<>>အာသီသ ဓါတ်ပုံ နှင့် ဗွီဒီယို ဘလောဂ့်များ<<>

Monday, April 28, 2008

ပေါက်ကရအတွေးစများ


********
အာသီသ
********
မနက်မိုးလင်း အိပ်ရာထ မျက်နှာသစ်လိုက်တာနှင့် ပထမဦးဆုံး တွေ့ရတာက ကိုယ့်ရဲ့မျက်နှာ။ အရင်တုန်းကတော့ သိပ်ပြီး သေသေချာချာ မကြည့်မိ၊ မျက်နှာပဲသစ်ပြီး လုပ်စရာရှိတာပဲ ဆက်တိုက်ဆိုသလို လုပ်လိုက်တာပဲ။ ကိုယ်စိတ်ထဲမှာတော့ ဒီမျက်နှာကြီးက ဒီအတိုင်းပဲ ထင်နေတာပေါ့။ တနေ့က သူငယ်ချင်းတစ်ယောက် ကျောင်းသားဘဝတုန်းက ရိုက်ထားတဲ့ ဓါတ်ပုံကို ပို့ပေးလို့ ကြည့်လိုက်တေှာ့ ငယ်ရွယ်နုပျိုတဲ့ ကျွန်တော့ရဲ့ မျက်နှာကို မြင်လိုက်မှ အား….ပြောင်းလဲခြင်းတွေ တွေ့လိုက်ရတယ်။ စိတ်ထဲမှာတော့ အခုချိန်ထိ ကိုယ့်ကိုကိုယ် အိုတယ်လို့ကို မထင်သေးဘူး။ အတွေးအခေါ် တွေကတော့ အသက်အရွယ်နှင့် လိုက်ဖက်ပြောင်းလည်း လာပေမယ့် ကိုယ့်ရဲ့ရုပ်ခန္ဓာ ကိုတော့ ပြောင်းလည်းလာတယ် ဆိုတာ မသိစိတ်က မသိချင်ယောင် ဆောင်နေတယ် ထင်တယ်။

အခုနှစ်တွေအတွင်း အဖေလည်းဆုံး အမျိုးထဲမှာလည်း ဆုံးပါးမှူ့တွေ္ဂ ရှိနေဆိုတော့ မကြာခဏ ဆိုသလိုပါပဲ ကိုယ်အခု ဘယ်ခရီး ရောက်နပြီလည်း ဆိုတာ တွေးကြည့်မိတယ်။ အထူးသဖြင့် တိတ်ဆိတ် ငြိမ်းသက်လွန်းတဲ အိပ်ရာဝင်ချိန်မှာဆို သေခြင်းတရားအကြောင်း မတွေးပဲ အလိုလို ခေါင်းထဲ ရောက်ရောက်နေတယ်။ တစ်ခါတစ်ခါဆို ငါသေရမှာပါလား ဆြိုပီး ကြောက်တဲ့စိတ်က ဝင်ဝင်လာတယ်။ ပြန်ဆင်ခြင်လိုက်တော့ အော်…အားလုံးဒီလမ်း သွားရမှာပဲလေ ဆိုပြီး တွေးပစ်လိုက်ပေမယ့် ကိုယ်ရနေတဲ့ အခြေနေ မိသားစု စည်းစိမ်(စကားဖြစ်သာပြောတာပါ)စတဲ့ အရာတွေပေါ်မှာ တပ်မက်တဲ့ စိတ်က ရှိနေလေတော့ ငါ့ပစ္စည်း ငါ့ဥစ္စာ ဆိုတဲ့ အတ္တအစွဲအလန်းက ဒီလူ့လောကထဲကနေ ထွက်သွားဖို့ လုံးဝကို အားမပေးဘူး ဖြစ်နေတယ်။ ဆရာတော်ကြီးတွေ ပြောပြောနေတဲ့ မိုက်ခရိုစက္ကန်အလိုက် ပြောင်းလည်းနေတယ် ဆိုတဲ့ ရုပ်နာမ်သင်္ခါရ သဘောတရား တွေကို အထင်းသား မြင်နေရတယ်။

