♫♫♫ ငါလည်းပဲ.. လူ့ဘဝမှာ.. တင်ခဲ့တဲ့.. ကြွေးများစွာ… လာပေးဆပ်တဲ့.. ဧည့်သည်ပါ..ရေး.. ရေ.. ရေး… ရေ .. ငါ့ဘေးနား.. မင်းခဏ..မှေးစက်လိုက်ပါ.. ဘဝရဲ့အမောများ..မေ့ထားပြီး…ချန်ထားပြီး.. ♫♫♫
### အာသီသ ###
ဟူး… မွန်းကြပ် လိုက်တဲ့ ဘဝ.. မိုလင်း မိုးချုပ် ဒါတွေပဲ ထပ်ခါ ထပ်ခါလုပ်၊ ချုပ်နှောင်ခြင်း ခံထား ရတာလား.. ကိုယ်တိုင်က အချုပ်နှောင် ခံလိုက် တာလားလည်း မတွေး ချင်တော့၊ ထွက်ပေါက် တွေ့မလား ရှာဖွေရင်း ပင်လယ်ကမ်းခြေ တစ်နေရာကို လမ်းလျှောက်၊ အတွေးစ တွေကတော့ မပျောက်၊ ရေမျက်နှာပြင် နှင့် ကောင်းကင် ထိစပ် နေတဲ့ မိုးကုတ် စက်ဝိုင်းထဲ အတင်း တိုးဝင် နေတဲ့ နေမင်းကြီးနှင့် အိပ်တန်းပြန် wild duck တွေ အုပ်စုလိုက် ပျံသန်း နေတာ ကြည့်ရင်း တခဏတာ အေးချမ်းမှူ့ တစ်မျိုး ခံစား လိုက်ရသလို ရှိပေမယ့် နေမင်းကြီး ပျောက်ကွယ် သွားတာ၊ wild duck တွေ မရှိတော့ တာကို ကြည့်ပြီး ဝမ်းနည်း သလိုလိုပဲ။ ဒီနေရာမှာ နေဝင်ချိန် ဆိုပေမယ့် ကမ္ဘာရဲ့ တခြား တခြမ်းမှာ နေထွက်ချိန်ပေါ့…ဒါဆို ချုပ်ဆုံးခြင်း နှင့် အသစ် တဖန် မွေးဖွားခြင်းပေါ့။
ငါ့ကို တခဏတာ အေးချမ်းမှူ့ ပေးနေတဲ့ နေမင်းကြီးနှင့် ရေဘဲတွေက ဘာကြောင့် ပျောက်သွား ရတာလည်း။ သူတို့ ရှိနေ သေးရင် ငါ့မှာ အေးချမ်းမှူ့ တဒင်္ဂ လောက်တော့ ရနေနိုင် သေးတာပေါ့။ ဒါဖြင့် သူတို့ ဘာကြောင့် ပျောက်သွား ရတာလည်း၊ ငါမှာရော ဘာကြောင့် တားနိုင်တဲ့ အစွမ်း သတ္တိ မရှိရ တာလည်း။ သူတို့ကို ငါတား နိုင်ရင် ငါမှာ အေးချမ်းမှူ့ တခဏတာ လောက်တော့ ရနေ နိုင်တာပေါ့။ ဟား.ဟား… တော်တော် ရီချင်စရာ ကောင်းတဲ့ အတွေးပဲ၊ လောကကြီးမှာ ဘာများ အစိုး ရတာ ရှိသလဲ စဉ်စား ကြည့်ပါအုံး..။ အားလုံး အနိစ္စ ဒုက္ခ အနတ္တ ကလွဲ ဘာဖြစ် အုံးမလဲ..။ နယူတန်ရဲ့ သီအိုရီ အရ အရာဝတ္ထု တိုင်းဟာ ရပ်နေဖို့ပဲ အားသန်တယ် ဆိုပေမယ့် အိုင်းစတိုင်းရဲ့ အရာရာ တိုင်းဟာ တစ်နေရာ ထည်းမှာ ရပ်တည် မနေဘူး၊ အမြဲတမ်း ရွေ့လျှား နေတယ် ပြောင်းလည်း နေတယ် ဆိုတဲ့ စင်္ကြာဝဠာ သီအိုရီက ပိုမို လက်တွေ့ ကျနေ သလိုပဲ။ ပြန်စဉ်းစား ကြည့်ပါအုံး ငါ ၊ ငါ့ဥစ္စာ ၊ ငါ့ခန္ဓာလို့ ပြောနေ ကြပေမယ့် ဘယ်ဟာက အစိုးရ လို့တုန်း၊ ကိုယ်ပိုင်တယ် ထင်တဲ့ ဒီခန္ဓာကြီး ကိုတောင် မအိုပါနှင့် မနာပါနှင့် မသေပါနှင့် လို့ တားနိုင် ကြလို့လား။ ..အော်..ခက်ပြန် ပါပြီ စိတ်နှင့် ကိုယ်နှင့် ရန်ဖြစ် နေကြ ပြန်ပြီ ၊ မလန်းရတဲ့ အထဲ ပဋိပက္ခ တွေက တစ်မှောင့်။
