<>>အာသီသ ဓါတ်ပုံ နှင့် ဗွီဒီယို ဘလောဂ့်များ<<>

Tuesday, February 12, 2008

ငါ့ပြန်ပေးပါ..



ငါ့ပြန်ပေးပါ
**********
အေးမြဆောင်းလေ
ကျီစယ်နေသည်ပ
သစ်ရွက်တွေ..တုန့်ပြန်လည်း
ငါ..မတုန့်ပြန်မိ……
တွေးနေမိတာ……အိမ်အကြောင်း
တေးသံစုံ…..အသိုက်မြုံက
အဆွဲထုတ်ခံ့……..ငါ့ဘဝ
လက်သည်..အတ္တ
သင်..လာလိုက်စမ်းပါ…အနား
ဂုတ်ဆွဲကာ..ပြောချင်စမ်းဘိ
ငါ့ဘဝ…ငါ့…ပြန်ပေးပါ…..။

*****
မိုးသောက်နှင်းမှုံ
ကျီစယ်နေသည်ပ
မြက်ခင်းတွေ..တုန့်ပြန်လည်း
ငါ..မတုန့်ပြန်မိ…..
တွေးနေမိတာ…….ရတနာ့အကြောင်း
ပန်းမျိုးစုံ…..ဥယာဉ်ထဲက
အဆွဲထုတ်ခံ…….ငါ့ဘဝ
လက်သည်……ဒေါ်လာ
သင်..လာလိုက်စမ်းပါ…အနား
နာရွက်ဆွဲကာ..ပြောချင်စမ်းဘိ
ငါ့ဘဝ…ငါ့...ပြန်ပေးပါ……။

*****

အာသီသ

( မိသားစုနှင့်….မိုင်ပေါင်းများစွာ..ဝေးကွာနေကြသော…သူငယ်ချင်းများအတွက်…အမှတ်တရ..)

Sunday, February 10, 2008

လက်ခုပ်ပဲ....တီးတော့မှာလား

***********
အာသီသ

တနေ့က တရုတ်နှစ်ကူး ရုံးအားလို့ ဘာလုပ်ရမလဲ မသိ၊ စာဖတ် ချင်တာနှင့် မဖတ်ဖြစ်တာ ကြာပြီ ဖြစ်တဲ့ Reader Digest ကို ဝယ်ပြီး ဖတ်နေမိတယ်။ January Issue ပါ။ ဟိုလှန် ဒီလှန်နှင့် စိတ်ဝင်စားစရာ အကြောင်းအရာကို ရှာနေတုန်း Heroes ဆိုတဲ့ ခေါင်းစဉ်ကို တွေ့တော့ စိတ်ဝင်စား တာနှင့် ဖတ်ကြည့်မိတယ်။ ကိုယ်ကျိုးမငှဲ့ လူသားချင်း စာနာစိတ် ရှိရှိနှင့် သူတပါးကို ကူညီ ၊ သူတပါး အသက်ကို ကယ်တင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ ကူညီ ကယ်တင်ခဲ့ပုံ ဇါတ်လမ်းအကျဉ်း ၁၁ခုကို ဖေါ်ပြထားပြီး မိမိ ကြိုက်နှစ်သက်ရာ အကောင်းဆုံးကို The hero of the year အတွက် မဲပေးနိုင်ကြောင်း ဖေါ်ပြထားပါတယ်။ တော်တော် မဆီလျှော်တဲ့ အစီအစဉ် ပဲလို့ စိတ်ထဲ မှတ်ချက် ပေးနေမိပါတယ်။ ဘာပြုလို့လဲ ဆိုတော့ သူတို့ အားလုံးဟာ The heroes of the year ပဲ မဟုတ်ပါလား။ အမှန်တကယ်တော့ သူတို့တွေဟာ ပြိုင်ပွဲဝင်ဖို့ ရည်ရွယ်ပြီး သူတပါးကို ကူညီကယ်တင် ခဲ့တာမျိုးမဟုတ်၊ ခရီးသွားဟန်လွှဲ ဒုက္ခရောက်နေတဲ့ ဘေးအန္တရာယ် တွေ့နေတဲ့ သူတွေကို လူသားစိတ်ရှိရှိ အကျိုးမမျှော်ပဲ လုပ်သင့် လုပ်ထိုက်တာကို လုပ်ဆောင်ခဲ့ သူများသာ ဖြစ်ပါတယ်။ Reader Digest အနေနဲ့ ဂုဏ်ပြု ဖေါ်ပြတယ် ဆိုရင်လည်း အားလုံးကို သူကောင်း ပြုသင့်ပါတယ်။

မြန်မာပြည် မှာလည်း ဒါမျိုး အဖြစ်အပြစ်တွေ အများကြီး ရှိမှာပါ။ မှတ်တမ်း တင်မထား တာပဲ ဖြစ်ပါလိမ့်မယ်။ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ကျွန်တော် သိခဲတဲ့ သူရဲကောင်း တစ်ယောက် အကြောင်း ဖေါ်ပြ ပါရစေ။ အဲဒီတုန်းက အိမ်ထောင် ကျကာစ၊ ကလေးလည်း မရသေးတော့ အားလပ် ချိန်တွေမှာ ညနေတိုင်း တက္ကသိုလ် ရေကူးကန်မှာ ရေသွားသွား ကူးဖြစ်တယ်။ တစ်နေ့ ကျွန်တော်တို့ ရေကူးပြီး အင်းယား ကန်ဘောင်ပေါ် လမ်းလျှေက်ပြန်အလာ၊ လူတွေတန်းစီပြီး ကြည့်နေတော့ ဘာဖြစ်တာလဲ ဆိုပြီး ဝင်စပ်စုမိတယ်။ ဆယ်ကျော်သက် ချာတိတ် တစ်ယောက် Life Jacketနှင့် ကမ်းဆီ အသည်းအသန် ကူးလာနေတာ တွေ့ရတယ်။ သူနှင့် မလှမ်းမကမ်းမှာ နှစ်ယောက်စီး Canoeလို လှေတစ်စီးကို မှောက်လျှက်သား တွေ့ရပြီး၊ နောက်ရွယ်တူ ချာတိတ် တစ်ယောက်က လှေကို ဖက်တွယ်ထားတာ တွေ့ရတယ်။ ကမ်းဆီကူးလာနေတဲ့ ချာတိတ်ဟာ ရေလုံးဝ မကူးတတ်ဘူး၊ ပိုဆိုးတာက သူဝတ်ထားတဲ့ Life Jacketဟာ ပေါက်ပြဲနေပြီး ရေတွေ ဝင်နေတာကြောင့် သူ့ကို ရေထဲ ဆွဲချ နေသလို ဖြစ်နေ ပါတော့တယ်။ ကန်ဘောင်ပေါ်မှာ ကြည့်မယ့်သူသာ ပိုပိုများလာပြီး ကယ်မယ့်သူ တစ်ယောက်မှ မတွေ့ရသေး။ ဆောက်တည်ရာမရ ဖြစ်နေတဲ့ ချာတိတ်ဟာ ရှိသမျှ အင်အားနှင့် အသကုန် ကူးခတ်ရင်း ပါစပ်က ကျွန်တော့ကို ကယ်ပါ၊ ကျွန်တော်ရေမကူးတတ်ဘူး၊ ကျွန်တော် နှစ်တော့မယ် လို့သာ အော်နေပါတယ်။ အမှန်တကယ်ဆို ကျွန်တော် ဆင်းကယ် ခဲ့သင့်ပါတယ်။ ကျွန်တော်ဟာ ရေကောင်းကောင်း ကူတတ်ပါတယ်၊ အလေ့အကျင့်လည်း ကောင်းကောင်း ရှိပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်ပါ ရောပြီး နှစ်သွားမှာ ကြောက်တဲ့ စိတ်က လွှမ်းမိုးနေလို့ ကျွန်တော် မဆင်းဖြစ် ခဲ့တာပါ။ အဲဒီ အကြောင်းကို ပြန်တွေးမိတိုင်း ရှက်နေမိပါတယ်။ နှစ်တော့မဲ့ဆဲဆဲ ချာတိတ်ကို အသားညိုညိုနှင့် လူတစ်ယေက်က တစ်ယောက်ထဲ ဆင်းကယ် သွားခဲ့ပါတယ်။ ကယ်တင်ရှင်ကြီးဟာ သူ့အလုပ်ပြီးတာနှင့် ဘာမှ မပြော၊ ရေစိုဝတ်နှင့်ပဲ ထွက်သွား ပါတော့တယ်။ ကျွန်တော် အပါဝင် ရပ်ကြည့်နေသူ အားလုံး လက်ခုပ်တီးပြီး ကျန်ရစ်ခဲ့ပါတယ်။ လှေကို တွယ်ဖက်ထားတဲ့ ချာတိတ်ကိုတော့ စက်တပ်လှေ တစ်စီးက လာကယ်သွားပါတယ်။ လမ်းတလျှောက် ကိုယ့်ကိုကိုယ် ဝေဖန်ရင်း ရှက်ရှက်နှင့် အိမ်ပြန် ခဲ့ပါတော့တယ်။ အကယ်၍ ချာတိတ်သာ ကယ်သူ မရှိလို့ ရေ နှစ်သွားခဲ့ရင် …………။