တက်လိုက် ကျလိုက် နိမ့်လိုက် မြင့်လိုက်နှင့် မတည်မြဲတဲ့ ဖြစ်တည်ခြင်းတွေအောက် အလူးလဲ ခံရင်း လျှောက်လာခဲ့တဲ့ခရီး တစ်ဝက်ကျိုးပြီပေါ့။ အမှန်တကယ်က အောင်မြင်မှူ့တို့ ရှူံးနိမ့်မှူ့တို့ ဆိုတာ ဘာမှ အဓိပ္ပါယ်မရှိသလိုပဲ ခံစားရတော့တယ်။ ငယ်ငယ်တုန်းကတော့ ဒီလိုမဟုတ်၊ သူများထက် အသာရမှ၊ သူများထက် အောင်မြင်မှ၊ သူများထက် ပိုရှာနိုင်မှ စားဝင်အိပ်ပျော်သူ။ အသိထဲကပဲဖြစ်ဖြစ် သူငယ်ချင်းတွေထဲကပဲ ဖြစ်ဖြစ် ကိုယ့်ထက် သာသွားတယ်လို့ ကြားလိုက်ရလို့ကတော့ စိတ်ထဲ ဘယ်လိုမှ နေလို့မကောင်း၊ ငါညံ့လိုက်တာ ငါအစွမ်းအစ နည်းလိုက်တာ ဆိုတဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်တဲ့ စကားလုံးတွေပဲ ပဲ့တင်ထပ်နေတော့တယ်။ အမှန်ကလည်း အဲလိုမျိုး စိတ်ဓါတ်ရှိခဲ့လို့ ကြိုးစားရင်းကနေ ဒီလို ဖြစ်လာတယ် ဆိုတာတော့ ငြင်းလို့မရ။ ဒါပေမယ့် အခုတော့ အဲဒီစိတ်တွေဟာ ကိုယ့်ကို ဒုက္ခပေးလွန်းတယ် ဆိုတာ တွေးကြည့်ရင်း သဘောပေါက်လာတယ်။ လူဆိုတာကလည်း လိုအပ်ချက်တွေကများ ရလေလိုလေ အိုတစ္ဆေပဲ ဆိုတော့ ဘယ်တော့မှ ကျေနပ်တဲ့အခန်း မရောက်နိုင်ဘူး။ ရဲတံခွန်မှာ နေတုန်းကတော့ ၃၀၀၀ လောက်ရတဲ့ အလုပ်ရရင် တော်ပါပြီဆိုပြီး အခုရတော့လည်း သူများတွေ ပိုရနေကြတာ တွေ့ပြန်တော့ ပိုလိုလာချင်ပြန်ရော၊ ဒါနှင့်ပဲ ပိုကောင်းတဲ့အလုပ် ရှာဖို့ ပြင်ဆင်ခန်း ဖွင့်ရပြန်ရော။ ဘယ်တော့မှ ပြီးနိုင်မယ့် ဇာတ်လမ်း ဟုတ်ပါဘူး။

ဒုတိယအရွယ် မရောက်တရောက်မှာ ခံစားရတဲ့ တတိယဝေဒနာကြောင့် ဆက်လက်ရှင်သန်ရမယ့် ခရီးတဝက်အတွက် ဘာတွေပြင်ဆင် ရည်ရွယ်ချက်ထား လုပ်ကိုင်ရမလဲဆိုတာ သိနေပေမယ့်လည်း ကျင့်သားရပြီးသား အထာကျပြီးသား စိတ်ကို ပြုပြင်ဖို့အတွက်တော့ အချိန်အတော် ယူရအုံးမယ်။ ငယ်ရွယ်ချိန်တုန်းက ထက်သန်တဲ့စိတ်တွေဟာ အခုတော့ တွေဝေတတ်တဲ့ စိတ်တွေအဖြစ် ပြောင်းလဲသွားတာ အံ့သြစရာပဲ။ ပထမ ခရီးတဝက်ကတော့ ပညာရှာ ကြင်ရာရှာ ပိုက်ဆံရှာတာတွေနှင့် ကုန်ဆုံးသွားပီ။ ကျန်တဲ့ သက်တမ်း တဝက်ကို (အပြည့်နေရဖို့ ကံပါလာသေးတယ် ဆိုရင်ပေါ့) ဘာအတွက် အသက်ဆက်ရှင်ရမလဲ ဆိုတာ စဉ်းစားချင့်ချိန်ဖို့ အချိန်တန်နေပြန်ပြီ။ ဦးတည်ချက် မဲ့နေတာကတော့ အမှန်၊ တစ်ခုခုကို တစိုက်မှတ်မှတ် ကျိုးစား လုပ်ကိုင်ချင်စိတ်တွေ ပျောက်ဆုံးနေလေရဲ့။ ပိုက်ဆံ ရနေတာကို ပြီးပြည့်စုံပြီလို့ပဲ မသိစိတ်မှာ ထင်မှတ်ထားပုံရတယ်။ အပြည့်အဝ အသုံးချပေးရမယ့် ဦးနှောက်လည်း နားချိန်တွေ ပိုရနေသလိုပဲ။

ကိုယ့်ဆန္ဒနှင့်ဘဝ တစ်ထပ်ထည်း မကျပေမယ့်လည်း ရနေတဲ့ လက်ရှိဘဝက မှီခိုနေသူတွေရဲ့ ဆန္ဒနှင့် တစ်ထပ်ထည်းနီးပါး ကျနေတော့လည်း သူ့ဆန္ဒ ကိုယ့်ဆန္ဒပဲပေါ့။ သူတို့တွေ အရိပ်ရဖို့ ကိုယ်နေပူ ခံရနေပေမယ့် ကိုယ့်အရိပ်အောက်မှာ အေးချမ်းနေကြတယ် ဆိုတော့ အပူခံရကျိုးနပ်သလို ကိုယ့်ကိုကိုယ်လည်း ကျေနပ်မှူ့ အပြည့်ရပါရဲ့။ ဘာပဲဖြစ်ဖြစ်လေ လောကကြီထဲမှာ ကိုယ့်ရဲ့ တနိုင်တပိုင် တာဝန်လေး ကျေနေတာကိုက လူဖြစ်ရကျိုး နပ်နေသေးတယ် ထင်တာပဲ။ အားလုံးဟာ တစ်နေ့ ကိုယ့်လမ်း ကိုယ်သွားရမယ် ဆိုပေမယ့် ကံကြမ္မာ ပါလာလို့ ဒီဘဝ တခဏတာအတွင်း ဆွေမျိုးရင်းတွေ ဖြစ်နေချိန် ကိုယ်တာဝန်ကျတဲ့ အပိုင်းကို အကောင်းဆုံး လုပ်ပေးလိုက်ရတော့ သံသရာကြွေး နည်းသွားတာပေါ့လေ။ ပျံသန်းရင်း သေဆုံးရတဲ့ ငှက်ကလေးတွေလိုပဲ ခရီးတစ်ဝက်ရှေ့ဆက် သွားရတော့မယ်။
***************