ဝင်သွားတဲ့ နေကို တမ်းတ နေမယ့် အစား အခြား တခုကို အာရုံ ပြောင်းတာ ကောင်းပါ တယ်လေ၊ ဟော..တွေ့ပြီ အာရပ်မနှင့် လမ်းလျှောက်တတ် ကာစ ကလေးလေး တစ်ယောက်၊ သားအမိတွေ ကန္တာရ မြက်ခင်းပြင် ပေါ်မှာ ဆော့ကစား နေလိုက် ကြတာ၊ သူတို့ကို သွားမေး ရင်တော့ လူဘဝ ဆိုတာ သုခဘုံ လို့ပဲ ဖြေမှာ အသေချာပဲ။ ကလေးလေးကို ကြည့်ပြီး သူဘယ်က လာသလဲ၊ ငါရော ဘယ်က လာသလဲ၊ လူတွေ အားလုံးရဲ့ အစက ဘယ်မှာလည်း၊ အာဒံ နှင့် ဧဝလား၊ ဗြမ္မာကြီး လေးပါးကလား၊ ဒါမှမဟုတ် ဒါဝင်ရဲ့ သီအိုရီက အမှန်လား…၊ ဆရာတော်တပါး ဟောကြားတာ နာကြား ဘူးတာက လူတွေဟာ အပယ်ဘုံက လာကြတာ… ဂင်္ဂါ ဝါဠု သဲစုမက များပြား လှတဲ့ ဘုရားတွေ ပွင့်ပြီးတာ တောင်မှ အခုထက်ထိ ကျွတ်တမ်း မဝင် နိဗ္ဗာန် မမြင် ရှိနေ သေးတာ အပယ်ဘုံ ရောက်နေလို့၊ ပွင့်တော် မူပြီးတဲ့ လမ်းပြ ပေးမယ့် ဘုရားတွေနှင့် လွဲလွဲ နေလို့ ပါတဲ့..။ အော်.. ညစ်နေ ပါတယ် ဆိုမှ ဘာအတွေးတွေ ဝင်လာ ပြန်တာတုန်း ဒုက္ခပဲ ..အင်းလေ..တစ်ယောက်တည်း ဆိုတော့လည်း စကား ပြောစရာ အဖေါ်မရှိ ၊ တစ်ခုခုကို စဉ်းစား တွေးခေါ် နေတာ ကလည်း မဆိုး ပါဘူးလေ.. ဖျော်ဖြေမှူ့ တစ်ခု ပဲပေါ့။
လူ့ရဲ့ အစကို ဖေါ်နိုင်ဖို့ မဖြစ်နိုင်သလို ဖေါ်နိုင်ရင်လည်း ဘာအကျိုးများ ရှိနိုင်အံ့၊ မရေမတွက် နိုင်အောင် များပြား လှတဲ့ သတ္တဝါ တွေရဲ့ အစ ဆိုတာ ဘယ်မှာ ရှာဖွေ ရမလဲ၊ အဲ…ဟုတ်ပီ သတိရပီ.. မြတ်ဗုဒ္ဓရဲ့ ဘဝ သံသရာ ဆိုတာကရော.. ၃၁ ဘုံသား ဆိုတာ ကရော… ပဠိစ သမုပါဒ် ဆိုတဲ့ အကြောင်းကြောင့် အကျိုး ဖြစ်တယ် ဆိုတာ ကရော.. အင်း.. နည်းနည်းတော့ လမ်း ပွင့်လာပြီ။ အီး.. လမ်းလျှောက်တာ များလို့ ဗိုက်က တောင်းဆို လာပြန်ပြီ၊ ဘဝ ပြဿနာ ခဏ အသာထား လောလောဆယ် မဖြစ်မနေ ဗိုက် ပြဿနာ ဖြေရှင်း ရတော့မယ်။ သမုဒ္ဒရာ ဝမ်းတထွာ ဘယ်တော့မှကို မပြည့်နိုင်ဘူး မဖြည့်ပြန်တော့လည်း ပြဿနာ၊ ဖြည့်ပြန်တော့လည်း အဆီအဆိပ် များလို့ ခေါင်းမူးရ သွေးတက်ရနှင့် ဘယ်မှာများ သုခ ရှိပါ၏တုန်း… ဘာဂါနှင့် အအေးတစ်ခွက် မှာပြီး မြင်ကွင်း ကောင်းတဲ့ နေရာကို ရွေးထိုင် လိုက်မိချိန် ဘေးနားက ဖြတ်သွားတဲ့ ရှီရှား(အာရပ်ဆေးပြောင်း)အနံ့ မွှေးမွှေးလေးက တဏှာကို ထပ်မံ နိုးဆော် လိုက်ပြန်တော့ အထိန်းကွပ် မဲ့နေတဲ့ စိတ်က ကာရကံ မြောက်စေဖို့ တွန်းအားပေး၊ နောက်ဆုံး ရလာဒ် ကတော့ ရှီရှားပါ ပေးပါ။
