<>>အာသီသ ဓါတ်ပုံ နှင့် ဗွီဒီယို ဘလောဂ့်များ<<>

Tuesday, January 29, 2008

သူငယ်ချင်းတစ်ယောက်အကြောင်း(၁)

သူငယ်ချင်းတစ်ယောက်အကြောင်း(၁)
အာသီသ

၁၀တန်း အောင်ပြီး ၈၈ အရေးအခင်းနဲ့ ကြုံနေလို့ တိုင်းပြည် ပြန်လည် တည်ငြိမ်ပြီး တက္ကသိုလ်တွေ ပြန်အဖွင့်ကို စောင့်နေ ရတဲ့အချိန်၊ ဝမ်းကွဲ အကို တစ်ယောက်ရဲ့ အဆွယ် ကောင်းမှု့ကြောင့် ပြင်သစ်စာ သင်ဖို့ အတွက် ပြင်သစ် သံရုံးမှာ စာရင်း သွားပေးပါတယ်။ အဲဒီ အချိန်တုန်းက ALLIANCE ဟာ အခုလိုမျိုး လူကြိုက် မများသေးဘူး။ ကျွန်တော် အပါအဝင် အားလုံး ၆ယောက် သွားတက်ဖြစ်တယ်။ ဒီလိုနဲ့ ပထမ နှစ်မှာပဲ ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ ကျွန်တော်နှင့် အတူတက်တဲ့ လူတွေ အားလုံး ထွက်သွားကြတယ်။ ကျွန်တော် တစ်ယောက်ထည်းပဲ ဇွဲ ကောင်းကောင်းနှင့် တင်ကျန် နေခဲ့တယ်။ မတင်ကျန် လို့လည်း မဖြစ်။ ဘဝ အခြေ အနေ ကိုက မကြိုးစားရင် ခွေးဖြစ်မယ့်အခြေအနေ၊ ဒီလိုနှင့် ပထမ နှစ်ကို အမှတ် ကောင်းကောင်းနှင့် အောင်တော့ ကျွန်တော့ ဆရာက ကျွန်တော့ကို ခေါ်ပြီး ချီးကျူးတာ ခံရတော့ တက်ကြွပြီး ဒုတိယ နှစ် ဆက်တက်ဖြစ်တယ်။

ဒုတိယ နှစ်ရောက်တော့ ပိုအဆင်ပြေ သွားတာက စိတ်တူကိုယ်တူ သူငယ်ချင်း တော်တော်များများ ရလိုက် တာပါပဲ။ လူငယ် ပီပီ စာသင်လိုက် ပျော်လိုက် ပါးလိုက်နှင့် ဘဝရဲ့ ပျော်စရာ အကောင်းဆုံး အချိန်တစ်ချိန် ဖြစ်ခဲ့ပါတယ်။ ပိုပြီး တန်ဖိုး ရှိတာက အလွန် ရည်ရွယ်ချက် ပြင်းထန်တဲ့ သူတွေ ဖြစ်နေတော့ ကိုယ်ပါ လိုက်ပြီး ကြိုးစားရင်း ကိုယ်ရည်ကိုယ်သွေး တက်လာ ခဲ့ပါတယ်။ တစ်ချို့ သူငယ်ချင်းတွေ ဆိုရင် အချိန် စီမံ ခန့်ခွဲမှု့ ကောင်းလွန်းလို့ အခုဆို မိုးနဲ့မြေ ကွာသလိုမျိုး မှော်ကြည့် နေရပြီ။ အဲဒီ သူငယ်ချင်း တွေထဲမှာ ကျွန်တော်တို့နှင့် အခုထိ ပါတ်သက်မှု့ ရှိနေတဲ့ ကျွန်တော့အပေါ် ကျေးဇူးရှိတဲ့ ပုဂ္ဂိုလ် တစ်ယောက် အကြောင်းပြောပါရစေ။ သူ့အမည်က ” ကျွဲကြီး ”……………………..။