Sunday, April 13, 2008

ဂလိုဘယ်..ချန်ပီယံ


ဓါတ်ပုံ-ကိုမြတ်မင်းပေးပို့သည်
**********
အာသီသ
**********
သီတင်းတွေတော့ ကြားနေရတယ်၊ ကာရကံရှင်တွေ မေးကြည့်တော့လည်း ဟုတ်တယ်တဲ့။ မန်နေဂျာ ရာထူးတွေ မြန်မာတွေရကုန်ပြီ။ ဘာမှ မနာလိုစရာ မရှိ၊ ကိုးနှစ်လောက် ရင်းနှီးထားကြတာ တစ်ခုခုတော့ ဖြစ်သင့်နေပြီ။ ဖြစ်သင့်တာ ကြာလည်း ကြာပြီပဲ။ ဒါပေမယ့် သိကြတဲ့အတိုင်း ပဲထရိုနစ်မှာ မဖြစ်နိုင်တဲ့ ကမ္ဘာ့ချန်ပီယံ ဆိုတဲ့ အိမ်မက်ဆိုးကြီးက လွဲရင် ကျန်တာတွေအတွက် ဘာအစီအစဉ်မှ ရှိပုံမရ။ မြန်မာမှူ့ ပြုဖို့အရေး မေးလိုက်တိုင်း လုပ်နေပါတယ်၊ စီစဉ်နေပါတယ်၊ လာပါတော့မယ်လို့ ပြောပြောနေတာ အထွေထွေမန်နေဂျာတွေ၊ မန်နေဂျာတွေသာ ကိုဝင်းစိုးရွှေ အလုပ်ထွက်စာထဲမှာ ရေးထားသလို ရာထူးတွေတက်ပြီး ရွေ့သွားကြတယ်၊ ဘာမှဖြစ်မလာဘူး။ သူတို့လက်ထက် ကျမှ လုပ်လိုက်ရတဲ့ အကဲဖြတ် စစ်တမ်းတွေ၊ ဘာအတွက်လည်းတော့ သေသေချာချာမသိ၊ ပေါ်လစီအရသာ လုပ်နေကြတာ အထက်က လူတွေကလည်း ဆင့်ကဲဆင့်ကဲ အထက်က ခိုင်းတာတွေသာ ကိုယ့်ရဲ့ ကေပီအိုင် ပြကောင်းအောင် ဟုတ်တာတွေရော မဟုတ်တာတွေရော စွတ်စက်လုပ်၊ ဘာကြောင့်လုပ်ရလည်း ဆိုတဲ့ အနှစ်သာရ ခေါင်းထည်းမရှိဘဲ မေးလိုက်တိုင်း အထက်ကခိုင်းလို့ ဆိုတဲ အဖြေတွေပဲ ရနေတော့ ဒီလူတွေ အလုပ်လုပ်တာကမှ ကိုယ့်အတွက် ကိုယ်လုပ်နေတယ် ဆိုတာ ပိုပေါ်လွင်နေတယ်။

အတွေ့အကြုံအရ ပြောရရင် အောက်ခြေမှာပဲ နေဖူးခဲ့လို့လားတော့ မသိ၊ သူတို့ ခန့်ထားတဲ့ မလေးတွေ၊ မကျီးသီးတွေ၊ အဖြူတွေဟာ တစ်ယောက်မှ အထင်ကြီးစရာ မရှိ၊ ဆရာတပည့် မွေးတတ်တဲ့ အကျင့်လေးတွေကလည်း လူ့သဘာဝအတိုင်း ရှိနေလေတော့ ဟုတ်ဟုတ် မဟုတ်ဟုတ် မန်နေဂျာ ဖြစ်ပီ ဆိုတာနှင့်ကို ခေါင်းညိမ့်တတ်တဲ့ တောက်တဲ့ကလေးတွေ ခေါ်လာပြီး အလုပ်ပေးပါတော့တယ်။ တကယ်တမ်း အလုပ်လုပ်တဲ့ ခါကျတော့ မနက်မိုးလင်း အစည်းအဝေး မှာ သူမသာကိုယ်မသာ မန်နေဂျာတွေ ပေါက်တတ်ကရ မေးလာလတံ့သော မေးခွန်းတွေအတွက် နောက်ကနေ ဖြေဆိုပြင်ဆင် ပေးရတာကိုက ordeal ပဲ။ Specific gravityဆိုတဲ့ ဂဏာန်းနောက်မှာ ယူနစ်ပါမလာလို့ ဆိုပြီး လာဆရာကြီးလုပ်လို့ စိတ်ထဲ ကြိတ်ရယ်နေရတဲ့ အခါမျိုးတွေ နည်းမှမနည်းပဲ။ ရှင်းပြတာတောင်မှ ဒါဆို ယူနစ်က ဘာလည်းဆိုပြီး သုံးခါလောက် ထပ်မေးသေးတယ်။