” အသားညိုညိုနှင့် ကယ်တင်ရှင်ဟာ ကျွန်တော့အတွက်တော့ The hero of my lifetime ပါပဲ။ ”

***************

Saturday, February 9, 2008

ဝိဇ္ဇာ နှင့် စရဏ

***************
အာသီသ

ကြာသပတေးနေ့ ညက ဘဝတပါး ပြောင်းသွားတဲ့ ကိုသက်ညွန့် သတင်း ကြားလိုက်ရတော့ တော်တော့ကို စိတ်မကောင်း ဖြစ်ရပါတယ်။ ကိုသက်ညွန့် နှင့်တော့ ပုဂ္ဂိုလ်ရေးအရ သိပ်မခင်၊ ဒါပေမယ့် ကိုသက်ညွန့်ရဲ့ ဝမ်းကွဲညီမနှင့်က သိပ်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်တော့ ကိုသက်ညွန့်ရဲ့ ကျန်းမာရေး အခြေအနေကို အမြဲ ကြားနေရတယ်။ ပထမ ဆုံးအကြိမ် ကိုသက်ညွန့် ဆေးရုံတင်တော့ ကျွန်တော် သွားကြည့် ဖြစ်သေးတယ်။ အဲဒီတုန်းက သူ ကားမောင်းရင်း လေဖြတ် သလိုမျိုး ခံစားရပြီး၊ သိပ် မကြာခင်မှာပဲ တစ်ကိုယ်လုံး လှုပ်လို့ မရ ဖြစ်သွားလို့ ဆေးရုံ တင်လိုက်ရတယ်တဲ့။ ရောဂါ ဇက်မြစ် လိုက်ကြည့်တော့ သွေးကင်ဆာလို့ ဆရာဝန်က အမည် တပ်တယ်တဲ့။ အချိန် ဘယ်လောက် ကြာသွားလည်းတော့ မသိ၊ ကိုသက်ညွန့်ကို ရုံးမှာ ပြန်တွေ့တော့ တကယ့်လူကောင်း ပကတိပဲ။ နည်းနည်း ဝ လာတာတော့ သတိ ထားမိတယ်။ ရဲတံခွန်မှာတောင် တစ်ခေါက် ဆုံလိုက်သေး၊ သူ့မှာ ဘာခံစားမှု့မျိုးမှ မတွေ့ရ။ နောက်ဆုံး ကြားရတဲ့ သတင်းက ကိုသက်ညွန့်မှာ သွေးကင်ဆာ မရှိ၊ အခြေအနေ ကောင်းပါတယ် ဆိုတာပဲ။ အဲ…….အခုကျတော့ ဆုံးပြီတဲ့….။

သေခြင်းတရားဆိုတာ နေ့မြင် ညပျောက် ညမြင် နေ့ပျောက် ပါပဲလား။ ထူးဆန်းတဲ့ အဖြစ် အပြက်တော့ မဟုတ်၊ ဒါပေမယ့် နေမယ်ဆို သူ့အသက်ရဲ့ နောက် တစ်ပြန်လောက် နေလို့ရသေး။ အခုကျတော့… အင်း…. တိုတောင်းလိုက်တဲ့ ဘဝ။

အခုတလော အမျိုးတွေ ထဲမှာရော အသိတွေ ထဲမှာပါ ဆုံးပါးမှု့တွေ ခဏခဏ ကြားရတော့ ကိုယ့်အလှည့်ရော ဘယ်တော့လည်းလို့ မကြာခဏ တွေးမိတယ်။ လူဆိုတာ မွေးလာတာ သေဖို့ တစ်ခုတည်း အတွက်ပဲလား၊ ဒါဆို လူ့ဘဝ အဓိပ္ပါယ်ဟာ ဘာလဲ ဆိုတဲ့ အဖြေ ရှိပြီးသား မေးခွန်းကိုပဲ ထပ်ခါ တလည်းလည်း ပြန်မေး နေမိတယ်။ အဝိဇ္ဇာ ဖုန်းထားလို့ ရုပ်နာမ် သင်္ခါရ သဘောတရားကို မဆင်ခြင် နိုင်တော့ သေခြင်းတရား ဆိုတာကို ရင်ဆိုင်ဖို့ ကြောက်ရွံ့နေတာ အမှန်ပဲ။ ဒါပေမယ့် အသေအချာ ရောက်လာမယ့် ဘေးကို ပြေးတွေ့ရန် ပြင်ဆင်ဖို့ အချိန် ရောက်နေပြီ ဆိုတာကို သိလျှက်နှင့် ငြင်းပယ် နေမိတယ်။ ထားခဲ့ရမယ့် အရာတွေကိုသာ အသည်းအသန် ရှာဖွေနေပြီး၊ ယူသွားရမှာ တွေအတွက် အားထုတ်ဖို့ ကြတော့ တုန့်နှေး နေမိတယ်။ ဘဝကို တပ်မက်တဲ့ ဘဝတဏှာ ရှိနေသေးသရွေ့ နောက်ဘဝ ထပ်ရမယ် ဆိုတာလည်း သိနေပြီးသား၊ ဘဝ ထပ်ရရင် အိုခြင်း နာခြင်း သေခြင်း စတဲ့ ဒုက္ခတွေ ထပ်ရနေ အုံးမယ်ဆိုတာ သိလျှက်သားနှင့် ဘာကြောင့်မို့ လွှတ်မြောက်ဖို့ မကျိုးစား လည်းမသိ။ ဥာဏ်နည်းတော့ အရှေ မမြင်၊ တဘဝတာ ကောင်းစား တာကိုပဲ အဟုတ်ထင် နေမိတာတော့ အမှန်။ တစ်ခုခု စလုပ်ဖို့ အချိန်တန် နေပါပြီ….တကယ့်ကို အချိန်ရောက် နေပါပြီ။

***************

Tuesday, February 5, 2008

တိမ်တိုက်တွေကြားတိုးဝှေ့ကြည့်ခြင်း


***********

အာသီသ
ပြီးခဲ့တဲ့အပါတ် ရုံးအားရက်ဖြစ်တဲ့ သောကြာနေ့က ကျွန်တော့်တို့ ဆီကို အလည်လာ နေကြ သူငယ်ချင်း တစ်ယောက် ရောက်လာတယ်။ သူနှင့်အတူ သူ့ Lap top လေးပါ ပါလာတယ်။ ကျွန်တော် ကိုယ်တိုင် လိုက်ဝယ် ပေးထားတဲ့ ကွန်ပြူတာလေးပါ။ အဲဒီ ကွန်ပျူတာမှာ ဖြစ်နေတဲ့ ပြဿနာ လေးတွေကို ကြည့်ပေးဖို့ အကူအညီ တောင်းတော့ တတ်သလောက် မှတ်သလောက် လေးနှင့် လုပ်ပေးလိုက်တာ ကောင်းသွားပါတယ်။ ယောက်ျားလေး ပီပီ ဟိုပုံ ဒီပုံတွေ ပါလာလို့ ကြည့်မလား မေးရင်း သူက ရုတ်တရက် သတိရလာပြီး ကျွန်တော့ကို ပုံတချို့ထုတ်ပြပါတယ်။ သူဘယ်က ရလာသလဲတော့ ကျွန်တော် မမေးမိလိုက်။ သူပြတဲ့ ပုံတွေကို ကြည့်ပြီး တော်တော့ကို တုန်လှုပ် သွားမိပါတယ်။ အခုခေတ် လူတွေရဲ့ ကိုယ်ကျင့်တရား နှင့် အကျင့်သိက္ခာ ကို မေးခွန်း ထုတ်မိတဲ့ အထိပဲ။ ဒီပုံတွေ ဘယ်လောက် အတိုင်းအတာ အထိ ပြန့်နှံ့ နေလည်းတော့ သေချာမသိ။ ဆက်သွယ်ရေး ခေတ်ကြီးမှာ အဲဒီအတွက် ပူစရာမလို။ တွေးမိတာက ဒီပုံတွေကို ကြည့်ဘူးတဲ့သူ ဘယ်နှစ်ယောက်များ ဖန်တည်း သူတွေကို ရှုတ်ချပြီး ၊ ဘာမှ မသိလိုက်တဲ့ ကာယကံရှင် တွေကို ကိုယ်ချင်းစာစိတ် ထား ဂရုဏာ သက်လိုက်ကြလည်း သိချင်နေမိဧ။်။ သမီးရှင်တွေ အားလုံးအတွက် သောကများ ရင်လေးဘွယ်ရာပင်။