အဲဒီအချိန်က ကျွဲကြီးဟာ သူငယ်ချင်း တွေအပေါ် အတော့ကို အနွန်အတာ ခံပြီး ကိုယ်ကျိုးကို နောက်ဆုံးမှာ ထားတတ်တဲ့ သူပါ။ စိတ် သဘောထား အလွန် ပြည့်ဝပြီး သူတပါးကို အလွန် ကူညီတတ် ပါတယ်။ သူကြိုက်နေတဲ့ ကောင်မလေးကို နောက် သူငယ်ချင်း တစ်ယောက်က ကြိုက်တယ် ပြောတော့ အခင်အမင် မပျက်တဲ့ အပြင် အကူအညီတောင် ပေးလိုက် ပါသေးတယ်။ အဲဒီ အချိန်တုန်းက သူတို့နှစ်ယောက်အကြောင်း ပြန်တွေးရင် အခုအချိန်ထိ ပြုံးမိသေး။ ကောင်မလေး နာမည်က ”စူဇန်”၊ အခုတော့ ပြင်သစ် တစ်ယောက်နဲ့ အိမ်ထောင် ကျပြီး ပြင်သစ်မှာ နေတယ်။ ကလေး နှစ်ယောက် ရနေပြီလို့ ကြားတယ်။ ထူးဆန်းတာက ကျွဲကြီးရော ကိုရှမ်းပါ အခုထိ မိန်းမ မယူသေးဘူး၊ ကျွန်တော် သိသလောက် သူတို့ နှစ်ယောက်စလုံး စူဇန့်ကို တကယ် အရူးအမူး ချစ်ခဲ့တာ။ ပြင်သစ် ကျောင်းမှာတုန်းက စူဇန်နှင့် ကျွန်တော်တို့ အုပ်စုက တတန်းထည်း၊ ကောင်မလေး ကျောင်းရောက်လို့ အခန်းထဲ မဝင်ခင် ဧည့်ကြို နှစ်ယောက်နဲ့ အရင် စကားပြော ရတယ်။ ပထမ တစ်ယောက်က ဂိတ်ဝမှာ ကြိုရင် နောက်တစ်ရောက်က စာသင်ခန်း အပြင်မှာ ကြိုပါတယ်။ ဂိတ်ဝမှာ ပြောရတာ ပိုအဆင်ပြေ တာမို့ နေရာဦးဖို့ ကျောင်းကို စောရောက်အောင် အလုအယက် လာကြရတယ်။ ကျွဲကြီးက ဇွဲတော့ အကောင်းသား၊ သူပဲ စောရောက်တာ များတယ်။ ကျွန်တော်တို့ ဘေးလူ တွေကတော့ သူတို့ကို ကြည့်ပြီး ဟားတာပဲ။ ကောင်မလေး ခမျာ ကျောင်းရောက်တာနဲ့ မျက်လွှာချပြီး သုတ်ခြေတင် အခန်းရောက်အောင် ပြေးတော့တာပါပဲ။

ဒီလိုနှင့် ဒုတိရနှစ် ပြီးလို့ တတိယနှစ် ရောက်တော့ ကျွဲကြီးနှင့် ခွဲရဖို့ အကြောင်း ဖန်လာပါတယ်။ အဲဒီ အချိန်တုန်က မလေးရှား သွားတာ အရမ်း ခေတ်စား နေတဲ့ အချိန်၊ ကျွဲကြီးရဲ့ အဖေက သားသုံးယောက် အနက် ဘယ်သူ့ကို လွှတ်ရမလဲ တွေနေတုန်း မိဘကို အရမ်း သိတတ်တဲ့ ညီအစ်ကို မောင်နှမ တွေအပေါ် အရမ်း အနစ်နာ ခံတတ်တဲ့ ကျွဲကြီးဟာ အလွန် ချစ်မြတ်နိုးပါတယ် ဆိုတဲ့ စူဇန်ကို အဖြေပြန် မရခင် ထားခဲ့ပြီး မိသားစုအတွက် မလေးရှားကို ထွက်သွားပါတော့တယ်။ အမှန်တကယ်လည်း သူက မိသားစုမှာ အငယ်ဖြစ်ပေမယ့် အထက်ဆုံး ဆိုတော့ သူ့ဆုံးဖြတ်ချက်ကို အားလုံးက လက်ခံကြတယ်။ သူထွက်သွားတော့ ကျွန်တော်တို့ ဆက်တက် ကျန်နေရစ်တယ်။ ဒီလိုနှင့် အချိန်တွေ တရွေ့ရွေ့ ကုန်လွန် သွားလိုက်တာ တတိယနှစ် လည်းပြီ ဒီပလိုမာ လည်းရ တစ်ချို့က ဆက်တက် တစ်ချို့ကထွက်နှင့် သူငယ်ချင်းတွေ တစစ ကွဲသွားလိုက်ကြတာ အခုအချိန်ထိပဲ ဆိုပါတော့။

ဒီပလိုမာတန်း ပြီးလို့ ကျွန်တော်လည်း ကျောင်း ပြန်ဖွင့်တာနှင့် ပြင်သစ်စာ ခဏနားပြီး ကျောင်းဘက် ပြန်လှည့်တော့ ပြင်သစ်ကျောင်းနှင့် လုံးဝနီးပါး အဆက်အသွယ် ပြတ်သွား ပါတော့တယ်။ ၆နှစ်လောက် ကြာတော့ ကျွန်တော် Geocomp မှာ လုပ်နေတုန်း ကျွဲကြီးနှင့် ပြန်ဆုံတယ်။ သူ့က City & Guilt လျှပ်စစ် အောင်လက်မှတ် ရထားတယ် ပြောတော့ Premier Oil က ခေါ်တဲ့ အလုပ်တွေမှာ ဝင်လျှောက်ဖို့ ကျွန်တော်က တိုက်တွန်းလို့ သူလျှောက်တော့ အလုပ်ရသွားတယ်။ ဒီကောင် မလေးက ပြန်လာပြီး အတော်လေးကို ပြောင်းလည်းသွားတယ် ၊ ကျွန်တော့အမြင် တခုတည်းနှင့် ဝေဖန် ရမယ် ဆိုရင်တော့ ဒီကောင် Superiority Complex ကိုက်သွားတယ်ထင်ပါ့ ၊ ပြောသမျှ မြန်မာပြည်မှာ ဘာမှ ကောင်းတာ မရှိဘူး ၊ အားလုံးဟာ သူ့အမြင်မှာ နိမ်ကျနေတယ် ၊ အထူးသဖြင့် သူယူလာတဲ့ City & Guilt က လက်မှတ်ကို PhD အဆင့်လောက် ထားပြီး ၊ ကျွန်တော်တို့ ဗမာပြည်က B.E တွေကို အထက်တန်း အဆင့်တောင် မရှိဘူးလို့ သူ့ပါးစပ်က ထုတ်ပြောတဲ့ အထိပဲ။ မှတ်မှတ် ရရ ၈မိုင်က ကျွန်းမျောပေါ်မှာ သူရယ် ကျွန်တော်ရယ် နောက် ၈မိုင်က သူငယ်ချင်း တစ်ယောက်ရယ် ဗျစ်ရည်ဆိုင်က ပြန်လာပြီး ထိုင်နေတုန်း သူ့ရဲ့ ကျွန်တော့ အတန်း ပညာအပေါ် ပေးတဲ့ မှတ်ချက် တခုအတွက် ရန် ထဖြစ်ကြရသေးတယ်။ နည်းနည်းမှ ကို မလျှော့ဘူး….။ လူတစ်ယောက်ရဲ့ စိတ်ဓါတ် နဲ့ အတွေးအခေါ် တွေအပေါ် ပါတ်ဝန်းကျင်ရဲ့ လွမ်းမိုးမှု့ အတိုင်းအတာကို အံ့သြနေမိတယ်။