မှတ်မိပါသေးတယ် တခါက ကေပီအိုင်တွေ လုပ်ကြလုပ်ကြနှင့် အရည်မရ အဖတ်မရတွေနှင့် အုံးအုံးကြက် ဆူညံနေတာ။ တကယ့်ကို ရီရတယ် ရေးလိုက်ကြရတာ လေကြီးမိုးကြီးတွေ၊ မန်နေဂျာတွေ သဘောတွေကျလို့။ ခြောက်လကြာ ပြန်ဆန်းစစ်တော့ ဘယ်သူ့မှ ဘာမှ ကိုယ့်အလုပ်ထက် ပိုချွန်ပြီး လုပ်ထားတာ ဘာမှမရှိဘူး။ စဉ်းစားကြည့်လေ ငါးကျပ်ပဲ ပေးထားတာ ဘယ်သူက တဆယ်ဖိုး ပိုလုပ်မလဲ၊ အဲ..လုပ်လည်း တစ်ခါပေါ့ ဘာအကျိုးအမြတ်မှ မလာရင် ဘယ်သူက ဆက်လုပ်အုံးမှာလည်း။ ကိုယ်ရေးထား တာတွေက ကြီးကြပ်ရေးမှူး လုပ်ရမယ့်တာဝန်တွေ၊ ဒါတွေကိုယ်လုပ်ရင် ကွိုင်ကုန်မှာပေါ့။

အခုလည်းကြည့်လေ တကယ်တမ်း ပေးသင့် ပေးထိုက်တာက အောက်ခြေမှာ၊ ခေါင်းတွေ ကြီးကြပ်ရာထူးတွေ နှင့် သင့်တင့်လျှောက်ပတ်တဲ့ လခ၊ အောက်ခြေမှာ မကျေနပ်လို့ အလုပ်တွေထွက်ကြ အော်နေကြတာ ဘာမှမလုပ်ပဲ မဆီမဆိုင် မရောင်ရာ ဆီလူးပြီး သကာလ ကြားထဲက နေရင်းထိုင်ရင်း တစ်ချို့က ကံကောင်းသွားတယ်။ ဒီလိုပြောလို့ ခွဲခြားတွေးတယ်လို့ မထင်လိုက်ပါနှင့် ဘယ်သူဘာရရ အားလုံးဟာ သူငယ်ချင်းတွေပဲမို့ သင့်တော်ပါတယ်။ ဒါပေသိ ရသင့်ရထိုက်တဲ့ လူတွေ ပါမလာလို့ နည်းနည်း ပိုပြီး ပညာပြဖို့ လိုလာပြီထင်လို့ပါ။ မြန်မာမှူ့ပြုမယ့် အစီအစဉ် ရေရေရာရာ မရှိလို့ မေးလာရင် အလျှောက်ကောင်းအောင် မန်နေဂျာရာထူးတောင် ပေးထားပြီးပြီလို့ ပြောလို့ရအောင် လုပ်ချလိုက်တာ ထင်ပါတယ်။ ဘာကြောင့် ပြောနိုင်လည်း ဆိုရင် မြန်မာ့ရေနံမှာ နည်းနည်းပေါက်ရောက်တဲ့ သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ တခါက ကြုံကြိုက်လို့ မြန်မာမှူ့ ပြုမယ့်အစီအစဉ် ဘယ်လိုလည်းလို့ သူက ပီစီအင်မ်အယ်လ်က အရာရှိကို မေးတော့ ကိုအန်ဒီနှင့် ကိုအက်ဒဝကို ရည်ညွန်းပြီး မန်နေဂျာ ရာထူးတွေတောင် ခန့်ထားပြီးပြီ ဆိုပြီးတော့ ပြစားသွားတယ်။ အခုလည်း လူတွေ တန်းစီထွက်နေကြလို့ အထောင်း သက်သာအောင် လုပ်ချလိုက်တာ ဖြစ်မယ်။ အမှန်တကယ်က သူတို့ဘာမှ မလုပ်နိုင်တော့ဘူး ဆိုတာ သူတို့ သိနေတယ်။

