြီးနှင့် ပြန်ဆုံတယ်။ သူ့က City & Guilt လျှပ်စစ် အောင်လက်မှတ် ရထားတယ် ပြောတော့ Premier Oil က ခေါ်တဲ့ အလုပ်တွေမှာ ဝင်လျှောက်ဖို့ ကျွန်တော်က တိုက်တွန်းလို့ သူလျှောက်တော့ အလုပ်ရသွားတယ်။ ဒီကောင် မလေးက ပြန်လာပြီး အတော်လေးကို ပြောင်းလည်းသွားတယ် ၊ ကျွန်တော့အမြင် တခုတည်းနှင့် ဝေဖန် ရမယ် ဆိုရင်တော့ ဒီကောင် Superiority Complex ကိုက်သွားတယ်ထင်ပါ့ ၊ ပြောသမျှ မြန်မာပြည်မှာ ဘာမှ ကောင်းတာ မရှိဘူး ၊ အားလုံးဟာ သူ့အမြင်မှာ နိမ်ကျနေတယ် ၊ အထူးသဖြင့် သူယူလာတဲ့ City & Guilt က လက်မှတ်ကို PhD အဆင့်လောက် ထားပြီး ၊ ကျွန်တော်တို့ ဗမာပြည်က B.E တွေကို အထက်တန်း အဆင့်တောင် မရှိဘူးလို့ သူ့ပါးစပ်က ထုတ်ပြောတဲ့ အထိပဲ။ မှတ်မှတ် ရရ ၈မိုင်က ကျွန်းမျောပေါ်မှာ သူရယ် ကျွန်တော်ရယ် နောက် ၈မိုင်က သူငယ်ချင်း တစ်ယောက်ရယ် ဗျစ်ရည်ဆိုင်က ပြန်လာပြီး ထိုင်နေတုန်း သူ့ရဲ့ ကျွန်တော့ အတန်း ပညာအပေါ် ပေးတဲ့ မှတ်ချက် တခုအတွက် ရန် ထဖြစ်ကြရသေးတယ်။ နည်းနည်းမှ ကို မလျှော့ဘူး….။ လူတစ်ယောက်ရဲ့ စိတ်ဓါတ် နဲ့ အတွေးအခေါ် တွေအပေါ် ပါတ်ဝန်းကျင်ရဲ့ လွမ်းမိုးမှု့ အတိုင်းအတာကို အံ့သြနေမိတယ်။

ဒါပေမယ့် လူတစ်ယောက်ရဲ့ မွေးရာပါ အကျင့်စရိုက် ကိုတော့ ဘယ်အရာကမှ ကြာရှည် မလွှမ်းမိုး ထားနိုင်ပါဘူး ဆိုတာ နောက်မှ သိလာ ရပါတယ်။ တစ်နေ့ ကျွန်တော်တို့ ဆုံကြတုန်း သူ့အလုပ်က သင်တန်း အကြောင်း ပြောရင်းက ကျွန်တော့ကို CV တင်ဖို့ တိုက်တွန်း ပါတယ် ။ တကယ်တော့ လျှောက်လွာ ခေါ်တာက အင်ဂျင်နီရာတွေ ၊ ကျွန်တော်နှင့် ဘယ်လိုမှ မပါတ်သက် ၊ ပါတ်သက်တယ် လို့လည်း မထင် ၊ ဒါကို သူက လက်မခံ ၊ CV ပေးဖို့ပဲ အတင်းတောင်း နေတော့တယ်။ သူနဲ့ HR က အမ မရင် နှင့် ခင်ကြောင်း သူပြောရင် ရကြောင်း အမက သဘောကောင်းကြောင်း တွေပြောပြီး CV ကို ယူသွား ပါတော့တယ်။ သိပ် မကြာလိုက်ဘူး ကျွန်တော့ဆီ test ဖြေဖို့ ဖိတ်ကြားလွှာ ရောက်လာ ပါတယ်။ ကျွန်တော်လည်း စာမေးပွဲတွေ အဆင့်ဆင့် ဖြေပြီး အလုပ်ရ သွားပါတော့တယ်။

အမှန်တိုင်း ဝန်ခံရရင် ကျွဲကြီး နှင့် မရင် တို့ရဲ့ ကျေးဇူးဟာ ကျွန်တော့အတွက် အမှတ်ရစရာ ဖြစ်ခဲ့ပါတယ်။ ကျွဲကြီးသာ ကျွန်တော့ CV မတင်ပေး ခဲ့ရင် ၊ မရင်သာ ဘောင် မဝင်ဘူးဆိုပြီး လက်မခံ ခဲ့ရင် ၊ ကျွန်တော့ ဘဝ အပြောင်းအလည်း ရှိမှာ မဟုတ် ပါဘူး။ ဘယ်သူ ဘာပဲ ပြောပြော ရဲတံခွန်မှာ ကုန်ခဲ့တဲ့ ၉နှစ် ဟာ အတိုင်းအတာ တစ်ခုအထိ အကျိုးရှိခဲ့ ပါတယ်။ ရှေ့ဆက်သွားဖို့ လုံလောက်တဲ့ အခြေခံကောင်းတွေလည်း အများကြီး ရခဲ့ပါတယ်။ မိတ်ဆွေကောင်း တွေလည်း အများကြီး ရခဲ့ပါတယ်။

ကျေးဇူးပါ……… သူငယ်ချင်း……….. ” ကျွဲကြီး ………
ကျေးဇူးပါ………..” မရင် ………
ကျေးဇူးပါ……….” ရဲတံခွန် ”………..