<>>အာသီသ ဓါတ်ပုံ နှင့် ဗွီဒီယို ဘလောဂ့်များ<<>

Saturday, July 26, 2008

မတူညီတဲ့ တူညီမှူ့

***********
အာသီသ
************
"သားကို အဖေ့ရဲ့ အချိန်ထဲက တစ်နာရီလောက် ပြန်ရောင်းပါ…ရော့ပိုက်ဆံ…သား..အဖေနှင့် ညစာ အတူစားချင်လို့ပါ"
++++++++++

အဲဒါက was the money really worth it? ဆိုတဲ့ အထဲက ကောက်နုတ်ချက်။ ပိုက်ဆံချည်း ကုန်းရုန်း ရှာနေရလို့ သားအတွက် အချိန် မပေးနိုင်တဲ့ အဖေ့ဆီမှာ အဖေနှင့်အတူ ညစာစားချင်လို့ အဖေဖြစ်သူဆီက အချိန်ပြန်ဝယ်တဲ့ ဇာတ်လမ်း။
+++++++++++
အဲဒီ ပုံတိုပတ်စလေးကို ဖတ်ဖူးတာ ကြာပီ၊ အားလုံးလည်း ဖတ်ဖူးပြီးသား ဖြစ်မယ် ထင်ပါတယ်။ ပြီးခဲ့တဲ့ အပါတ်ကမှ သူငယ်ချင်းတွေ အချင်းချင်း ပြန်လည် လက်ဆက်ကမ်း ဖြန့်ဝေလာတာ တွေ့ရတော့ နောက်တစ်ခေါက် ပြန်ဖတ်မိပြန်ရော.. ကောင်းလွန်းလို့ ထပ်ခါထပ်ခါ ဖတ်ရင်း ကိုယ့်ကိုကိုယ် ငါရော အဲလို ဖြစ်နေလားဆိုပြီး ပြန်မေးရတဲ့ အထိပဲ ဆိုပါတော့။ was the money really worth it? ကိုဖတ်အပြီး ကျွန်တော့စိတ်ထဲမှာ ပြန်ပေါ်လာတာက အဲဒီအထဲမှာပါတဲ့ ဇာတ်လမ်းနှင့် ဇာတ်အိမ်တူပြီး ဇာတ်လမ်းကွဲတဲ့ အဖြစ်အပြက်တစ်ခု………

လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကာလ ကန်ဘောက်မှာ ရတနာဓါတ်ငွေ့ပိုက်လိုင်း ဆွဲတုန်းက အလုပ်အတူတူလုပ်ရင်း ခင်မင်ခဲ့ရတဲ့ အစ်ကိုကြီးတယောက် ရှိဖူးတယ်။ သူ့အသက်က အဲဒီတုန်းကတည်းက ငါးဆယ်ကပ်နေပြီ။ သူလည်း ဘူမိဗေဒနှင့် ကျောင်းပြီးတော့ မေဂျာတူတွေမို့ ညီအစ်ကိုအရင်းတွေလို ခင်သွားတာ။ အလုပ်အားတဲ့ အချိန်တွေမှာ သူ့အကြာင်း ကိုယ့်အကြောင်း ပြောဖြစ်ကြရင်း သူ့မိသားစုအကြောင်း နည်းနည်းပါးပါး သိရတယ်။ သူ့မှာ အပျိုဖေါ်ဝင်စ သမီးလေး တစ်ယောက်ရှိတယ်။ ဒီပရော့ဂျက်မှာ မလုပ်ခင်က သူတို့မိသားစုဟာ သိမ်မချောင်လည်ကြဘူး။ စားသောက်ရုံပဲ လောက်ငှတယ်၊ အပိုမသုံးနိုင်ဘူး။ ခက်တာက သမီးလေးကလည်း အပျိုဖြစ်ကာစ ၊ ကလေးဆိုတော့ လှချင်ပချင် ဝတ်ချင်စားချင် ဆိုသော်လည်း သူများတွေလို အပိုမသုံးနိုင်တော့ သူခမျာ စိတ်သွားတိုင်း ကိုယ်မပါဘူး။ သူ့အဖေခမျာလည်း သူ့သမီးလေးကို သူများတွေလို တန်းတူ ဆင်ယဉ် ချင်ပါသော်လည်း ဝင်ငွေကမကောင်းတော့ စိတ်မကောင်းရုံကလွဲ မတတ်နိုင်ဘူး။