လူစိတ်မရှိတဲ့ လူတစ်ယောက်(သို့)လူတစ်ချို့ဟာ ရုံးခန်းပါ ငှားတဲ့ ဟော်တယ် တစ်ခုရဲ့ မိန်းကလေး အိမ်သာထဲမှာ လူမမြင်အောင် လျှို့ဝှက် ကင်မရာကို တမင် ရည်ရွယ်ချက် ရှိရှိနှင့် လိုချင်တဲ့ နေရာ ရအောင် အတိအကျ ချိန် ရွယ်ပြီး မိန်းကလေးတွေ အပေါ့သွားတာကို ရိုက်ထားတဲ့ ပုံတွေဖြစ်ပါတယ်။ ဒီလူယုတ်မာ တွေရဲ့ သားကောင်တွေ ဖြစ်သွားတာ ဘယ်နှစ်ယောက် ရှိလဲတော့ သေချာမသိ၊ ကြည့်လိုက် ရတာကတော့ ၆ယောက်။ သူတို့ ယုတ်မာမှု့က ဒီမှာတင် ရပ်သွားတာ မဟုတ်၊ တစ်ယောက်ချင်းစီရဲ့ ပုံတွေကို လေးပုံကို တစ်ပုံဖြစ်အောင် ပေါင်းပြီး ဓါတ်ပုံပေါ်မှာ အမည် အလုပ်အကိုင် နေ့ရက် အချိန် စတာတွေကိုပါ ထည့်သွင်း ဖေါ်ပြ ထားတာ တွေရတော့ ကမ်းကုန် တာတင်မဟုတ် ကမ်းပါ လွန်နေပြီ။ ဒီထက် ပိုဆိုးတာက ကွန်ယက်ပေါ် ရောက်နေနှင့်ပြီ။

ကာရကံ ရှင်တွေဟာ အပျိုရွယ် မိန်းကလေးတွေ ဖြစ်ဟန် တူပါတယ်။ အကယ်၍သာ သူတို့များ ဒီအဖြစ်ဆိုး တွေကို ကိုယ်တိုင် ကိုယ်ကျ သိခွင့် မြင်ခွင့် ရလိုက်ရင် ဘယ်လောက်များ စိတ်သောက ရောက်လိုက်မလဲ မသိ။ တော်ရုံတန်ရုံ မိန်ကလေးတွေဆို ရှက်၍ မကြံကြီး မစည်ရာတွေ ကြံစည်သွားမှာ မုချ။ ဘယ်သူ့အတွက် ဘာအကျိုးရှိလို့ လုပ်ကြလည်း ဆိုတာ တွေးလို့ကို မရ။ သေချာတာ တခုက ကာရကံရှင် တွေဟာ မဖော်ပြနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို တသီကြီး ခံစားရမှာ မုချပင်။ ကာရကံရှင်တွေ ကိုယ်တိုင် သဘောတူ၍ ဖန်တည်း ထားတာမျိုး ဆိုလျှင်တော့ ဘာမှမပြောလို ၊ မိမိ တတ်နိုင်တဲ့ ဘက်က မိသားစု တာဝန် ထမ်းဆောင် နေကြတဲ့ ဘာမှ အပြစ်မရှိတဲ့ မိန်းကလေး တွေကိုမှ ဘာအငြိုးနှင့် ပန်းကောင်း အညွှတ်ချိုး ချင်ကြလည်းမသိ။ တစ်လောကပဲ နာမည်ကြီး မော်ဒယ် တစ်ယောက်ရဲ့ ဗွီဒီယိုအပိုင်းအစ တစ်ခု မြန်မာပြည်မှာ ဟိုးလေးတကျော် ဖြစ်သွားသေး။ ဒီထက်ဆိုးတာက လေယာဉ်မယ် တစ်ယောက်ရဲ့ ဇါတ်လမ်း။ နောက်ပေါ်လာပြန်ပြီ မျိုးကျော့မြိုင်တဲ့။ ဒါဟာ မြန်မာလူမျိုးတွေရဲ့ ပြယုဒ်တွေလား။ အပျော်သဘောဘဲ ဖြစ်ဖြစ် ၊ ဝါသနာ ပါလို့ပဲ ဖြစ်ဖြစ်၊ မတော်တဆပဲဖြစ်ဖြစ် ကိုယ့်အတွက်ကြောင့် သူတပါး ထိခိုက်မဲ့ အလုပ်မျိုးဆို လုံးဝ မလုပ်သင့်ပါဘူး။ မောင်နှမ သားချင်း ကိုယ်ချင်းစာ စိတ်ကလေး ထားပြီး ဆင်ဆင်ခြင်ခြင် စဉ်းစဉ်းစားစား ပြုသင့်ပါတယ်။ အကယ်၍ ငါ့နှမ ငါ့မိန်းမ ဟာ ဒီလိုမျိုး သားကောင်တွေ ဖြစ်ခဲ့မယ် ဆိုရင် ဘယ်လိုမျိုး ခံစားရမလဲ၊ ဘယ်လို တုန့်ပြန်မလဲ ဆိုတာ ကိုယ့်ကိုကိုယ် ပြန်မေးသင့်ပါတယ်။