တဖက်မှာကျတော့ ရာထူးတိုးတိုင်းလည်း ကံကောင်းတယ် ဆိုလို့ မရပြန်ပါဘူး၊ အားလုံးသိကြမှာပါ။ ကျွန်တော့တုန်းက ရုံးမှာ ဖြိုးကြီးနေရာ ဝင်ဖို့ ခေါ်ပြောတော့ ကျွန်တော်က ကမ်းလွန်မှာ ပိုက်ဆံပိုရကြောင်း အဲဒီထက်ပိုရရင် ပြောင်းမှာဖြစ်ကြောင်း ပြောတော့ ၅၀ ပဲ ပိုရမယ် ဆိုလို့ ကျွန်တော်လည်း ထွက်ဖို့ရှိတာနှင့် ဆောရီးလုပ်ပြီး နေမြဲအတိုင်းပဲ ဆက်နေလိုက်တယ်။ ဖြိုးကြီးလို လူတောင် အလုပ်များလွန်းလို့ နားရက်မရှိ လုပ်ရတာ မနေနိုင်လို့ ထွက်ပြေးတာ မိသားစု ရှိတဲ့ ကျွန်တော့အတွက် ပိုဆိုးတာပေါ့။ သူတို့က နာမည်အကြီးကြီး တပ်ပေးလိုက်တာ အဲဒီ နာမည်နှင့် အကိုက် လုပ်ရတယ်။ တခါတလေ ပိုတောင်ပိုသေး။ အဲဒီတော့ ရာထူးတိုးတဲ့ လူတွေအနေနှင့် ဆုတ်လည်းစူး စားလည်းရူး အခြေနေမှာပေါ့။ ရာထူး မယူပြန်တော့လည်း သူများယူသွားမှာစိုး၊ ယူပြန်တော့လည်း ဘာမှာ မယ်မယ်ရရ သူများထက်ပိုမရ၊ ရာထူးရတာကိုက ကံထူးရှင်လို့ သတ်မှတ်ထားတဲ့ ဒီအသိုင်းအဝိုင်းမှာ အလုပ်လုပ်ရတာကိုက ဘဝပဲ။

နောက်တစ်ခု ရင်နာစရာ ပိုကောင်းတာက ကိုယ့်တိုင်းပြည်မှာ နေရာရှိပါလျှက်နှင့် တိုင်းပြည်ကနေထွက် အပင်ပန်းခံ ပိုက်ဆံရှာရပြီး ပြည်တွင်းမှာ အခြေအနေ မပေးလို့ တိုင်းပြည်အပြင်ထွက် အလုပ်လုပ်နေရတဲ့ ကုလားတွေက နေရာဝင်ယူထားတော့ အရင်တုန်းကလို technical transfer အတွက်ဆိုရင်တော့ မပြောပါဘူး၊ အခုကိုယ့်နေရာလည်း ပေးရတယ် technicalလည်းကိုယ်ကပဲ ပေးရတယ်ဆိုတော့ မိအေးနှစ်ခါနာ ဖြစ်နေတာပေါ့။ အဲဒါ ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာတော့ သေသေချာချာမသိ၊ ဗမာတွေ ခံစားနေရတာကိုတော့ ကိုယ်တိုင် ခံစားခဲ့ရလို့ သိခဲ့ရပြီ၊ ခေါင်းဆောင်ဆိုတဲ့ ကုလားတွေကတော့ ယောင်လည်လည်၊ ပညာလည်းသင် ပိုက်ဆံလည်း တန်ရာတန်ကြေးရ၊ ဗမာတွေက သင်လည်းသင်ပေးရ ခိုင်းတာလည်း လုပ်ပေးရ ပိုက်ဆံကျတော့ သတ်မှတ်ထားတဲ့ ဈေးနူန်းတောင် ကျော်နေပြီဆိုပြီး ဈေးနိမ်ပေးနှင့် အတော်ခံရခက်တဲ့ အိမ်ပေါ်တက် တံတွေးထွေးခံရတဲ့ အဖြစ်ပဲ။ ပိုဆိုးတာက ဒီကောင်တွေ ဒီကနေ ထွက်ဖို့ အဖြစ်မရှိပါဘူး၊ ဟောင်ဖွာ ဟောင်ဖွာ လုပ်နေတာပါဆိုတဲ့ အပြောမျိုးတွေ၊ ထွက်ချင်ရင် ထွက်ကြ လုပ်မယ့်လူတွေ တန်းစီနေတယ်၊ အခုတောင် လျှောက်လွှာတွေ များလွန်းလို့ ဖတ်တောင်မဖတ်နိုင်ဘူး ဆိုတဲ့ အပြောမျိုးတွေနှင့် ဘဝင်မြင့်နေတဲ့ မန်နေဂျာတွေ၊ ကပ်ဖားယပ်ဖား လုပ်နေကြတဲ့ ပွဲလန့်ဖျာခင်းမယ့် ကိုယ့်အချင်းချင်းတောင် တစ်မူးသာရ မနာလို ဝန်တိုစိတ်ရှိကြတဲ့ ကပ်ပါးတွေရဲ့ လက်ထဲမှာ ဘယ်လိုလုပ် လူမျိုးကောင်းစားရေးဝါဒ ရှင်သန် ပေါက်ဖွားပါ့မလဲ။ ဘာမှအလုပ်မလုပ်ပဲ ဆေးလိပ်သောက် ကော်ဖီသောက် လုပ်နေတဲ့ ဗိုလ်ချုပ်လို လူမျိုးကိုတောင် အလုပ်မဖြုတ်ရဲ၊ ယောင်လည်လည် ကိုဝင်းလွင်တပည့်က ခေါင်းတက်ဖြစ်လိုဖြစ်နှင့် အတော့ကို ရီချင်စရာကောင်းတဲ့ အုပ်ချုပ်မူ့ ပုံစံပါပဲ။ ဒီလိုပုံစံနှင့် ဒီပလက်ဖေါင်းကြီး ဒီလောက်ခံတာ ဗမာတွေ အတော့ကို ခန္ဓီပါရမီနှင့် ပြည့်စုံနေလို့ပဲ။