တစ်နေ့ ကံကောင်းထောက်မလို့ ရတနာပိုက်လိုင်း ပရော့ဂျက်မှာ အလုပ်ရတော့ မိသားစုအားလုံး ဝမ်းသာကြတာပေါ့။ ရတဲ့ လခကလည်း ဒေါ်လာ တစ်ထောင်နီးပါး ဆိုတော့ အဲဒီတုန်းက ငွေလည်းနှုန်းက ၁၆၀ ပဲ ရှိတယ် ဆိုပေမယ့်လည်း အခုခေတ် လူကြိုက်များတဲ့ အလယ်အလတ် ကားတစ်စီးမှ သုံးသိန်းပဲ ပေးရတဲ့ခေတ်။ သုံးလလောက် လုပ်လိုက်ရင် ကားဝယ်စီးနိုင်တဲ့ ဝင်ငွေမျိုး။ အဲဒါနှင့် အလုပ်လုပ်တယ်ဆိုပါတော့။ အဲဒီတုန်းက သုံးလလုပ်ရင် တစ်လ အနားရတယ်။ အကယ်၍ အိမ်မပြန်ဘူးဆိုရင် အဲဒီ့လအတွက် လုပ်အားခ နှစ်ဆရတယ်။ အဲဒီတော့ သူအိမ်ပြန်ချင်ပါသော်လည်း ငွေတစ်မျက်နှာ တစ်ရွာထင်ပြီး ဆက်နေလိုက်တာ မိုးတွင်းရောက်လို့ အလုပ်နားချိန်အထိပဲ။ လစဉ် ရတဲ့လခကို ရန်ကုန်က အိမ်သူသက်ထားနှင့် အကုန်လွဲထားတော့ သူ့သမီးလေးလည်း အခုမှ သူများတွေလို စပြီး သုံးနိုင်ဖြုန်းနိုင် ဝတ်နိုင်စားနိုင် ဆန္ဒပြည့် ပျော်နေရှာလေရဲ့။

အဲဒီတုန်းက မိုးတွင်းနှစ်လ သုံးလလောက်က လူအနည်းစုကလွဲပြီး အကုန်အိမ်ပြန်နားရတယ်။ မိုးရွာရင် အလုပ်ဆက်လုပ်လို့ မရဘူး။ ကန်ဘောက်က မိုးများတယ်။ နားတဲ့ လတွေအတွက်တော့ ပိုက်ဆံမရဘူး။ ရှစ်လ တစ်နှစ်လောက် အိမ်မပြန်ရပဲ ဆက်တိုက်ဆွဲရတယ် ဆိုပါတော့။ အလုပ်ထဲမှာလည်း နားရက် လုံးဝမရဘူး။ အိမ်ပြန်ရမယ် ဆိုတော့ အပျော်ကြီး ပျော်နေရှာတာပေါ့။ အိမ်ပြန်ရာ လမ်းတစ်လျှောက်လုံးလည်း မိသားစုနှင့် တွေ့ရတော့မယ် ဆိုပြီး သီချင်းတဆိုဆိုနှင့်။ အမှန်တစ်ကယ်က သူ ဒီအလုပ်ကို လုံးဝလည်း မလုပ်ချင် လုပ်လည်း မလုပ်နိုင်ရှာဘူး။ ဘာကြောင့်လည်း ဆိုတော့ အသက်ကလည်းကြီး အလုပ်ကလည်းကြမ်း နားရက်ကလည်း မရှိဆိုတော့ ဘယ်ချောင်ပါ့မလဲ။ ဒါပေမယ့် သားဇော သမီးဇောနှင့် ဆိုတော့ ဖြစ်ညှစ်ပြီး လုပ်လိုက်တော့လည်း နေသား ကျသွားရော။ အိမ်ပြန်ရောက်လို့ အိမ်တစ်ခါးဝ ရောက်တော့ ဆီးကြို နေလိုက်ကြတာ သူရဲကောင်းကြီး တစ်ယောက်လိုပဲ။ အဲ..ဒါပေမယ့် ထိုင်တောင် မထိုင်လိုက်ရသေးဘူး အလွန်ချစ်ရတဲ့ သမီးကလေးရဲ့ အမေးစကားကြောင့် အမောဆို့သွားရတဲ့ အဖြစ်ကို နောက်နေ့ ဘီယာဆိုင်ရောက်လို့ ပြောပြတော့မှ အားလုံး ငိုအားထက် ရီအားသန်သွားရတယ်။ သူ့သမီး မေးလိုက်တဲ့ မေးခွန်းက “အဖေ….အဖေဘယ်တော့ ပြန်သွားမလဲဟင်” ဆိုတာပါပဲခင်ဗျား။

အဲဒီ ဇာတ်လမ်းကလေးက was the money really worth it? နှင့် ဆင်တူပေမယ့် ဖခင်ဆီကနေ ကလေးတွေ ရချင်တဲ့ အရာတွေမှာ ကွာခြားချက် ရှိနေတာကို တွေ့ရတယ်။

ကျွန်တော် ဒီတစ်ခေါက် ခွင့်ပြန်ပြီး တစ်လပြည့်လို့ အလုပ်ပြန်ရမယ် ဆိုတော့ လေးနှစ်ရွယ် သမီးလေးက “မပြန်ပါနှင့် ပါပါးရယ်..သမီးနှင့်ပဲ အတူနေပါ..သမီး အပြင်ထမင်းဟင်း မုန့်တွေ မစားတော့ပါဘူး အိမ်ထမင်းဟင်းပဲ စားပါတော့မယ်” လို့ပြောလို့ heart ထိသွားသေး။ အဖေပိုက်ဆံ သွားမရှာနှင့်တော့ သမီး ပိုက်ဆံ မကုန်အောင် အိမ်ထမင်းဟင်းပဲ စားတော့မယ်လို့ ဆိုလိုတာ။

အကယ်၍ သမီးသာ ကျွန်တော့ သူငယ်ချင်းရဲ့ သမီးလိုမျိုး အရွယ်နှင့် အခြေအနေမှာ ဆိုရင် ဘယ်လိုပြောမလဲ ဆိုတာကို သိချင် နေပါတော့တယ်။
++++++++++