ဒါပေမယ့် လူတစ်ယောက်ရဲ့ မွေးရာပါ အကျင့်စရိုက် ကိုတော့ ဘယ်အရာကမှ ကြာရှည် မလွှမ်းမိုး ထားနိုင်ပါဘူး ဆိုတာ နောက်မှ သိလာ ရပါတယ်။ တစ်နေ့ ကျွန်တော်တို့ ဆုံကြတုန်း သူ့အလုပ်က သင်တန်း အကြောင်း ပြောရင်းက ကျွန်တော့ကို CV တင်ဖို့ တိုက်တွန်း ပါတယ် ။ တကယ်တော့ လျှောက်လွာ ခေါ်တာက အင်ဂျင်နီရာတွေ ၊ ကျွန်တော်နှင့် ဘယ်လိုမှ မပါတ်သက် ၊ ပါတ်သက်တယ် လို့လည်း မထင် ၊ ဒါကို သူက လက်မခံ ၊ CV ပေးဖို့ပဲ အတင်းတောင်း နေတော့တယ်။ သူနဲ့ HR က အမ မရင် နှင့် ခင်ကြောင်း သူပြောရင် ရကြောင်း အမက သဘောကောင်းကြောင်း တွေပြောပြီး CV ကို ယူသွား ပါတော့တယ်။ သိပ် မကြာလိုက်ဘူး ကျွန်တော့ဆီ test ဖြေဖို့ ဖိတ်ကြားလွှာ ရောက်လာ ပါတယ်။ ကျွန်တော်လည်း စာမေးပွဲတွေ အဆင့်ဆင့် ဖြေပြီး အလုပ်ရ သွားပါတော့တယ်။

အမှန်တိုင်း ဝန်ခံရရင် ကျွဲကြီး နှင့် မရင် တို့ရဲ့ ကျေးဇူးဟာ ကျွန်တော့အတွက် အမှတ်ရစရာ ဖြစ်ခဲ့ပါတယ်။ ကျွဲကြီးသာ ကျွန်တော့ CV မတင်ပေး ခဲ့ရင် ၊ မရင်သာ ဘောင် မဝင်ဘူးဆိုပြီး လက်မခံ ခဲ့ရင် ၊ ကျွန်တော့ ဘဝ အပြောင်းအလည်း ရှိမှာ မဟုတ် ပါဘူး။ ဘယ်သူ ဘာပဲ ပြောပြော ရဲတံခွန်မှာ ကုန်ခဲ့တဲ့ ၉နှစ် ဟာ အတိုင်းအတာ တစ်ခုအထိ အကျိုးရှိခဲ့ ပါတယ်။ ရှေ့ဆက်သွားဖို့ လုံလောက်တဲ့ အခြေခံကောင်းတွေလည်း အများကြီး ရခဲ့ပါတယ်။ မိတ်ဆွေကောင်း တွေလည်း အများကြီး ရခဲ့ပါတယ်။

ကျေးဇူးပါ……… သူငယ်ချင်း……….. ” ကျွဲကြီး ………
ကျေးဇူးပါ………..” မရင် ………
ကျေးဇူးပါ……….” ရဲတံခွန် ”………..

1 comments:

Prince said...

ရဲတံခွန် ဆိုတဲ့ ရွှံတကဲမှာ၊
တို့ ညီအကိုတွေ အတူတူပါဘဲကွာ။

တယောက်ကဒီမှာ၊ တယောက်ကဟိုမှာ၊
နေရာဆိုတဲ့နာမည်လေးသာမတူတာပါ။

ကမ္ဘာသူကမ္ဘာသား၊လူအများထဲမှ၊
မြန်မာပြည်သားသူငယ်ချင်းများကို၊

ကို Prince တယောက်၊
ဘုရားစင်ရှေမှောက်၊
နေ့ စဉ်ရောက်၍၊
ဒူးကိုထောက်ကာ၊
ဆုတောင်းမေတ္တာ၊ပို့ သပါသည်၊
ကိုစိတ်ချမ်းသာ ရှိပါစေသော်ဝ်။