အခု လောလောဆယ်တော့ ဂလိုဘယ် ချန်ပီရံလောင်းရဲ့ အလားလာကို trendတင်ပြီးကြည့်နေတာပဲ ကောင်းပါတယ်လေ။
***************

ကဲလိုက်ကြစို့....

*********
အာသီသ
*********
ပန်းပိတောက်တွေ..ရွှေရည်လူး
ငုဝါတွေ..တွဲလောင်းကျ
အလှခြင်းရယ်..ပြိုင်နေကြတဲ့
ချိန်ခါဤသမယ..
ရောင်စုံချယ်တဲ့…အနာဂတ်လေးများ
ကခုန်မြူးတူးကြ
အသာချထား..ဘေးမှာခဏ
အရောင်ဆိုးထားတဲ့..လူ့ဒုက္ခ
တွေးပါနှင့်လေ..ဟိုဒီအကြောင်း
တို့ရင်မှာ..သာစေကြောင်း
လောင်းလိုက်ပါ….အပေါင်း
***********

Monday, April 7, 2008

မင်္ဂလာဆောင်ရအောင်..အချစ်ရေ


*********
အာသီသ
**********

ဟောင်ကောင်မင်းသားနှင့်မင်းသမီးလို့ မထင်လိုက်ပါနှင့် အဲဒါ ရဲတံခွန်က ကရိယာဆရာ ကိုရဲမျိုးကျော်တို့ အတွဲပါ။ ကိုရဲမျိုးကျော် ရဲတံခွန်ရောက်တာ မကြာသေးပေမယ့် သူ့ရဲ့ နေထိုင်ပေါင်းသင်းမှူ့ ပုံစံက ရိုးရှင်းပြီး အားလုံးအပေါ် လေးစားသမှူ့ ရှိတဲ့ ပရိုတိုကောနှင့်ဆိုတော့ လူတိုင်းနှင့် အချိန်တိုအတွင်း ခင်မင်ရင်းနှီး သွားတာပေါ့။ အထူးသဖြင့် ခြင်္သေ့တွေ အများကြီးရှိတဲ့ လျှပ်စစ်ဂူထဲမှာတောင် အဆင်ပြေအောင် နေထိုင်ပြီးမှ သူပိုမိုအားသန်ရာ ကရိယာကို ပြောင်းရွှေ့သွားတာပါ(အမှန်တကယ်က ဘိုကြင် မနားတမ်း စကားတွေ ပြောလွန်းလို့ နားငြီးတာ မခံနိုင်တော့လို့)။

သိပ်မကြာတော့ပါဘူး နောက်တစ်တွဲ ထပ်လာအုံးမှာ။ ကိုစောမင်ဦးတို့ အတွဲလေ။ ကိုစောမင်းဦးနှင့် သိစက စောမင်းဦးဆိုတော့ ကရင်ပဲပေါ့။ ကိုစောအောင်ကျော်ဦးတို့ ကိုစောအောင်သော်တို့လိုပဲထင်တာ၊ အဲ...ဘယ်ဟုတ်မလဲ သူက နာမည်သာစောတာ လူက မစောဘူးတဲ့၊ အဲဒါနောက်မှသိရတာ။ ဒါပေမယ့် သူလည်း ဓါတ်သက်ပါသွားတာ အခု ကရင်မလေးနှင့် မင်္ဂလာဆောင်တော့မှာတဲ့။ ကိုစောမင်းဦးရဲ့ အမျိုးသမီးက ကိုစောမင်းဦးအကြောင်း ကောင်းကောင်းမသိသေးလို့ ယူတာဖြစ်မယ်။ ဘာကြောင့်လည်း ဆိုတော့ ဘိုစောဟာ ”အသစ်”လူ။ ကင်မရာတို့ ဖုန်းတို့ဆို ၆လလောက်ပဲ သုံးတာ။ အမြဲတမ်း မော်ဒယ် အသစ်လေးတွကိုပဲ စိတ်ထဲ စွဲနေတတ်သူ။ (နည်းနည်းတော့ ဖွလိုက်ရမှ..ဟီး.ဟီး)

သူတို့တွေ မင်္ဂလာဆောင်တာ ကြည့်ပြီး ကိုယ်ဆောင်တုန်းက အဖြစ်အပြစ်ကလေးကို သွားသတိရတယ်။ မင်္ဂလာမဆောင်ခင် မိန်းမသွားတောင်းတော့ သိတဲ့အတိုင်း တရုပ်တွေက ဟိုဟာပါရမယ် ဒီဟာပါရမယ်နှင့် အတော့ကို ညှိယူရတယ်(အရေးကြီးတဲ့ဟာ..ပါမပါတော့ ဘယ်သူမှ လာမကြည့်ကြဘူး..ဟဲဟဲ)။ သူတို့ဘက်က တော်တော်နှင့် မလျှော့တော့ မိန်းမယူချင်စိတ် ကုန်ခမ်းသွားတဲ့ အထိပဲ။ ကျွန်တော့ အယူအဆက အကုန်မခံချင်လို့ မဟုတ် ဒါပေမယ့် သူတို့ လိုအပ်ချက်တွေက တစ်အိုးတစ်အိမ် ထူထောင်မယ့် သူတွေအတွက် ဘာမှအကျိုးမပြု ၊ မင်္ဂလာဆောင်လည်း ပြီးရော ဝက်မွေးရမယ့်ကိန်း ဆိုက်မယ့်အဖြစ်။ ကံကောင်းသွားတာက ကျွန်တော်ယူမယ့်မိန်းမက ညှိမရရင် ဒီအတိုင်းပဲ လိုက်သွားတော့မယ် ဆိုမှ အားလုံးပြီးဆုံးသွားတယ်။ ဒါတောင် ညနေခင်းဧည့်ခံပွဲမှာ အရက်တိုက်ရေး မတိုက်ရေး တော်တော်အခြေအတင် ဖြစ်လိုက်သေးတယ်။ ကျွန်တော့ အယူအဆက ဗုဒ္ဓဘာသာအရ အရက်မတိုက်ချင်၊ တရုပ်အယူအဆက အရက်ပါမှ ပွဲဖြစ်တယ်၊ နောက်ဆုံးတော့လည်း အလျှော့ပေး လိုက်ရတာပါပဲ။

ကိုယ်တိုင် အစဆုံး စီစဉ်ရတော့ ဘာ လိုအပ်လိုအပ် ကိုယ့်ဆီပဲ ဦးတည်လာတာပဲ။ ညနေ ဧည့်ခံပွဲ လုပ်နေတုန်း အရံဝိုင်းတွေ စီစဉ်ထားလျှက်နှင့် လာတဲ့လူတွေက မထင်မှတ်ပဲ ပိုများသွားတော့ ကျွန်တော်တို့ရဲ့ ချစ်ကိုကြီးများ ဖြစ်ကြတဲ့ ဓါတ်ပုံဆရာ ကိုသီဟနှင့် ကိုအလိုင်း(ကိုအောင်ထွေးဝင်း)တို့အတွက် နေရာမရ ဖြစ်သွားတော့ သူတို့မှာ နာလည်းနာသေး နံလည်းနံသေး ဆိုတဲ့ အဖြစ်ကြုံသွားရတယ်။ သူများတွေ သောက်စား နေချိန်မှာ သူတို့က အမောတကော ဓါတ်ပုံလည်း ရိုက်ရသေး၊ ဗိုက်ဆာလို့ စားမယ်ကြည့်တော့ ထိုင်စရာ နေရာက အပြည့် နောက်ဆုံးတော့ သူငယ်ချင်းတွေဝိုင်းမှာ ဝင်ကပ်စားရတဲ့ ကိန်းဆိုက်သွားတယ်။ ကျွန်တော်လည်း အခမ်းအနား အစီအစဉ်အတိုင်း မျှောလိုက်နေရတော့ သူတို့အတွက် မစီစဉ်ပေးနိုင် ဖြစ်ခဲ့ရတယ်။ အဲဒီအချိန်တုန်းက ကိုအလိုင်းနှင့် ကိုသီဟတို့နှစ်ယောက်ရဲ့ မကြည်လင်တဲ့မျက်နှာတွေကို အခုထိမြင်ယောင်မိနေသေး။ ဟုတ်လည်းဟုတ်ပါတယ်လေ ပွဲပြီးတော့ တော်တော့ကို တောင်းပန်လိုက်ရတယ်။ အစတုန်းက အသိတော်တော်များများက ကျွန်တော့ကိုလူရိုးလေး မသောက်တတ်မစားတတ်လို့ ထင်ထားပုံရတယ်။ အဲဒီညက ဝိုင်း”ကမ်းပေး”ကြတော့ အောင်ရဲဦးတော့ သွားပြီပေါ့ ဆိုပြီး ပြောနေကြတယ်။ တစ်ဝိုင်ပြီးတစ်ဝိုင်း လှည့်လည် ”ကမ်းပေး”လိုက်တာ ဝိုင်းသာဆုံးသွားတယ် အခြေမပျက် အနေမပျက်ဆိုတော့ အားလုံး အခြေနေမှန် သိသွားတာပေါ့။ (ဟဲဟဲ..ဒီလိုပဲ ရုပ်တည်နှင့် လုပ်စားနေတာ..)

ချစ်ကိုကြီး ကိုမြင့်လွင် ပြောနေကြ စကားရှိတယ်၊ အခုထိ မှတ်မိနေသေး။ ကိုမြတ်မင်း မင်္ဂလာ မဆောင်ခင်က ပုန်း ၇၀ ကုန်မယ်လို့ ငြီးတော့၊ တရုပ်မ ယူရင် initial cost တော့များတယ် ဒါပေမယ့် နောက်ထပ်ထည့်စရာ မလိုဘူးတဲ့။ သူဆိုလိုတာက တရုပ်တွေက စီးပွားရှာတတ်တယ်၊ ယူပြီးရင် သူလည်း မယ်တထမ်း စီးပွားရှာမယ် ဆိုတော့ ပြန်လှည့်ကြည့်စရာ မလိုဘူးပေါ့တဲ့။ မြန်မာမကို ယူရင် အစတော့ သိပ်မကုန်ဘူး၊ နောက်ပိုင်းကျတော့ စီးပွားမရှာတတ် မလုပ်တတ်နှင့် ဆိုတော့ အိမ်နောက်ဖေး ပေါက်တယ်ပေါ့။ သူဆိုလိုတာကို ပြောပြတာပါ။ မြန်မာမတွေ ထဲမှာလည်း စီးပွားရှာ တော်တဲ့သူတွေ အများကြီး ရှိပါတယ်။ မြန်မာ အမျိုးသမီးများ စွမ်ဆောင်ရှင် အသင်းတောင် ရှိသေး။ ဒါပေမယ့် သူပြောတာ ယေဘူယျအားဖြင့်တော့ မှန်သလိုလိုရှိသား။

ကျွန်တော်တို့သူငယ်ချင်း ကိုမိုးဇော်လွင် မင်္ဂလာ ဆောင်တုန်းက ရီစရာ အဖြစ်အပြစ်ကလေး တခုကို အခုထိ မှတ်မိသေး။ အဲဒီတုန်းက ကားပိုင်ရှိတဲ့ ကိုဖြိုးကြီးက ကြိုပို့ လုပ်ပေးတယ်(ကိုမိုးဇော်လွင် ညီမက ချောတာကိုး)။ ပွဲထွက်ခါလည်းနီးပြီ ပြင်ကြဆင်ကြနှင့် အားလုံး ပျာယာခပ်နေချိန် သတိုးသား အဝတ်လဲတော့ အောက်ခံဘောင်းဘီ မပါလာလို့ ဖြိုးကြီးခမျာ ညီမလေးမျက်နှာကြောင့် တခေါက်ပြန် ပြေးယူပေးရသေးတယ်။ အလှပြင်တဲ့ အချောက်က သဘောတွေခွေ့လို့။ တစ်ခါ ပွဲလည်းထွက်ရော အခါတော်ပဲရှိသေး မီးပြတ်သွားလို့ သတိုးသားနှင့် သတိုးသမီးလည်း လမ်းလျှောက်ရင်း တန်းလန်း အခါတော်ပေးတဲ့သူလည်း တန်းလန်းနှင့် ၅မိနစ်လောက် စောင့်လိုက်ရသေး။ မီးပြန်လာမှ အားလုံး သက်ပြင်း ချနိုင်တော့တယ်။ မဟုတ် ဘယ်လိုလုပ်မလဲ မသိ။ အရံမီးစက်တော့ ရှိမလားမသိဘူး။

ကိုလွင်မောင်ဦး မင်္ဂလာဆောင်တုန်းကတော့ စိတ်မကောင်းစရာ တစ်ခု ကြုံလိုက်ရတယ်၊ တခြားတော့ မဟုတ်ပါဘူး၊ ကိုလေးနိုင် အမျိုးသမီးရဲ့ အဖိုးတန်လည်ဆွဲ ကျပျောက်သွားတယ်။ ဘိုးဘွားရိပ်သာမှာ ခေါက်တုန့်ခေါက်ပြန် အလူးအလဲ ရှာတော့လည်း မတွေ့တော့ဘူး။ ကိုလွင်မောင်ဦးလည်း စိတ်မကောင်ဖြစ်ရုံက လွဲလို့ ဘာမှမတတ်နိုင် ဖြစ်ခဲ့ရတယ်။


(ကိုရဲမျိုးကျော်..ကိုစောမင်းဦး..ကိုမိုးဇော်လွင်..ကိုလွင်မောင်ဦး..ကိုသီဟနှင့်..ကိုအလိုင်းအမှတ်တရ)

***********


Thursday, April 3, 2008

ဧပရယ်မှာ..ငိုခြင်းစသူများ

*********

ဧပရယ်လို လှပတဲ့ ”လ”ကလေးမှာ လောကကြီးထဲ ရောက်လာကြတဲ့ သူငယ်ချင်းများ၊ အတာရေချမ်း ပိတောက်ပန်းတွေနှင့် ထပ်တူထပ်မျှ လန်းဆန်း အေးချမ်း မွှေးပျံ့မှူ့ ရှိကြပါစေ။

Mohammed Feroz Khan { 4-Apr } Offshore
Ne Win { 25-Apr } Offshore
Toe Toe Lwin { 15-Apr } Offshore
Lay Naing { 13-Apr } Onshore
Saw Chit Tun Aye { 30-Apr } Onshore
Zaw Min Oo { 5-Apr } Onshore

************