ဆိုင်မှာ ထိုင်နေရင်း အဝေး တစ်နေရာကို မျှော်ကြည့် လိုက်တော့ အာပါး.. လူ တော်တော် များပါလား.. အော်.. ဟုတ်သားပဲ ဒီနေ့ သောကြာနေ့လေ.. ကိုယ်စီ ကိုယ်ငှ အားလပ်ခြင်းနှင့် လွတ်လပ်ခြင်း အရသာကို ခံစား နေကြတာ။ စကားဖေါင်ဖွဲ့တဲ့ သူက ဖွဲ့ ဘော်လုံးကန်တဲ့ သူက ကန် ထမင်းချိုင့် ကလေးတွေနှင့် စုဝေး စားသောက် သူတွေက စားသောက်၊ ခွေးကျောင်းတဲ့ သူက ကျောင်း၊ ကလေးနှင့် ဆော့တဲ့သူက ဆော့၊ အော်…ပန်ချီကား တစ်ချပ်လို ပါပဲလား… သူတို့ အားလုံး ငါ့လို အရေမရ အဖတ်မရ ဟိုတွေး ဒီတွေး လုပ်နေတာ တစ်ယောက်မှ မတွေ့ပါလား အဲဒါ ဘာ့ကြောင့် ပါလိမ့်။ အတွေးတွင်းထဲ နှစ်နေချိန် သတိလက်လွတ် အားရပါးရ ရှူလိုက်မိလို့ ထွက်လာတဲ့ ချောင်းဟပ်သံ နှင့်အတူ “အ..လ္လာဟ်”ဆိုတဲ့ ဘုရားရှိခိုး အသံ ကြားတော့မှ အတွေးထဲက ပြန်နိုးလာ.. အဲ.. သိပ်မကြာ လိုက်ဘူး အတွေး ကမ္ဘာထဲ ပြန်ရောက်သွား ပြန်ရော။
ဒီလူတွေ တစ်နေ့ကို ငါးကြိမ်ကျ ဘုရား ရှိခိုး နေတာ ဘာများ ထူးခြားးလို့ ပါလိမ့်၊ သူတို့ ယုံကြည် ထားသလို သူတို့ရဲ့ ထာဝရ ဘုရားသခင်က အမြဲတမ်း ကောင်းချီး ပေးနေတာ ပဲလား၊ ဒါဆို ခုနက တွေ့ရတဲ့ လူတွေ အားလုံး အပူပင် ကင်းမဲ့နေတာ ဖန်ဆင်းရှင် ထာဝရ ဘုရားသခင်ရဲ့ ဂရုဏာတော် ကျေးဇူးတော်တွေ ကြောင့်လား၊ ဒါဆို တကမ္ဘာလုံးမှာ ရှိတဲ့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်နေ ကြတဲ့ လူတွေ ထာဝရ ဘုရားသခင်ကို ယုံကြည်ပြီး ကိုးကွယ်လိုက်ရင် ဒီ ဆင်းရဲခြင်းတွေ အားလုံးကို ဘုရားသခင်က ကုစားပေးမှာလား၊ အင်း.. ထားပါတော့လေ နောက်တစ်ခုက အခုလက်ရှိ ထာဝရ ဘုရားသခင်ကို ယုံကြည် နေကြတဲ့ လူတွေ အားလုံးရော တန်းတူ ညီမျှ ပျော်ရွှင် ချမ်းမြေ့မှု့ ရကြ ပါရဲ့လား၊ ဒါဆို ဘာကြောင့် ချမ်းသာ ဆင်းရဲ ၊ ပညာရှိ ပညာမဲ့ ၊ အာဏာရှိ အာဏာမဲ့ ၊ သန်စွမ်းသူ မသန်းစွမ်းသူ ၊ အယုတ် အလတ် အမြတ် ၊ ကွဲပြား နေကြတာလည်း..အာ… တော်ပါပြီ ထပ်တွေး နေရင် ထပ်ရှုပ် နေအုံးမယ် ပြန်တာ ကောင်းပါတယ်လေ..။
ပိုက်ဆံ ရှင်းပြီး ဘာမှ မတွေးတော့ဘူး ဆိုတဲ့ အတွေးနှင့် အမ်ပီသရီး ပလေရာကိုဖွင့်၊ နာကြပ် နားထဲထည့်၊ နားဒုက္ခ ဆင်ရင်း လာရာ လမ်းအတိုင်း အိမ်ပြန် အလာ…..
♫♫♫ ငါလည်းပဲ.. လူ့ဘဝမှာ.. တင်ခဲ့တဲ့.. ကြွေးများစွာ… လာပေးဆပ်တဲ့.. ဧည့်သည်ပါ..ရေး.. ရေ.. ရေး… ရေ .. ငါ့ဘေးနား.. မင်းခဏ..မှေးစက်လိုက်ပါ.. ဘဝရဲ့အမောများ..မေ့ထားပြီး…ချန်ထားပြီး.. ♫♫♫
ဟူး… ကောင်းလိုက်တဲ့ သီချင်း.. အင်း.. နောက်နေ့ အတွက် တွေးစရာ တစ်ခု ထပ်ရပြီပေါ့….။
++++++++++
0 comments:
Post a Comment