<>>အာသီသ ဓါတ်ပုံ နှင့် ဗွီဒီယို ဘလောဂ့်များ<<>

Thursday, January 3, 2008

မြန်မာ့ဆက်သွယ်ရေးသတင်း

ဂြိုဟ်တုစလောင်း ရုပ်သံဖမ်းယူကြည့်ရှုခွင့် လိုင်စင်ကြေးကို နအဖစစ်အစိုးရက ကြိုတင် အသိပေးခြင်းမရှိဘဲ တနှစ်လျှင် ကျပ် (၆)ထောင်မှ ကျပ် (၁၀)သိန်းထိ တိုးမြှင့်လိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ငွေစာရင်းဌာနမှ တာဝန်ရှိသူတဦးက “လက်ရှိသုံးနေတဲ့ သူတွေ နှစ်စဉ်ကြေး ဆောင်မယ်ဆိုရင် ဒီလကစပြီး (၁၀) သိန်းဆောင်ရမယ်။ ဒီလကုန်လို့မှ နှစ်စဉ်ကြေး မဆောင်ရင် (၃) သောင်း ထပ်ပြီးတော့ ဒဏ်ကြေးထိမယ်” ဟု ပြောသည်။ ဂြိုဟ်တုစလောင်း ရုပ်သံဖမ်းယူကြည့်ရှုခွင့် လိုင်စင်အသစ် လျှောက်ထားသူများအနေဖြင့် ကျပ်သိန်း (၂၀)သွင်းရမည် ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။လိုင်စင်ကြေး တိုးမြှင့်သည့် သတင်းကို နအဖ သတင်းစာများတွင် ဖော်ပြခြင်းမရှိဘဲ စလောင်း အသုံးပြုသူများ က လိုင်စင်ကြေး သွားရောက် ပေးဆောင်သည့် အချိန်ကျမှ သိရခြင်းဖြစ်သည်။ မည်သည့် အတွက်ကြောင့် တိုးမြှင့်လိုက်သည်ကို မသိရသော်လည်း နိုင်ငံတကာ ရုပ်သံသတင်းများ အား ပြည်သူအများ ကြည့်ရှုနေသည် ကို ကန့်သတ်ရန် ကြိုးပမ်းသည့်အနေဖြင့် တိုးမြှင့်ခြင်း ဖြစ်နိုင်သည်ဟု ယူဆသူများ ရှိသည်။ စစ်အစိုးရ၏ တရားဝင် စာရင်းအရ မြန်မာနိုင်ငံတွင် ၂၀၀၂ခု၌ ဂြိုဟ်တု စလောင်းရုပ်သံ ကြည့်ရှုခွင့် တရားဝင် မှတ်ပုံတင်ထားသူ (၆)သောင်းရှိသည်ဟု ရိုက်တာ သတင်းတွင် ဖော်ပြသည်။ လတ်တလော ရန်ကုန်မြို့၌ အစိုးရက ရောင်းချပေးနေသည့် ဒီဇယ်နှင့် ဓာတ်ဆီ နေ့စဉ်ခွဲတမ်းများကို တ၀က် ဖြတ်တောက်မည်ဟု ကောလဟလသတင်းများ ထွက်ပေါ်နေချိန်တွင် စလောင်း နှစ်စဉ်ကြေး တိုးမြှင့်သည့် သတင်း ရုတ်တရက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ မြန်မာ စစ်အစိုးရကမူ လောင်စာဆီ ခွဲတမ်းများကို ယခင်အတိုင်း ပြောင်းလဲမှုမရှိ ဘဲ ဆက်လက် ထုတ်ပေးမည်ဟု ယမန်နေ့ မြန်မာ့အလင်း သတင်းစာ၌ သတင်းထုတ်ပြန်သည်။ ။

0 comments: