<>>အာသီသ ဓါတ်ပုံ နှင့် ဗွီဒီယို ဘလောဂ့်များ<<>

Wednesday, January 30, 2008

အတိတ်မြက်ခင်းစိမ်း


အတိတ်မြက်ခင်းစိမ်း
အာသီသ

ရူးတယ်ပဲပြောပြော၊ ကြောင်တယ်ပဲဆိုဆို၊ အတိတ်ကို ပြန်လည် တူးဆွခြင်းဟာ နာကျည်းစရာ စက်ရှုတ်စရာ တွေ ပြန်လည် အမှတ်ရ စေနိုင် သလို၊ ကြည်နူးစရာ လွမ်းဆွတ်စရာ တွေလည်း အတိနှင့်ပါ။ ဘဝ အပိုင်းအစတွေကို ပြန်ဆက်ဖို့ဆိုတာ အမှတ်ရစရာ မှတ်တိုင်လေးတွေ ရှိမှ ဖြစ်နိုင်တာမျိုး မဟုတ်လား။ မတူညီတဲ့ တူညီခြင်းတွေ ၊ မကွဲပြားတဲ့ ကွဲပြားခြင်းတွေကြား ရှင်သန်နေရတဲ့ ငါတို့ဘဝ ၊ ဘယ်ဆီကို ရောက်နေပြီလည်း မသိ၊ ဦးတည်နေတာကတော့ တစ်နေရာထည်း ၊ ရေနည်းနေတဲ့ကြား ငါကရွှေငါး ၊ ရွှေကြုပ် နှင့် ထည့်ထားတဲ့ အပ်ချောင်း သံချေး တက်နေရတဲ့ အဖြစ် ၊ လွှဲမှားစွာ တွေးယူ တွေးပူနေရတဲ့ နောက်ကြောင်း ၊ ကံကောင်းရင် သံချောင်းတော့ အပယ် မလားကောင်းပါရဲ့လို့တော့ ဆုတောင်းရမှာပဲ ။

ဒါတွေ ခဏထားပြီး ပျော်စရာတွေပဲ တွေးပါဆိုရင် ကျောင်းတုန်းက အဖြစ်အပြက် တွေက လွဲလို့ ဘယ်အရာ ဖြစ်နိုင်အုံးမှာလဲ ။ စိန်ပန်းတွေ မြေမှာ ကြဲပြန့်နေခြင်း အလှတရား ၊ ဂံ့ဂေါ် အကပ်မတော်လို့ စွယ်တော်ရွက် နှစ်ခြမ်းပဲ့သွားရတဲ့ ဇာတ်လမ်း ၊ ပြင်ညောင်မှာ ကြယ်တွေရေတမ်း ကစားခဲ့တဲ့ညတစ်ည ၊ မြင်းဒိုက်မှာ စားခဲ့ရတဲ့ မိုးသီးတွေရဲ့ ချိုမြိန်တဲ့ အရသာ ၊ ဆင်တောင်ကို ကိုယ်စားနှင့် တက်ခဲ့ရတဲ့ အဖြစ်သနက် ၊ ဒါတွေအခု ဘယ်မှာဝယ်လို့ ရသေးလည်း ။

၉၄ ဒီဇင်ဘာ ၃၁ ည ၊ အင်လျား ကန်ဘောင်မှာ ကြယ်တွေဆီက တောင်းခံခဲ့တဲ့ လမင်းလေး အတွက် ၉၅ နှစ်သစ် လက်ဆောင်လေးကို ဝေငှ လိုက်ပါတယ် ။ ကိုယ့် ခံစားချက်ကို သူများ စကာလုံးတွေနဲ့ ပုံဖေါ် ထားတာပါ ။


တို့လျှိုးမိန့်
............................
အိမ်မက်ကလေး
နင်ဆောင်ယူလာတဲ့……..မျှော်လင့်ခြင်း
ပြန်ယူမသွားဘို့
တောင်းပန်ချင်ပါရဲ့…။
နင်မရှိရင်
အမှောင်အတိ
အလင်းနတ္ထိ
တွယ်ရာမဲ့……..ဆုပ်ကိုင်ထားတဲ့
လက်တစ်စုံ
ချိနဲ့အောင်….မလုပ်လိုက်နဲ့
ကြယ်စင်တွေ….ဖမ်းပေးချင်တဲ့
ငါ့ကို
ဟန်ဆောင်ခြင်းနဲ့ပဲ
ခဏဖြစ်ဖြစ်
ဆက်လက်……..ရှင်သန်ခွင့်ပြုပါ….။

(ကျောင်းသားဘဝကရေးပြီးမပေးဖြစ်ခဲ့တဲ့ကဗျာတပုဒ်)

Tuesday, January 29, 2008

သူငယ်ချင်းတစ်ယောက်အကြောင်း(၁)

သူငယ်ချင်းတစ်ယောက်အကြောင်း(၁)
အာသီသ

၁၀တန်း အောင်ပြီး ၈၈ အရေးအခင်းနဲ့ ကြုံနေလို့ တိုင်းပြည် ပြန်လည် တည်ငြိမ်ပြီး တက္ကသိုလ်တွေ ပြန်အဖွင့်ကို စောင့်နေ ရတဲ့အချိန်၊ ဝမ်းကွဲ အကို တစ်ယောက်ရဲ့ အဆွယ် ကောင်းမှု့ကြောင့် ပြင်သစ်စာ သင်ဖို့ အတွက် ပြင်သစ် သံရုံးမှာ စာရင်း သွားပေးပါတယ်။ အဲဒီ အချိန်တုန်းက ALLIANCE ဟာ အခုလိုမျိုး လူကြိုက် မများသေးဘူး။ ကျွန်တော် အပါအဝင် အားလုံး ၆ယောက် သွားတက်ဖြစ်တယ်။ ဒီလိုနဲ့ ပထမ နှစ်မှာပဲ ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ ကျွန်တော်နှင့် အတူတက်တဲ့ လူတွေ အားလုံး ထွက်သွားကြတယ်။ ကျွန်တော် တစ်ယောက်ထည်းပဲ ဇွဲ ကောင်းကောင်းနှင့် တင်ကျန် နေခဲ့တယ်။ မတင်ကျန် လို့လည်း မဖြစ်။ ဘဝ အခြေ အနေ ကိုက မကြိုးစားရင် ခွေးဖြစ်မယ့်အခြေအနေ၊ ဒီလိုနှင့် ပထမ နှစ်ကို အမှတ် ကောင်းကောင်းနှင့် အောင်တော့ ကျွန်တော့ ဆရာက ကျွန်တော့ကို ခေါ်ပြီး ချီးကျူးတာ ခံရတော့ တက်ကြွပြီး ဒုတိယ နှစ် ဆက်တက်ဖြစ်တယ်။

ဒုတိယ နှစ်ရောက်တော့ ပိုအဆင်ပြေ သွားတာက စိတ်တူကိုယ်တူ သူငယ်ချင်း တော်တော်များများ ရလိုက် တာပါပဲ။ လူငယ် ပီပီ စာသင်လိုက် ပျော်လိုက် ပါးလိုက်နှင့် ဘဝရဲ့ ပျော်စရာ အကောင်းဆုံး အချိန်တစ်ချိန် ဖြစ်ခဲ့ပါတယ်။ ပိုပြီး တန်ဖိုး ရှိတာက အလွန် ရည်ရွယ်ချက် ပြင်းထန်တဲ့ သူတွေ ဖြစ်နေတော့ ကိုယ်ပါ လိုက်ပြီး ကြိုးစားရင်း ကိုယ်ရည်ကိုယ်သွေး တက်လာ ခဲ့ပါတယ်။ တစ်ချို့ သူငယ်ချင်းတွေ ဆိုရင် အချိန် စီမံ ခန့်ခွဲမှု့ ကောင်းလွန်းလို့ အခုဆို မိုးနဲ့မြေ ကွာသလိုမျိုး မှော်ကြည့် နေရပြီ။ အဲဒီ သူငယ်ချင်း တွေထဲမှာ ကျွန်တော်တို့နှင့် အခုထိ ပါတ်သက်မှု့ ရှိနေတဲ့ ကျွန်တော့အပေါ် ကျေးဇူးရှိတဲ့ ပုဂ္ဂိုလ် တစ်ယောက် အကြောင်းပြောပါရစေ။ သူ့အမည်က ” ကျွဲကြီး ”……………………..။

အဲဒီအချိန်က ကျွဲကြီးဟာ သူငယ်ချင်း တွေအပေါ် အတော့ကို အနွန်အတာ ခံပြီး ကိုယ်ကျိုးကို နောက်ဆုံးမှာ ထားတတ်တဲ့ သူပါ။ စိတ် သဘောထား အလွန် ပြည့်ဝပြီး သူတပါးကို အလွန် ကူညီတတ် ပါတယ်။ သူကြိုက်နေတဲ့ ကောင်မလေးကို နောက် သူငယ်ချင်း တစ်ယောက်က ကြိုက်တယ် ပြောတော့ အခင်အမင် မပျက်တဲ့ အပြင် အကူအညီတောင် ပေးလိုက် ပါသေးတယ်။ အဲဒီ အချိန်တုန်းက သူတို့နှစ်ယောက်အကြောင်း ပြန်တွေးရင် အခုအချိန်ထိ ပြုံးမိသေး။ ကောင်မလေး နာမည်က ”စူဇန်”၊ အခုတော့ ပြင်သစ် တစ်ယောက်နဲ့ အိမ်ထောင် ကျပြီး ပြင်သစ်မှာ နေတယ်။ ကလေး နှစ်ယောက် ရနေပြီလို့ ကြားတယ်။ ထူးဆန်းတာက ကျွဲကြီးရော ကိုရှမ်းပါ အခုထိ မိန်းမ မယူသေးဘူး၊ ကျွန်တော် သိသလောက် သူတို့ နှစ်ယောက်စလုံး စူဇန့်ကို တကယ် အရူးအမူး ချစ်ခဲ့တာ။ ပြင်သစ် ကျောင်းမှာတုန်းက စူဇန်နှင့် ကျွန်တော်တို့ အုပ်စုက တတန်းထည်း၊ ကောင်မလေး ကျောင်းရောက်လို့ အခန်းထဲ မဝင်ခင် ဧည့်ကြို နှစ်ယောက်နဲ့ အရင် စကားပြော ရတယ်။ ပထမ တစ်ယောက်က ဂိတ်ဝမှာ ကြိုရင် နောက်တစ်ရောက်က စာသင်ခန်း အပြင်မှာ ကြိုပါတယ်။ ဂိတ်ဝမှာ ပြောရတာ ပိုအဆင်ပြေ တာမို့ နေရာဦးဖို့ ကျောင်းကို စောရောက်အောင် အလုအယက် လာကြရတယ်။ ကျွဲကြီးက ဇွဲတော့ အကောင်းသား၊ သူပဲ စောရောက်တာ များတယ်။ ကျွန်တော်တို့ ဘေးလူ တွေကတော့ သူတို့ကို ကြည့်ပြီး ဟားတာပဲ။ ကောင်မလေး ခမျာ ကျောင်းရောက်တာနဲ့ မျက်လွှာချပြီး သုတ်ခြေတင် အခန်းရောက်အောင် ပြေးတော့တာပါပဲ။

ဒီလိုနှင့် ဒုတိရနှစ် ပြီးလို့ တတိယနှစ် ရောက်တော့ ကျွဲကြီးနှင့် ခွဲရဖို့ အကြောင်း ဖန်လာပါတယ်။ အဲဒီ အချိန်တုန်က မလေးရှား သွားတာ အရမ်း ခေတ်စား နေတဲ့ အချိန်၊ ကျွဲကြီးရဲ့ အဖေက သားသုံးယောက် အနက် ဘယ်သူ့ကို လွှတ်ရမလဲ တွေနေတုန်း မိဘကို အရမ်း သိတတ်တဲ့ ညီအစ်ကို မောင်နှမ တွေအပေါ် အရမ်း အနစ်နာ ခံတတ်တဲ့ ကျွဲကြီးဟာ အလွန် ချစ်မြတ်နိုးပါတယ် ဆိုတဲ့ စူဇန်ကို အဖြေပြန် မရခင် ထားခဲ့ပြီး မိသားစုအတွက် မလေးရှားကို ထွက်သွားပါတော့တယ်။ အမှန်တကယ်လည်း သူက မိသားစုမှာ အငယ်ဖြစ်ပေမယ့် အထက်ဆုံး ဆိုတော့ သူ့ဆုံးဖြတ်ချက်ကို အားလုံးက လက်ခံကြတယ်။ သူထွက်သွားတော့ ကျွန်တော်တို့ ဆက်တက် ကျန်နေရစ်တယ်။ ဒီလိုနှင့် အချိန်တွေ တရွေ့ရွေ့ ကုန်လွန် သွားလိုက်တာ တတိယနှစ် လည်းပြီ ဒီပလိုမာ လည်းရ တစ်ချို့က ဆက်တက် တစ်ချို့ကထွက်နှင့် သူငယ်ချင်းတွေ တစစ ကွဲသွားလိုက်ကြတာ အခုအချိန်ထိပဲ ဆိုပါတော့။

ဒီပလိုမာတန်း ပြီးလို့ ကျွန်တော်လည်း ကျောင်း ပြန်ဖွင့်တာနှင့် ပြင်သစ်စာ ခဏနားပြီး ကျောင်းဘက် ပြန်လှည့်တော့ ပြင်သစ်ကျောင်းနှင့် လုံးဝနီးပါး အဆက်အသွယ် ပြတ်သွား ပါတော့တယ်။ ၆နှစ်လောက် ကြာတော့ ကျွန်တော် Geocomp မှာ လုပ်နေတုန်း ကျွဲကြီးနှင့် ပြန်ဆုံတယ်။ သူ့က City & Guilt လျှပ်စစ် အောင်လက်မှတ် ရထားတယ် ပြောတော့ Premier Oil က ခေါ်တဲ့ အလုပ်တွေမှာ ဝင်လျှောက်ဖို့ ကျွန်တော်က တိုက်တွန်းလို့ သူလျှောက်တော့ အလုပ်ရသွားတယ်။ ဒီကောင် မလေးက ပြန်လာပြီး အတော်လေးကို ပြောင်းလည်းသွားတယ် ၊ ကျွန်တော့အမြင် တခုတည်းနှင့် ဝေဖန် ရမယ် ဆိုရင်တော့ ဒီကောင် Superiority Complex ကိုက်သွားတယ်ထင်ပါ့ ၊ ပြောသမျှ မြန်မာပြည်မှာ ဘာမှ ကောင်းတာ မရှိဘူး ၊ အားလုံးဟာ သူ့အမြင်မှာ နိမ်ကျနေတယ် ၊ အထူးသဖြင့် သူယူလာတဲ့ City & Guilt က လက်မှတ်ကို PhD အဆင့်လောက် ထားပြီး ၊ ကျွန်တော်တို့ ဗမာပြည်က B.E တွေကို အထက်တန်း အဆင့်တောင် မရှိဘူးလို့ သူ့ပါးစပ်က ထုတ်ပြောတဲ့ အထိပဲ။ မှတ်မှတ် ရရ ၈မိုင်က ကျွန်းမျောပေါ်မှာ သူရယ် ကျွန်တော်ရယ် နောက် ၈မိုင်က သူငယ်ချင်း တစ်ယောက်ရယ် ဗျစ်ရည်ဆိုင်က ပြန်လာပြီး ထိုင်နေတုန်း သူ့ရဲ့ ကျွန်တော့ အတန်း ပညာအပေါ် ပေးတဲ့ မှတ်ချက် တခုအတွက် ရန် ထဖြစ်ကြရသေးတယ်။ နည်းနည်းမှ ကို မလျှော့ဘူး….။ လူတစ်ယောက်ရဲ့ စိတ်ဓါတ် နဲ့ အတွေးအခေါ် တွေအပေါ် ပါတ်ဝန်းကျင်ရဲ့ လွမ်းမိုးမှု့ အတိုင်းအတာကို အံ့သြနေမိတယ်။

ဒါပေမယ့် လူတစ်ယောက်ရဲ့ မွေးရာပါ အကျင့်စရိုက် ကိုတော့ ဘယ်အရာကမှ ကြာရှည် မလွှမ်းမိုး ထားနိုင်ပါဘူး ဆိုတာ နောက်မှ သိလာ ရပါတယ်။ တစ်နေ့ ကျွန်တော်တို့ ဆုံကြတုန်း သူ့အလုပ်က သင်တန်း အကြောင်း ပြောရင်းက ကျွန်တော့ကို CV တင်ဖို့ တိုက်တွန်း ပါတယ် ။ တကယ်တော့ လျှောက်လွာ ခေါ်တာက အင်ဂျင်နီရာတွေ ၊ ကျွန်တော်နှင့် ဘယ်လိုမှ မပါတ်သက် ၊ ပါတ်သက်တယ် လို့လည်း မထင် ၊ ဒါကို သူက လက်မခံ ၊ CV ပေးဖို့ပဲ အတင်းတောင်း နေတော့တယ်။ သူနဲ့ HR က အမ မရင် နှင့် ခင်ကြောင်း သူပြောရင် ရကြောင်း အမက သဘောကောင်းကြောင်း တွေပြောပြီး CV ကို ယူသွား ပါတော့တယ်။ သိပ် မကြာလိုက်ဘူး ကျွန်တော့ဆီ test ဖြေဖို့ ဖိတ်ကြားလွှာ ရောက်လာ ပါတယ်။ ကျွန်တော်လည်း စာမေးပွဲတွေ အဆင့်ဆင့် ဖြေပြီး အလုပ်ရ သွားပါတော့တယ်။

အမှန်တိုင်း ဝန်ခံရရင် ကျွဲကြီး နှင့် မရင် တို့ရဲ့ ကျေးဇူးဟာ ကျွန်တော့အတွက် အမှတ်ရစရာ ဖြစ်ခဲ့ပါတယ်။ ကျွဲကြီးသာ ကျွန်တော့ CV မတင်ပေး ခဲ့ရင် ၊ မရင်သာ ဘောင် မဝင်ဘူးဆိုပြီး လက်မခံ ခဲ့ရင် ၊ ကျွန်တော့ ဘဝ အပြောင်းအလည်း ရှိမှာ မဟုတ် ပါဘူး။ ဘယ်သူ ဘာပဲ ပြောပြော ရဲတံခွန်မှာ ကုန်ခဲ့တဲ့ ၉နှစ် ဟာ အတိုင်းအတာ တစ်ခုအထိ အကျိုးရှိခဲ့ ပါတယ်။ ရှေ့ဆက်သွားဖို့ လုံလောက်တဲ့ အခြေခံကောင်းတွေလည်း အများကြီး ရခဲ့ပါတယ်။ မိတ်ဆွေကောင်း တွေလည်း အများကြီး ရခဲ့ပါတယ်။

ကျေးဇူးပါ……… သူငယ်ချင်း……….. ” ကျွဲကြီး ………
ကျေးဇူးပါ………..” မရင် ………
ကျေးဇူးပါ……….” ရဲတံခွန် ”………..

Sunday, January 27, 2008

ရှေးရေစက်တဲ့လား

ရှေးရေစက်တဲ့လား
အာသီသ

”ရေစက်”ဆိုတဲ့ စကားဟာ ဗုဒ္ဓဘာသာ နယ်ပယ်မှာ အလွန် လူပြောများတဲ့ စကားလုံးပါ။ ”ရှေးရေစက်”လို့ ပြောရင် ပိုပြီး မှန်ကန်မယ် ထင်ပါတယ်။ အတိအကျ ဂဂနန မသိပေမယ့် ကြားဖူးနားဝ ရှိတာက လူတွေ တစ်ယောက် နှင့် တစ်ယောက် တွေ့ကြ ဆုံကြ သိကြ ခင်ကြ မင်ကြ ချစ်ကြ စတာတွေဟာ ”ရှေးရေစက်” လို့ အများခေါ်တဲ့ အတိတ်က အတူ ပြုဖူးခဲ့တဲ့ ကောင်းမှု့ မကောင်းမှု့ ကုသိုလ်ကံ စေတနာ တွေရဲ့ အကျိုးဆက် တွေကြောင့် ဖြစ်ပါတယ်။ ကျင်လည် ဖြတ်သန်းရတဲ့ ဘဝတွေဟာ သံသရာ လည်နေပြီး မရေမတွက် နိုင်အောင် များလွန်းတာမို့ သတ္တဝါတွေဟာ ”ရေစက်”လှည့် ပတ်ပြီး ဆုံနေရတဲ့ အတွက် အမျိုး မတော်ဘူးတဲ့သူ မရှိသလောက် ပါပဲတဲ့။ အခု ပြောချင်တာက ဘာရယ်မဟုတ် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားတဲ့ အကြောင်းအရာ တစ်ချို့ကို အခြေခံပြီး ”ရေစက်” ဆိုတာနှင့် ဆက်စပ် စဉ်းစားကြည့်တာ ပါပဲ။.........................

တစ်နေ့ မြန်မာပြည်ကို ငွေလွှဲဖို့အတွက် လွှဲနေကြ သူငယ်ချင်း တစ်ယောက်ကို ဖုန်းဆက် ခေါ်တော့ အိမ်ရောက်လာတယ်။ သူနှင့်အတူ ရွှေတစ်ယောက် ပါ ပါလာတော့ ဟိုပြောဒီပြောနဲ့ စကား စပ်မိပြီး မတွေ့ရတာ ကြာပြီဖြစ်တဲ့ ဘယ်လိုမှ တွေ့မယ် မထင်မှတ် ထားတဲ့ မဆုံတာ တစ်ဒီကိတ် ကျော်ပြီဖြစ်တဲ့ ကျွန်တော့ရဲ့ ကျေးဇူးရှင် ဆရာ တစ်ယောက်ရဲ့ သမီးနှင့် ပြန်တွေ့တဲ့ အဖြစ်အပြစ် ကလေးပါပဲ။ ဘာထူးဆန်းလည်းလို့ မေးလာရင်တော့ ဖြေစရာ အဖြေ တကယ် မရှိပါဘူး။ ဒါပေမယ့် ပြန်တွေ့ဖို့ မထင်မှတ် ထားတဲ့ တွေ့စရာ အကြောင်းလည်း လုံးဝမရှိပဲနဲ့ ပြန်ဆုံကြတော့ အံ့သြစရာ တိုက်ဆိုင်မှု့ တစ်ခုပေါ့။...................

တစ်နေ့ ကျွန်တော့ဆရာ သမီးက ခွင့်မပြန်ခင် ဆုံကြရအောင် ဆိုတော့ ကျွန်တော်ရယ် ဖြိုးကြီးရယ် သွားကြတယ်။ ဟော့ပေါ့ဆိုင်မှာ ဆုံကြတော့ သူနှင့်အတူ အမျိုးသား တစ်ယောက် နှင့် အမျိုးသမီး တစ်ယောက် ပါလာတယ်၊ နောက် အမျိုးသမီး တစ်ယောက်ကတော့ နောက်မှ ရောက်လာတယ်။ သူတို့အားလုံးက TAISEI မှာ အတူတူ အလုပ်လုပ်ကြတယ်။ စကားပြောရင်း ဟိုမေး ဒီမေး ဟိုပြော ဒီပြော နဲ့ သိလာရတာက သူနဲ့ပါလာတဲ့ ပထမ အမျိုးသမီးက ကျွန်တော် အရင်နေခဲ့တဲ့ ကျွန်တော့ အဖေ အမေတွေ နေတဲ့ ရပ်ကွက်ထဲက အိမ်နီးချင်းတွေ ဖြစ်နေတယ်။ ကျွန်တော်နှင့် သိပ်မရင်းနှီး ပေမယ့် ကျွန်တော့အမေ ခဏခဏ ပြောတာကြောင့် နည်းနည်းပါးပါး ရင်းနှီးနေတယ်။ ဒါလည်း ဘာထူးဆန်းလည်း မေးစရာ ရှိပြန်တယ်။ ဒါလည်း ဘာမှ မထူးဆန်း သေးပါဘူး။.....................

အဲ……ထူးဆန်းတာ အခုမှ စမှာခင်ဗျ။ ဖြစ်ပုံကဒီလို………………………။
ပြီးခဲ့တဲ့ အပတ်ထဲက တစ်နေ့ နေ့လည် ကျွန်တော်နဲ့ ဖြိုးကြီး ထမင်းစားပြီး ထမင်းလုံး စီနေတုန်း ဖြိုးကြီးဆီ ဖုန်းလာတယ်၊ ကျွန်တော်တို့ရဲ့ အရင် လုပ်ဖေါ် ကိုင်ဖက် တယောက်ဆီက၊ သူ ဒီမှာ ရောက်နေတဲ့ အကြောင်း၊ အလုပ်လာလုပ် တဲ့ အကြောင်း ပြောတော့ ပျော်လည်းပျော် အံ့လည်း အံ့သြသွားတယ်။ အမည်တော့ မဖေါ်ပြတော့ပါဘူး။ ဒီလိုနဲ့ ထုံးစံအတိုင်း ဟိုပြောဒီပြော ပြောကြရင်းက နေတဲ့နေရာ အကြောင်း ရောက်သွားပါတယ်။

သူငယ်ချင်း- ”…ငါအခု..ဒီရောက်နေတာ…၃ရက်ရှိပြီ…”
ဖြိုးကြီး- “..ဟုတ်လား…ကောင်းတယ်ကွာ….ဝမ်းသာတယ်...ဒါနဲ့…အခု…ဘယ်မှာနေလဲ…”
သူငယ်ချင်း- ”..ငါ..World Trade Centre Apartment မှာ နေတယ်….မင်းတို့ရော..ဘယ်မှာလည်း …ABU DABI မှာလား……”
ဖြိုးကြီး- ”..ဟေ့ကောင်…ငါတို့လည်း WTC မှာပဲ လေကွာ…ဒါဆိုအတူတူ ဖြစ်နေတာပေါ့…မင်းက ဘယ်အခန်းလဲ…….”
သူငယ်ချင်း- ”…၁၃၀၅…”
ဖြိုးကြီး- ”..ဘယ်ဘလော့လဲ…………..”
သူငယ်ချင်း- ”…A - Block….”
ဖြိုးကြီး- ”..ဟ..ဒါဆို တစ်ဆောင် တည်းမှာပဲ….ငါတို့က ၃၀၆ မှာနေတာ….ကိုရဲက C-Block မှာ…ဒါပေမယ့် သူလည်း ငါတို့နဲ အတူနေတာ…ဟား..သူငယ်ချင်း…တိုက်ဆိုင်လိုက်တာများကွာ…ဖေဖေါ်ဝါရီ ညတစ်ည…ဆိုသလိုပဲ……”
သူငယ်ချင်း-”..အေးလေ..ငါလည်း အံ့သြနေတာ…အတော့ကို တိုက်ဆိုင်တာပဲ …ကဲ ..နောက်မှပဲ .....ပြောကြ တာပေါ့ကွာ…ညနေအိမ်ပြန်လာမှ..တွေ့ကြတာပေါ့..အခုတော့ ..ဘိုင်းဘိုင်ကွာ…။

Thursday, January 24, 2008

ထွေရာလေးပါး

ထွေရာလေးပါး
အာသီသ

...........................................
သူတို့သိအောင်ဘယ်လိုလုပ်မလဲ
...........................................
ငြိမ့်ခနဲ ဖြစ်သွားလို့ အိပ်နေရာက နိုးလာပြီး ကြည့်လိုက်တော့ ဒူဘိုင်း လေဆိပ်ကို လေယာဉ်ဆင်းနေပြီ။ ပြူတင်းပေါက်ကနေ အပြင်ကြည့်လိုက်တော့ အားရစရာကောင်းတာက လျှပ်စစ်မီး၊ လင်းလွန်းလို့ စိတ်ထဲမှာ လိုအပ်တာထက် ပိုသုံးထားတယ်၊ အလကား ဖြုန်းတီးထားတယ် လို့တောင် မြန်မာပြည် သားပီပီ တွေးမိသေးတယ်။ အမှောင်ကနေ ရုတ်တရက် အလင်းရောက်ရင် မျက်စိ ကျိန်း သလိုမျိုးပေါ့။ လေဆိပ်ထဲ ရောက်တော့ ည ဆယ်နာရီ ကျော်နေပြီ၊ တစ်ယောက်ထည်း ဆိုပေမယ့် အရင်တခေါက် လာဖူးထားတော့ အထာသိနေပြီ။ လူဝင်မှု့ ကြီကြပ်ရေး ကောင်တာမှာ များလွန်းတဲ့ လူတွေကြား တန်းစီ နေတုန်း ရတဲ့ အချိန်လေးမှာ ကျန်နေခဲ့တဲ့ မိသားစု အကြောင်း တွေးနေမိတယ်။ အထူးသဖြင့် သမီးပေါ့၊ မှန်လား မှားလား ဆိုတာကို စဉ်းစားရင်း တွေဝေနေတုန်း နောက်တယောက်လို့ အော်သံကြောင့် အတွေးကို ခဏဖြတ်ပြီး ကတိုက်ကရိုက်ပဲ ကောင်တာကို ချီတက် ရပါတော့တယ်။ ကံဆိုးချင်တော့ အမေးအမြန်းထူ စပ်စုတဲ့ အာရပ်မနှင့်မှ လာတိုးနေတယ်။ ဒါပေမယ့် ကိစ္စမရှိ၊ တရာဝင် ဝင်လာတာကြောင့် ပြဿနာမရှိ။ မေးရင်း ဖြေရင်း တနေရာ ရောက်တော့ မထင်မှတ်ပဲ အခက်တွေ့သွားတယ်။ ဘယ်က လာလဲ မေးတော့ “ မြန်မာ"လို့ ဖြေလည်း နားမလည်၊ "ဗားမား" ဆိုတာလည်း မသိတော့ အတော့ကို ကသိ ကအောက် ဖြစ်တယ်။ တရုပ်နှင့် နယ်စပ်တယ်၊ ကုလားနှင့် နယ်စပ်တယ် ပြောလည်း မမြင်တော့ ပါလာတဲ့ မှတ်စု စာအုပ်ကို ထုတ်ပြီး ကမ္ဘာ့ မြေပုံထဲ ထောက်ပြတော့မှ "ဪ…ထိုင်းနဲ့ နီးပါလား" တဲ့။ ကဲ ဘယ်သူ့ အပြစ်ပို့ရမလဲ၊ ပထဝီ ဆရာလား သမိုင်း ဆရာလား။
လေဆိပ်ကနေ အထွက် တက္ကစီစတင်းကို အသွား မျက်နှာကို လာတိုက်ခတ်တဲ့ လေကြောင့် အရှင်လတ်လတ် ငရဲ ကျသလား အောက်မေ့ရတယ်။ ပူလိုက်တဲ့လေ၊ ၄၈ ဒီဂရီ စင်တီဂရိတ်တဲ့။ တက္ကစီထဲ ဝင်ထိုင်လိုက်တော့မှ သက်သာသွားတော့တယ်။ လမ်းတလျှောက် ဘေးဘီကြည့်ရင်း၊ ဒူဘိုင်းရဲ့ ည အလှကို ခံစားရင်း လိုက်ပါ လာပါတော့တယ်။
...................................
ကားသမားနှင့်စကားစမည်
...................................
ထွေရာ လေးပါး လျှောက်ပြောရင်းက ဘယ်တုန်းကတည်းက ပြောချင်နေလဲ မသိတဲ့ ကားသမား ဟာရင်းနှီးတဲ့ သူတယောက်ကို တွေ့တဲ့အလား ရင်ထဲရှိတာ အကုန် ဖွင့်ချလိုက်ပါတော့တယ်။ ဒူဘိုင်းက တက္ကစီဒရိုင်ဘာ အားလုံးနီးပါးဟာ ပါကစ္စတန်တွေဖြစ်တယ်။ သူတို့ဟာ ဌာနေတိုင်းပြည်မှာ ဘဝ ကြမ်းတယ်ထင်ပြီး မြက်နုရာ ဤဒေသကို လက်လှမ်းမီရာ နည်းလမ်းနဲ့ ရောက်ရှိ လာကြပါတယ်။ အထူးသဖြင့် အလုပ် ပွဲစားတွေနှင့်ပေါ့။ အများစုက တစ်ရက်ကို တစ်ရာ အေအီးဒီ လောက်ရတယ်။ မြန်မာငွေနဲ့ဆို တစ်ရက် သုံးသောင်းခွဲ လေးသောင်းပေါ့။ နည်းတဲ့ ပိုက်ဆံမှ မဟုတ်ပဲ၊ ဒါပေမယ့် ဒူဘိုင်းမှာ နေထိုင် စံရိတ်က မိုးထိနေတယ၊် ချက်မစားနိုင်လို့ ဝယ်စားမယ်ဆိုရင် တစ်နပ်ကို အနည်းဆုံး ၁၀ လောက်ကုန်မှ ပုံမှန်စာ ရတယ်။ ဟိုစံရိတ် ဒီစံရိတ် တွေနဲ့ဆို တဝက် စုမိဘို့ မလွယ်ဘူး။ အလုပ်ချိန်က တရက် ၁၂နာရီ နားရက်မရှိဘူး နားရင် လစာ ဖြတ်တယ်။ သူပြောတာ တခုက ဒီမှာလုပ်တာ မိသားစုအတွက်တော့ ကောင်းတယ် သူ့အတွက်တော့ ဘာဘဝ အနှစ်သာရမှ မရှိဘူးတဲ့။ မှတ်သားစရာပဲ။ ဘယ်နှယ်နှစ် ရှိပြီလည်း မေးတော့ ၅နှစ်တဲ့။ ဘယ်နှစ်ခေါက် ပြန်ပြီးလည်း ဆိုတော့ တစ်ခါမှ မပြန်ရသေးဘူးတဲ့။
.........................
အပူအအေးပဋိပက္ခ
.........................
ကိုယ်ရောက်တဲ့ အချိန်က နွေခေါင်ခေါင်ကြီး ဖြစ်နေတော့ အံဝင် ခွင်ကျဖြစ်အောင် မနည်း နေရတယ်။ နေတဲ့ နေရာနှင့် ရုံးက ၁၅မိနစ် လျှောက်ရတယ်။ ထမင်စားရင် အခန်းပြန်စားတော့ အဲဒီမှာ စတွေ့တာပဲ၊ အတွင်းနှင့်အပြင် အပူချိန်က ကွာခြားလွန်းလို့ အပူအအေးပဋိပက္ခ အတော်ခံရတယ်။ အဲဒီ အချိန်မှာ သတိထားမိတာက Sky Train Project က Labour တွေ ၊ သူုတို့များ ဒီလောက် ပူပြင်းတဲ့ နေကို ဘယ်လိုများ အံတုပြီး အလုပ်လုပ် ကြလည်းမသိ။ လေ့လာမိသလောက် လူတွေက အရွယ်စုံ၊ အသက်ကြီးပိုင်းတွေပါ တွေ့ရသည်။ အများအားဖြင့် ပါကစ္စတန် ၊ ဘင်္ဂလားနှင့် အိန္ဒိယကုလားတွေ။ တစ်နေ့ ထ္မင်းစားပြန်ချိန် ကြုံကြိုက်တုန်း စပ်စုမိတာက လူငါးယောက် ထမ္မင်းစားဖို့ ပြင်နေကြချိန် ကိုယ်စီကိုယ်စီ ပါလာတဲ့ ကျွတ်ကျွတ်အိပ်တွေ ဖွင့်နေတာ တွေ့ရတယ်။ သေသေချာချာ ကြည့်တော့မှ ထမင်းထုပ် ဟင်းထုပ် တွေမှန်း သိရတော့တယ်။ ဘာဟင်းနဲ့များ စားပါသလဲလို့ ထပ်ပြီး အနံ့ခံကြည့်လိုက်တော့ အသားဓါတ်အပြည့် ပါတဲ့ ပဲဟင်း။ ပဲဟင်းနဲ့ ထမင်းစားပြီး ကျောပူ ရင်ပူ တကိုယ်လုံး အပူခံကာ ပိုက်ဆံ ရှာရအောင် အဘယ်သို့သော အကြောင်းအရာက တွန်းအားပေးလည်း မသိ။ နောက်မှ သိလာရတာ တစ်ခုက သူတို့လစာ အေအီးဒီ၇၀၀။
...........................................
ရုံးစာရေးတစ်ယောက်အကြောင်း
...........................................
သူ့အမည်က "Dil" ၊ အတော့ကို လူ့အထာသိပြီး အားလုံးရဲ့ ချစ်ခင်မှု့ကို ရရှိထားသူ နီပေါသား။ အမြဲပြုံး နေတတ်သူ၊ တစ်နေ့ အကြောင်း တိုက်ဆိုင်လို့ ဆိုင်တဆိုင်မှာ အတူ ထမင်းစားတုန်း သူ့အကြောင်း တစေ့တစောင်း သိခွင့် ရခဲ့ပါတယ်။ တကယ်တော့ သူက ကျွန်တော်တို့ ကုမ္ပဏီရဲ့ ကန်ထရိုက်တာ၊ သူ့ မိခင် ကုမ္ပဏီက အိန္ဒိယတွေပိုင်တဲ့ ကုမ္ပဏီ။ ကျွန်တော့ကို ရန်ကုန်က"MYINT" တို့ "UE" တို့ကို သတိရ စေတဲ့ အကြောင်းအရာ တခုကတော့ ကျွန်တော်တို့က "Dil" အတွက် သူ့ မားသား ကုမ္ပဏီကို တစ်လ၂၅၀၀ AED ပေးရပြီး ကာရကံရှင်က ၈၀၀ AEDပဲ ရတယ် ဆိုတာပါပဲ။ ထမင်းစားပြီး သူ့အိမ် မရောက်ဘူးလို့ လိုက်လည်တော့ မကြုံဘူးတာတစ်ခု ကြုံခွင့် ရလိုက်ပြန်ပါတယ်။ သူ့အိမ် ရောက်လို့ အထဲ ဝင်လိုက်တော့ လူ ဆယ်ယောက်လောက်က ဧည့်ခန်းလို့ ထင်ရတဲ့ ခန်းမကျယ်မှာ ကိုယ်စီကိုယ်ငှ အိုးတွေနဲ့ ထမင်းဟင်း ချက်နေတာဟာ အလှူ လုပ်နေသလား အောင်းမေ့ရတယ်။ အိမ်က အာရပ် အိမ်ပု ဖြစ်ပြီး အိပ်ခန်း ၃ခန်းနှင့် အိမ်သာ ၃ခု ပါပါတယ်။ အိမ်မှာ လူတွေ အရမ်း များနေလို့ ဘာဖြစ်နေလည်း မေးကြည့်လိုက်တော့ သူက ဒါ ပုံမှန်ဘဲတဲ့။ အခန်း တစ်ခန်းမှာ လူ ၁၀ယောက် နေပါတယ်တဲ့။ လူ ဆယ်ရောက် နှင့် အိမ်သာ တစ်လုံး၊ မနက်မနက် ဘယ်လို စခန်းသွားလည်း မသိ၊ အိပ်တာကတော့ နှစ်ထပ်စင်နဲ့တဲ့။ လစဉ်ကြေးက တစ်လ တစ်ယောက် လေးရာ။ ကုမ္ပဏီက ပေးလို့ တော်သေး တာပေါ့။ နို့မို့ဆို လစာ တဝက် ပြုတ်ပြီ။
..........................................................
တက္ကစီဒရိုင်ဘာပြောတဲ့မြန်မာပြည်အကြောင်း
..........................................................
တစ်နေ့ တက္ကစီ စီးရင်း ဒရိုင်ဘာနှင့် စကား လက်ဆုံ ကျနေတုန်း ဘယ်က လာသလဲ မေးတော့ ဖြေလည်း သိမှာ မဟုတ်ပါဘူး ဆိုပြီး ခပ်ပေါ့ပေါ့ပဲ ပြောလိုက်တယ်။ သူက ဆက်ပြီး ဘာလာလုပ်သလဲ မေးတော့ အလုပ် လာလုပ်တာလို့ ဖြေလိုက်တယ်။ သူက တချက်ပြုံးပြီး သူသိတဲ့ မြန်မာပြည် အကြောင်း ဆက်ပြောပါတော့တယ်။ လွန်ခဲ့တဲ့ အနှစ် ငါးဆယ်လောက်က မြန်မာပြည်ဟာ ဒူဘိုင်းလိုပဲတဲ့။ စီးပွားရေး အလွန် ကောင်းပြီး နေချင်စရာ ကောင်းလွန်းလို့ နိုင်ငံခြားသား တော်တော်များများ လာရောက် အလုပ်လုပ် အခြေချ နေထိုင် ခဲ့ကြတယ် ဆိုပဲ။ ဘယ်လိုလုပ် သိလဲ မေးတော့ သူအဖေက မြန်မာပြည်မှာ အကြာကြီး အလုပ် လုပ်ဘူးတဲ့ အကြောင်းနဲ့ မြန်မာပြည် အကြောင်းတွေ သူ့ကို ပြောပြ ဘူးတယ်တဲ့။ သေသေ ချာချာ စဉ်းစားကြည့်တော့ သူပြောတာ ဖြစ်နိုင်တယ် ဘာဖြစ်လို့လဲ ဆိုတော့ သူပြောတာ မဟုတ်ဘူး ဆိုရင် ကျွန်တော့မိန်းမနှင့် ကျွန်တော် တွေ့စရာ အကြောင်း မရှိလို့ပဲ။

Tuesday, January 22, 2008

ကံစမ်းကြည့်ချင်လျင်

From: Jaison personal <jaiaquatic@qatar.net.qa>Date: Mon, January 21, 2008 8:21 pmTo: Phyo Wai Aung <pwaung@mail4u.com.mm>

Hello Mr. Aung,
Many thanks and please let me have some good CVs if you have friends looking for job in Qatar. Please ask them to send CVs to the followingemail id
-
jaison.francis@kvasir-group.com.
I need the following;
Production Operators - 21 positions
Inst. Tech - 8
Elect Tech - 8
Mech Tech -8
Lab Tech - 2
Fabricator - 2
Platform service - 12
Welder - 3
Crane Ops - 4
Safety Tech - 4
Elect Supervisor - 4
Mech Supervisor -4
Instr Supervisor -4
Techncial Clerk - 2
Material Clerk - 2
Store keeper - 2

Sincerely,
Jaison

Sunday, January 20, 2008

အံ့ဘွယ်အနုပညာ


ဒူဘိုင်းမှာအသစ်တည်ဆောက်မယ့်ဟိုတယ်ပုံစံဖြစ်ပါတယ်။

ကန္တာရနှင်း

စာမရေးတာ ကြာသွားတော့ ရေးဖြစ်ဖို့ တော်တော်အားယူ နေရတယ်။ ကိုရဲ ရဲ့ post အသစ် ကို ဖတ်ပြီးမှ ငါလည်း ရေးအုံးမှပဲ ဆိုပြီး ရေးချင်တဲ့ အတွေ့အကြုံ တစ်ချို့ ကို ဝေမျှ လိုက်ပါတယ်။

Dubai မှာ သွားရောက် လည်ပတ် သင့်တဲ့ နေရာတွေထဲမှာ Desert Safari အကြောင်း ကို ကိုရဲ က ရေးသွားသလို၊ စိတ်ဝင်စားဖို့၊ စိတ်လှုပ်စားဖို့ ကောင်းတဲ့ Ski Dubai အကြောင်း ရေးပြပါရစေ။

မြို့တော် ဒူဘိုင်းရဲ့ အကြီးဆုံး shopping mall ဖြစ်တဲ့ Emirates Mall ဟာ ပထမဆုံး အရှေ့အလယ်ပိုင်းဒေသရဲ့ Indoor Ski Resort တည်ရှိမှုကြောင့် ကြော်ကြားပါတယ်။ လူလုပ်တဲ့ နှင်းတောင်အတုနဲ့ အပူဆုံး သဲကန္တာရမှာ နှင်းလျှော စီးရတာဟာ အလွန်ပျော်ဖို့ ကောင်းတယ်ဆိုတာ အာမခံပါရစေ။

Ski Dubai ဟာ ကလေးလူကြီး အားလုံး အတွက် ဒီဇိုင်း လုပ်ထားပြီး၊ နှင်းလျှော မစီးဘူးသူ အသစ်စက်စက် တို့ အတွက်လည်း Discovery Program လည်းပါရှိပါတယ်။ ဒီ Program ကနားလည် သိရှိရမယ့် အချက်တွေ၊ ဆောင်ရန် ရှောင်ရန် တွေ အားလုံးကို သင်ပေးတယ်။ နောက်တော့မှ အဆင့်တက်ပြီး ပျော်ရွှင်နိုင်တာပါ။

ဒူဘိုင်းကို ရောက်တာ ၈ လနီးပါး ရှိပေမယ့်၊ Emirates Mall ကိုရောက်တိုင်း Ski Dubai ကို ငေးမော အားကြမိပင်မယ့် လက်တွေ့ ကြိုးစားဖို့ လန့် နေမိပါတယ်။ ဒီတစ်ပတ်တော့ နီကိုရဲ ရဲ့ အားပေးအားပါမှု၊ လုပ်ဖော်ကိုင်ဖက် တစ်ရုပ်လေး တစ်ယောက်ရဲ့ လမ်းပြမှု နဲ့ Ski Dubai လက်မှတ်ရုံ ရှေ့ ရွှေမြန်မာနှစ်ယောက်ဟာ ပေါက်ဖော် တစ်ရုပ်ကို အဖော်ပြု လို့ရောက်ခဲ့ ပါတယ်။

ဇာတ်လမ်းက ဒီမှာစတော့တာပါ၊ Taxi စောင့်ရတာ ကြာလို့ ကျွှန်တော်တို့ ဟာ Discovery Program စတဲ့အချိန်ကို လွှန်ပြီးမှ ရောက်သွားကြပါတယ်။ ကျွှန်တော်က နောက်တစ်ခေါက်မှ ကြိုးစားဖို့ စဉ်းစားတုံး ကိုရွှေတစ်ရုပ်က Discovery Program မတက်လည်း ဖြစ်ကြောင်း၊ သူပြပေးနိုင်ကြောင်း ဆော်သြော်ပြီး သုံးယောက်စာ လက်မှတ်ဖြတ်တော့ တာပါပဲ။ လက်မှတ်ရောင်းတဲ့ အမျိုးသမီးက မေးပါသေးတယ်၊ အရင်စီးဖူးရဲ့ လားလို့။ ကျွှန်တော်တို့ လည်း မောင် ရွှေတစ်ရုပ်အားကိုးပြီး ဗျောင်လိမ်တော့တာပါပဲ။

နှစ်နာရီ အတွက် တစ်ယောက် ၁၅၀ AED ပေးရတဲ့ လက်မှတ်ဖြတ်ပြီးတာနဲ့ Gate pass နဲ့ လိုအပ်တဲ့ အသုံးအဆောင်တွေ ဖြစ်တဲ့ နှင်းလျှောစီး ဖိနပ်၊ ဘောင်းဘီ၊ အင်္ကျီ နဲ့ နှင်းလျှောစီးတံ တို့ကိုပေးပါတယ်။ တစ်ခါမှ မ၀တ်ဘူးတဲ့ ကိုရဲ နဲ့ ကျွှန်တော် ဟာ အသက်ရှုအောင့် ပြီး မနဲ ကို အဆင်ပြေအောင်လုပ်ယူရပါတယ်။

ဒီလိုနဲ့ပဲ နှင်းလျှောစီးဖို့ မဆိုထားနှင့် နှင်း တောင်မမြင်ဘူး တဲ့ ကျွှန်တော်၊ကိုရဲ နဲ့ ရွှေတစ်ရုပ် ဟာ ယောင်တိ ယောင်ချာ နဲ့ လူလုပ်ထားတဲ့ နှင်းတောင်ပေါ် ကို ဘဲသွား သွားရင်း ရောက်ခဲ့ ပါတယ်။ အမြင့်ဆုံး ကိုမသွားကြပဲ beginner တွေ အတွက် သတ်မှတ်ပေး ထား တဲ့ နေရာ လောက်မှာ ပဲ စတင် ကြတာပေါ့။

အားကိုးခဲ့ မိတဲ့ ပေါက်ဖော်လေးဟာ သင်ပေးဖို့ ခဏထား သူ့ ဟာသူသာ ပျော်ရွှင်လို့မအား ဖြစ်နေပါတယ်။ ကျွှန်တော်တို့လည်း ရွှေမြန်မာ သိက္ခာအကျ မခံပဲ ကြိုးစားရတာပေါ့။

ဒါပေမယ့် အလဲလဲ အကွဲကွဲ ပါပဲပေါ့၊ လျှောဆင်းတာ လွယ်ပင်မယ့် မရပ်တတ် အရှိန်မထိန်း တတ် နဲ့ ရေခဲပြင်ထဲ မှောက်ရပ်တစ်မျိုး ပက်လက်တစ်ဖုံ နဲ့ စတိုင်မျိုးစုံ ဖြစ်နေခဲ့ပါတယ်။ အဆိုးဆုံးက လက်အိတ် မ၀တ်မိတာပါ၊ -၁ ဒီဂရီ ကို လက်ထောက်ရ တိုင်း ခံစားရ တဲ့ အအေးလောင်ခြင်းက ဒုက္ခတစ်ခုပေါ့။

ဒီလိုနဲ့ အတော်ကြာ ကြိုးစားမိတော့ အတော်ဟုတ်ကာ အဟုတ်တော်လာတာပေါ့။ သိတယ်မဟုတ်လား၊ အကုန်တတ်တဲ့ ရွှေမြန်မာ ပဲဟာ။ နှစ်နာရီ နီးပါး စီးပြီးတော့ မောကလည်းမော၊ ဆာကလည်းဆာ နဲ့ Ski Dubai က ပြန်ထွက် ဖို့ လုပ်ပါတယ်။ အထွက်မှာ ကင်မရာ လွယ်ထား တဲ့ ဖိလစ်ပိုင်လုံမေချောက အပြုံးချို ပြန်တော့ ကိုရဲ နဲ့ ကျွှန်တော်ဟာ တစ်ပုံ ၆၀ AED ပေးရတဲ့ ဓါတ်ပုံ ကိုဈေးမဆစ်ဖြစ်တော့ဘူးပေါ့။

အဲဒီနေ့ Emirates Mall ရဲ့ food stall မှာ စားတဲ့ ညစာက တော့ စားလို့ အကောင်းဆုံး ပေါ့၊ နောက်ဆုံးမှာတော့ ကျွန်တော်တို့ နေထိုင်ရာ World Trade Center Hotel Apartment ကို Dubai Taxi နဲ့ ပြန်ရင်း တွေးတော စိတ်ကူးမိတာ က မြန်မာပြည် ပြန်ရောက် ရင် ခါရာဘိုရာဇီ နှင်းတောင်မှာ နှင်းလျှောစီးဖို့ ရောက်အောင်သွားအုံးမယ်လို့။ ။

အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်း ရှိပါစေ။ ။

ဂန္ဓ၀င် (စက်မှု)

သဲကန္တာရခရီး


ကောင်းကင်ပြင် တခွင်လုံး မိုးသားတိမ်လိပ်တွေ အပြေးအလွား နေရာယူနေကြတဲ့ နေ့တနေ့၊ တစ်နှစ်မှတခါ တစ်ရက်နှစ်ရက်လောက်သာ အချိန်ရတဲ့အတွက် ပြိုမယ်တကဲကဲ လုပ်နေတဲ့ မိုးသားတွေကို အံတုပြီး ကျွန်တော်နှင့်ဖြိုးကြီး သဲကန္တာရထဲ အလယ်သွားဖို့ အဆင်သင့်ပြင်ရင်း လာခေါ်မယ့်ကားကို သတင်းကြည့်ပြီး စောင့်နေချိန် ရွာချလိုက်တဲ့မိုးကြောင့် အတော်လေးကို စိတ်ပျက်သွားမိတယ်။ အပူချိန်ကလဲ အရင်နေ့တွေကနှင့်စာရင် သိသိသာသာ ကျနေတာမို့ အစီစဉ်ပျက်သွားရင် ကောင်းမှာပဲ့လို့ ဆုတောင်းနေမိတယ်။ အလေးအနက်မဲ့ပြီး ပေပေတေတေ နေတတ်တဲ့ ကျနော့စရိုက်အတိုင်း အနွေထည် ဝယ်မထားမိတဲ့အတွက် အခက်တွေ့နေတဲ့ ကျနော့ကို မနေနိုင်တဲ့ လူပျိုကြီးက တောင်းတောင်းပန်ပန် အတင်းထုတ်ပေးတဲ့အတွက် အဆင်ပြေသွားတယ်။ ခဏကြာ ကားရောက်လာ၍ အပြင်ထွက်လိုက်ချိန် မိုးစဲနေတော့မှ အတော်အတန် စိတ်သက်သာရာ ရသွားတယ်။

ကားပေါ် မတက်ခင်ကြည့်လိုက်တော့ တရုပ်မနှစ်ယောက်နှင့် တရုပ်ထီးတစ်ယောက် အခန့်သား ထိုင်နေတာတွေ့ရတယ်။ ရုတ်တရက် ပြုံးမိပြီး စိတ်ထဲ ရေရွတ်မိတာက "တရုပ်တွေနဲ့တယ် အကျိုးပေးပါလား"။ ကားစထွက်တဲ့ အချိန်က ညနေလေးနာရ၊ီ ဒူဘိုင်း အိုမန်လမ်းအတိုင်းမောင်းပြီး သဲကန္တာရကို ဦးတည်နေချိန် ညက"24hours"ကိုက်ထားတဲ့ အရှိန်ကြောင့် မေးခနဲ အိပ်ပျော်သွားတယ်။ ရုတ်တရက် ဖုန်းလာလို့ကြည့်လိုက်တော့ ဘော်ကြီး၊ ကာတာကနေ ကျော်သူ့ဖုန်းနံပါတ် သိချင်လို့ ဆက်တာတဲ့။ ကျော်သူဆိုတာ အရင်က ရဲတံခွန်က ချက်ကြီး၊ အခုဒူဘိုင်းမှာ၊ ရောက်နေတာ သုံးနှစ်ရှိပြီ၊ တခါတရံ သူ့လက်ရာနှင့် ကျေးဇူးပြုတတ်သူ၊ ဘော်ကြီးသိလိုတဲ့ အကြောင်းရင်းက အကျိုးမဲ့ အလုပ်ဝန်ဆောင်မှူ့အတွက်တဲ့၊ ချစ်စရာကောင်းလိုက်တဲ့ သူငယ်ချင်း၊ ကောင်လေးတွေဆို ဒီလောက် အပင်ပန်းခံပါ့မလားမသိ။

တစ်နေရာရောက်တော့ ပေါက်တောအတွက် ကားရပ်ပေးတယ်၊ အမှန်တကယ်က ကားဘီး လေရှော့ဖို့အတွက် ရပ်တာ၊ သဲတောထဲမှာ မောင်းမယ်ဆိုရင် မလျှော့မတင်းလေပေါင်ရှိမှ အဆင်ပြေတာ၊ ဆယ်မီနစ်လောက်ကြာတော့ ခရီးဆက်ကြတယ်၊ သိပ်မကြာလိုက်ဘူး လိုရာခရီးကိုရောက်သွားတယ်။

တချိန်လုံး ငိုက်နေတဲ့ဖြိုးကြီးက ကားရပ်တော့မှ ငေါက်ကနဲထလာပြီး သဲကန္တာရထဲကြည့်ကာ တစ်စုံတစ်ခုကို ရေရွတ်လိုက်ပါတယ်။ သူပြောမယ်ဆိုလည်း ပြောချင်စရာပါ၊ ကန္တာရတစ်ခုလုံး နောက်ဆုံးပေါ် လင်ခရူဇာတွေနှင့် ပြည့်နက် နေပါတယ်။ မြန်မာပြည်မှာ သိန်း ထောင်ဂဏန်းပေါင်းများစွာ တန်တဲ့၊ ဂျီဒီပီပေါ် ထိုင်နေတဲ့ သူများသာ စီးနိုင်တဲ့ ကားတွေဟာ ဒီမှာ လိုင်းကားတွေလိုပါပဲ။ စဖါရီသွားရင် အများအားဖြင့်တော့ အထူးစီမံထားတဲ့ လင်ခရူဇာတွေနဲ့ပဲ သွားတာများတယ်။ တစ်စီးမှာ ငါးယောက်ပဲတင်တယ်။ တစ်ယောက်ကို တစ်ရာခုနစ်ဆယ်ငါး အေအီးဒီပဲ ပေးရတယ်။ အရက်ကလွဲရင် ကျန်တာအကုန် အကျုံးဝင်တယ်။ ဝမ်းနဲပါတယ် ကောင်မလေးတော့ မပါဘူး။

ဒရိုင်ဘာက စမမောင်းခင် ခါးပတ်သေချာ ပါတ်ဖို့ သတိပေးပါတယ်၊ ပြီးတာနဲ့ ဇောင်းထဲက လွတ်လိုက်သလို ဒလဟော မောင်းတော့တာပါပဲ။ သဲခုံတွေပေါ် တက်လိုက်ဆင်းလိုက် သွားနေတဲ့ကားပေါ်စီးရတာ အတော်ထူးခြားတဲ့ အရသာပါ၊ ရိုလာကိုစတာနဲ့ ဆင်သလိုလိုရှိပေမယ့် "movement"က "smooth"မဖြစ်တော့ အရသာလည်း မူကွဲတာပေါ့။ တစ်ချို့ သဲခုံတွေဆို လျောစောက်ပမာဏ ခြောက်ဆယ်ဒီဂရီနှင့် အထက်ရှိတယ်။ "Sand Ridge"တွေကနေ ကားကို ဘေးတိုက် အရှိန်နဲ့ ဆင်းတဲ့အချိန်ဟာ ရင်ခုံစရာ အကောင်းဆုံးပဲ။ ကားအဆင်းတိုင်းမှာ အသဲအေးပြီး အော်တဲ့ အသံတွေ ထွက်ထွက်လာတယ်။ ဓါတ်ပုံရိုက်ဖို့ ကောင်းတဲ့ နေရာတွေမှာ ရပ်ပေးပါတယ်။ ဘေးပါတ်ဝန်းကျင်မှာ လေးဘီးဆိုင်ကယ် အင်ဂျင်သံတွေနဲ့ ဆူညံနေပါတယ်။ ရာသီဥတုကလည်း အားကစားသမားတွေ အကြိုက်ပါပဲ။ အချိန်နာရီဝက်လောက် လျောက်မောင်းအပြီး ညစာအတွက် ရိုးရာမပျက် စီမံတည်ဆောက်ထားတဲ့ အာရပ်စတိုင် ကန္တာရစခန်းကို ချီတက်ကြပါတယ်။

စခန်းရောက်တော့ အတော့ကို မှောင်နေပြီ၊ ကျွန်တော်တို့လိုပဲ ခရီးသွားတွေ အယောက် တစ်ရာလောက် တွေ့ရတယ်။ စခန်းအပြင်ဘက်မှာ ကုလာအုပ်တွေနှင့် လေးဘီးဆိုင်ကယ်တွေ တွေ့ရတယ်။ ကုလာအုပ်ကို အလကား စီးနိုင်ပြီး ဆိုင်ကယ်ကတော့ ပိုက်ဆံပေးရတယ်။ စခန်းအဝင်ဝမှာ ရေနွေးကြမ်းတိုက်တယ်၊ ဖြိုးကြီကတော့ ရေနွေးကြမ်း သောက်တာတွေ့ရတယ်၊ ကျွန်တော်ကတော့ မြင်သမျှ မှတ်တမ်းတင်ဖို့ လုံးပမ်းနေတယ်၊ ကားသမားက စခန်းအပြင်အဆင်အကြောင်း အနည်းငယ် ရှင်းပြပြီး ထိုင်ရမည့် စာပွဲနံပါတ်ပေးတယ်။ စခန်းအခင်းအကျင်းကတော့ အကြမ်းအားဖြင့် အာရပ်ရိုးရာဝတ်စုံတွေနှင့် ဓါတ်ပုံရိုက်နိုင်အောင်၊ အာရပ်တွေရဲ့ အထင်ကရလက်မှူ့ပညာ ပစ္စည်းတွေကို လေ့လာနိုင်အောင်၊ အာရပ်တွေရဲ့ ရိုးရာဆေးပြောင်း ရှူနိုင်အောင် စီစဉ်ပေးထားတယ်။ မိန်းကလေးတွေအတွက်လည်း ရိုးရာ လက်မှာ ပန်းပုံဖေါ် ဆေးချယ်ပေးတယ်။ ထူးခြားတာတခုက အထဲမှာ အရက်ဘားတစ်ခု ထားပေးထားတယ်၊ ကျွန်တော်တို့လည်း ချမ်းချမ်နဲ့ အရက် တစ်ယောက် နှစ်ခွက်စီကိုင်လိုက်တယ်။ ထမင်းစားချိန်မရောက်မီ အချိန်ပိုနေတာနဲ့ အာရပ်ရိုးရာ ဆေးပြောင်းရှူရင်း အာရပ်အရသာ ခံစားကြည့်ရင်း စောင့်နေကြတယ်။ "dinner"က အာရပ်စာ၊ ပုံမှန်အားဖြင့် အသားကင်ပါတယ်၊ ဒံပေါက်လိုမျိုးထမင်းပါတယ်၊ နံပြားပါတယ်၊ ပဲပါတယ်။ အရသာကတော့  မြန်မာပါးစပ်နှင့် ဘယ်လိုမှမကိုက်ဘူး၊ အားလုံးပေါ့ရှော့ရှော့ပဲ။

ထမင်းစားပြီး ခဏလောက်ကြာတော့ "Belly Dance"လို့ခေါ်တဲ့ အာရပ်လှပျိုဖြူအကနှင့် တင်ဆက်ပါတယ်။ တေးသွားနှင့် အကက ပုရိသအားလုံးကို အပြည့်အဝ ဆွဲဆောင်လို့သာ နေပါတော့တယ်။ အကသမကို ဂုဏ်ပြုပိုက်ဆံ ပေးရာမှာလည်း ဘန်ကောက်က "strip dance"တွေမှာလိုပါပဲ။ "Muslim"နိုင်ငံဆိုပေမယ့် လွတ်လပ်မှု့က အံ့မခမ်းပဲ၊ အုပ်ချုပ်သူတွေရဲ့ အမျှော်အမြင်ရှိမှု့က လေးစား အတုယူဘွယ် ကောင်းပါတယ်။ သီချင်း လေးပုဒ်လောက် ကပြီး ဧည့်သည်တွေကိုလည်း ပါဝင်ကပြ စေပါတယ်။ အလွန် ပျော်ရွှင်စရာကောင်းတဲ့ ချမ်းအေးတဲ့ ညတညပါပဲ။

အိမ်ပြန်လာရာ လမ်းတလျှောက် ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်လည် စာမြုပ်ပြန်ရင်း လိုက်ပါ လာပါတော့တယ်။
အာသီသ

Thursday, January 17, 2008

လျှောက်လိုက်ကြစို့သူငယ်ချင်း

Employer: Bin Houfan Commercial Agencies Est.
Desired Expertise:Production Operator, Maintenance, repair electrical equipment, Production
Experience:4+ years
Education:High School/Secondary
Salary:UAE Dirhams 445/-per day
Location:Abu Dhabi, United Arab Emirates
Date Updated:1/16/2008

Job Description:
Purpose:Operate, monitor and control plant facilities in his area of responsibility in accordance with supervisory instruction and in conformity to standard operating procedures.
Rotation : 8 weeks on /4 weeks offWork
location : Island
Duration : Long Term
Maximum Age : 45 years
Salary : UAE Dirhams 445/-per day worked ( no pay on off days)


Principal Accountabilities:
  • Monitor control panels on site instruments in accordance with standard plant operating procedures and instructions, thus ensuring a continous check on the efficient running on the plant and equipment in his assigned area.
  • Operate equipment and facilities in accordance with instructions from his supervisor, take immediate action in case of any abnormal function, disturbance or alarm either by adjusting process parameters in accordance with standard operating procedures or by referring to Senior Operator.
  • Shut down the plant partially or totally in a case of emergency , and starts it up again in accordance with instructions from higher authorities.
  • Log operating incidents occurring during shift for records and for counterpart on the next shift, and discuss incidents with his supervisor.
  • Lead fire fighting operations in his area until taken over by higher authority.
    Conduct small analyses, (such as ph-acidity and hardness of liquids , oil quality and bottom sediment and water) according to standard instructions)
  • Conduct other similar or related duties such as carrying out fuel oil make-up and fresh water operations, chemical product injection and keeping work area clean ,tidy and safe.