ဒီပုံတွေ သိမ်းထားတဲ့ ကျွန်တော့ သူငယ်ချင်းကို ဆက်လက် မဖြန့်ဝေဖို့ ၊ ဖြစ်နိုင်ရင် အစဖျောက်လိုက်ဖို့ သူမပြန်ခင် မှာလိုက် ပါသေးတယ်။ လက်ဝယ်ရှိသူတွေ အနေနှင့်လည်း မောင်နှမသားချင်း ကိုယ်ချင်းစာစိတ် ထားပြီး ဆက်လက် ပြန့်ပွားအောင် မလုပ်သင့်ပါဘူး။ ငါမလုပ်လည်း သူများတွေ လုပ်မှာပဲ ဆိုတဲ့ အတွေး ဝင်လာရင်လည်း မိုးခါးရေ မသောက်လိုက်မိဖို့ တိုက်တွန်းချင်ပါတယ်။ မြန်မာ အမျိုးကောင်းသမီး တွေကို စောင့်လျှောက်တဲ့ မြန်မာအမျိုးကောင်းသားတွေ ဖြစ်ကြပါစေ။


******************

Sunday, February 3, 2008

ဖေဖေါ်ဝါရီမှာငိုခြင်းစသူများ

ဖေဖေါ်ဝါရီမှာ မွေးဖွားတဲ့ သူငယ်ချင်းများ အတွက်ဆုတောင်း ပေးချင်တာက ချေးငွေ မြန်မြန် ဆန်ဆန် မှန်မှန် ကန်ကန် ရပါစေ ၊ မြန်မာမှု့ ပြုမယ့်အစီအစဉ် တွေမှာ အစောဆုံး ပါဝင်ခွင့် ရသူများ ဖြစ်ကြပါစေ ၊ ရာထူးတိုးလျင်လည်း လာစာငွေပါ တိုးရပါစေ ၊ နုတ်ခမ်းဖျားက ပေးတဲ့ ဂတိ တွေနှင့်လည်း လွှဲပါစေ။

ကိုအောင်လှိုင်ဝင်း 10-Feb Offshore
ကိုခိုင်ဇော်လင်း 4-Feb Offshore
ကိုဟယ်ရီ 17-Feb Offshore
ကိုစိုင်းစံအေး 8-Feb Offshore
ကိုစိုးမြတ်မောင် 18-Feb Offshore
ကိုရဲလွင် 18-Feb Offshore
ကိုစောမင်းဦး 6-Feb Onshore
ကိုမြင့်ဟန် 16-Feb Yangon
ကိုနန္ဒလှိုင် 19-Feb Yangon