MINIMUM REQUIREMENTS:

  • Completion of secondary technical education ( 12 years ) plus specialised plant operator training equivalent to 6-9 months full time.
  • 4 years experience of Process Operator in the oil and petrochemical industry
  • Good knowledge of spoken and written English


Bin Houfan Commercial Agencies Est. is the leading manpower recruitment agency dealing with the Major oil & gas companies here in Abu Dhabi.If you are interested, please send us your detailed CV (In Word format) stating the following particulars:

  • Date of Birth
  • Nationality
  • Marital status
  • Education
  • Experience : (company name + detailed of Jobs done)
  • Training Courses
  • Computer skills
  • Current Monthly Salary in US $
  • Nearest international Airport From your Domicile
  • Contact Details: Bin Houfan Commercial Agencies Est.
Email: hr@binhoufan.com
Mob:0097150-1280068
Closing Date: 25 Jan 2008

Wednesday, January 9, 2008

မွေးနေ့ဆုတောင်း
----------------
ပျော်ရွှင်စရာနေ့ရက်များအားထာဝရပိုင်ဆိုင်နိုင်ကြပါစေ။

မယဉ်ယဉ်အေး - 19-Jan
ကိုမင်းထင်ကျော်ခေါင် - 14-Jan
ကိုစောအောင်ကျော်ဦး - 7-Jan
ကိုဇော်ဝင်းစိန် - 11-Jan
ကိုမြတ်ထွန်းမင်းညို - 7-Jan
ကိုစောမြင့်အောင် - 22-Jan

အာသီသ

Thursday, January 3, 2008

မြန်မာ့ဆက်သွယ်ရေးသတင်း

ဂြိုဟ်တုစလောင်း ရုပ်သံဖမ်းယူကြည့်ရှုခွင့် လိုင်စင်ကြေးကို နအဖစစ်အစိုးရက ကြိုတင် အသိပေးခြင်းမရှိဘဲ တနှစ်လျှင် ကျပ် (၆)ထောင်မှ ကျပ် (၁၀)သိန်းထိ တိုးမြှင့်လိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ငွေစာရင်းဌာနမှ တာဝန်ရှိသူတဦးက “လက်ရှိသုံးနေတဲ့ သူတွေ နှစ်စဉ်ကြေး ဆောင်မယ်ဆိုရင် ဒီလကစပြီး (၁၀) သိန်းဆောင်ရမယ်။ ဒီလကုန်လို့မှ နှစ်စဉ်ကြေး မဆောင်ရင် (၃) သောင်း ထပ်ပြီးတော့ ဒဏ်ကြေးထိမယ်” ဟု ပြောသည်။ ဂြိုဟ်တုစလောင်း ရုပ်သံဖမ်းယူကြည့်ရှုခွင့် လိုင်စင်အသစ် လျှောက်ထားသူများအနေဖြင့် ကျပ်သိန်း (၂၀)သွင်းရမည် ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။လိုင်စင်ကြေး တိုးမြှင့်သည့် သတင်းကို နအဖ သတင်းစာများတွင် ဖော်ပြခြင်းမရှိဘဲ စလောင်း အသုံးပြုသူများ က လိုင်စင်ကြေး သွားရောက် ပေးဆောင်သည့် အချိန်ကျမှ သိရခြင်းဖြစ်သည်။ မည်သည့် အတွက်ကြောင့် တိုးမြှင့်လိုက်သည်ကို မသိရသော်လည်း နိုင်ငံတကာ ရုပ်သံသတင်းများ အား ပြည်သူအများ ကြည့်ရှုနေသည် ကို ကန့်သတ်ရန် ကြိုးပမ်းသည့်အနေဖြင့် တိုးမြှင့်ခြင်း ဖြစ်နိုင်သည်ဟု ယူဆသူများ ရှိသည်။ စစ်အစိုးရ၏ တရားဝင် စာရင်းအရ မြန်မာနိုင်ငံတွင် ၂၀၀၂ခု၌ ဂြိုဟ်တု စလောင်းရုပ်သံ ကြည့်ရှုခွင့် တရားဝင် မှတ်ပုံတင်ထားသူ (၆)သောင်းရှိသည်ဟု ရိုက်တာ သတင်းတွင် ဖော်ပြသည်။ လတ်တလော ရန်ကုန်မြို့၌ အစိုးရက ရောင်းချပေးနေသည့် ဒီဇယ်နှင့် ဓာတ်ဆီ နေ့စဉ်ခွဲတမ်းများကို တ၀က် ဖြတ်တောက်မည်ဟု ကောလဟလသတင်းများ ထွက်ပေါ်နေချိန်တွင် စလောင်း နှစ်စဉ်ကြေး တိုးမြှင့်သည့် သတင်း ရုတ်တရက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ မြန်မာ စစ်အစိုးရကမူ လောင်စာဆီ ခွဲတမ်းများကို ယခင်အတိုင်း ပြောင်းလဲမှုမရှိ ဘဲ ဆက်လက် ထုတ်ပေးမည်ဟု ယမန်နေ့ မြန်မာ့အလင်း သတင်းစာ၌ သတင်းထုတ်ပြန်သည်။ ။

Tuesday, January 1, 2008

နှစ်သစ်ဆုမွန်ကောင်း
……………………………

မရေးဖြစ်တာကြာတော့မေ့တောင်သွားကြပြီလားမသိဘူး။.....အခုတလောမအားတာကလည်းများနေ၊သတင်းဖ
လှယ်မယ့်သူလည်းမရှိတော့ဘာမှတင်စရာမရှိဖြစ်နေတယ်။...အစီအစဉ်အသစ်တွေခေါင်းထဲမှာရှိပေမယ့်အချိန်
နဲ့လူအင်အားချိနဲ့နေတာကြောင့်ရှေ့မသွားနိုင်သေးပဲဖြစ်နေတယ်။..တချို့သူငယ်ချင်းတွေသူတို့ပါရေးလို့ရရင်ရေး
ချင်နေကြတယ်။မခက်ပါဘူး၊ဒါပေမယ့်အကန့်အသတ်တော့ရှိတယ်။...နေရာစုံကလူတွေရွေးထုတ်ပြီးအကူအညီ
တောင်းရင်ပိုလို့စိုပြေလာနိုင်တာပေါ့။..တချို့ကပြောတယ်၊မြန်မာစာမရိုက်တတ်လို့အခက်အခဲရှိတယ်တဲ့၊မပူပါနဲ့
ဗျာ၊ကျွန်တော့်လောက်တော့ဆိုးမယ်မထင်ဘူး။....ဘယ်ဘာသာနဲ့ရေးရေးအဓိကကရေးဖို့ပါပဲ။ကိုယ်စိတ်ထဲမှာရှိ
တာကိုစာနဲ့ပဲဖြစ်ဖြစ်စကားနဲ့ပဲဖြစ်ဖြစ်ဖွင့်ချလိုက်ရတာကိုကလေဟာနယ်ထဲရောက်သွားသလိုပဲ။....သူများပြော
လို့သာစကားဖြစ်ပြောရတယ်၊လေဟာနယ်ထဲတစ်ခါမှမရောက်ဖူးဘူး။ဒါပေမယ့်ရေးကြည့်လိုက်ရင်လေဟာနယ်
ရဲ့အရသာကိုသိသွားလိမ့်မယ်။

……………………………….

ဘာလိုလိုနဲ့တစ်နှစ်ကုန်သွားပြန်ပြီ၊..မွန်းတည့်ချိန်ကျော်လာပြီးမွန်းလွဲရောက်တော့မည်၊.မကြာမီညနေစောင်းပြီး
နေဝင်တော့မည်၊ဘာမှလည်းမပြင်ဆင်ရသေး၊ပြင်ဆင်ဖို့ပင်သတိမရ၊အတ္တနောက်တကောက်ကောက်လိုက်ရင်း
တွင်းဆုံးရောက်နေပြီ၊ပြန်ထွက်ဖို့ပင်အတော်ခက်ခဲ၊အချိန်မီသာပြင်ဆင်ခွင့်ရှိခဲ့ရင်တော့ကောင်းပါရဲ့၊..ဒါပေမယ့်
သမီကအခုမှမူကြို၊အငယ်ကောင်ကလေးဘက်တွား၊ဘယ်လိုများစီစဉ်ရမည်မသိ၊...မိုက်ခရိုဆော့ပရော့ဂျက်ပင်
လိုက်မမီတော့၊ဒီတော့မီရာအမျှင်ကိုဆွဲ၊ဒီအစီအစဉ်နဲပဲသွားရတော့မပေါ့။...လမ်စလေးတောရှိတန်ကောင်းပါရဲ့၊
ရသမျှအချိန်နာရီမိနစ်သူများအတွက်လည်းသုံး၊ငါ့အတွက်လည်းသုံး၊......မဖြုန်းမိစေဖို့မီလီစက္ကန်၊ဧကံအမှန်ကြိုး
စားလတ္တံ့။…

…………………………………

၂၀၀၈ ကောင်းမြတ်တဲ့နှစ်သစ်မှာသူငယ်ချင်းအားလုံးစိတ်ရွှင်ဝမ်းမြောက်ရှိကြပါစေ။

အာသီသ