<>>အာသီသ ဓါတ်ပုံ နှင့် ဗွီဒီယို ဘလောဂ့်များ<<>

Thursday, January 24, 2008

ထွေရာလေးပါး

ထွေရာလေးပါး
အာသီသ

...........................................
သူတို့သိအောင်ဘယ်လိုလုပ်မလဲ
...........................................
ငြိမ့်ခနဲ ဖြစ်သွားလို့ အိပ်နေရာက နိုးလာပြီး ကြည့်လိုက်တော့ ဒူဘိုင်း လေဆိပ်ကို လေယာဉ်ဆင်းနေပြီ။ ပြူတင်းပေါက်ကနေ အပြင်ကြည့်လိုက်တော့ အားရစရာကောင်းတာက လျှပ်စစ်မီး၊ လင်းလွန်းလို့ စိတ်ထဲမှာ လိုအပ်တာထက် ပိုသုံးထားတယ်၊ အလကား ဖြုန်းတီးထားတယ် လို့တောင် မြန်မာပြည် သားပီပီ တွေးမိသေးတယ်။ အမှောင်ကနေ ရုတ်တရက် အလင်းရောက်ရင် မျက်စိ ကျိန်း သလိုမျိုးပေါ့။ လေဆိပ်ထဲ ရောက်တော့ ည ဆယ်နာရီ ကျော်နေပြီ၊ တစ်ယောက်ထည်း ဆိုပေမယ့် အရင်တခေါက် လာဖူးထားတော့ အထာသိနေပြီ။ လူဝင်မှု့ ကြီကြပ်ရေး ကောင်တာမှာ များလွန်းတဲ့ လူတွေကြား တန်းစီ နေတုန်း ရတဲ့ အချိန်လေးမှာ ကျန်နေခဲ့တဲ့ မိသားစု အကြောင်း တွေးနေမိတယ်။ အထူးသဖြင့် သမီးပေါ့၊ မှန်လား မှားလား ဆိုတာကို စဉ်းစားရင်း တွေဝေနေတုန်း နောက်တယောက်လို့ အော်သံကြောင့် အတွေးကို ခဏဖြတ်ပြီး ကတိုက်ကရိုက်ပဲ ကောင်တာကို ချီတက် ရပါတော့တယ်။ ကံဆိုးချင်တော့ အမေးအမြန်းထူ စပ်စုတဲ့ အာရပ်မနှင့်မှ လာတိုးနေတယ်။ ဒါပေမယ့် ကိစ္စမရှိ၊ တရာဝင် ဝင်လာတာကြောင့် ပြဿနာမရှိ။ မေးရင်း ဖြေရင်း တနေရာ ရောက်တော့ မထင်မှတ်ပဲ အခက်တွေ့သွားတယ်။ ဘယ်က လာလဲ မေးတော့ “ မြန်မာ"လို့ ဖြေလည်း နားမလည်၊ "ဗားမား" ဆိုတာလည်း မသိတော့ အတော့ကို ကသိ ကအောက် ဖြစ်တယ်။ တရုပ်နှင့် နယ်စပ်တယ်၊ ကုလားနှင့် နယ်စပ်တယ် ပြောလည်း မမြင်တော့ ပါလာတဲ့ မှတ်စု စာအုပ်ကို ထုတ်ပြီး ကမ္ဘာ့ မြေပုံထဲ ထောက်ပြတော့မှ "ဪ…ထိုင်းနဲ့ နီးပါလား" တဲ့။ ကဲ ဘယ်သူ့ အပြစ်ပို့ရမလဲ၊ ပထဝီ ဆရာလား သမိုင်း ဆရာလား။
လေဆိပ်ကနေ အထွက် တက္ကစီစတင်းကို အသွား မျက်နှာကို လာတိုက်ခတ်တဲ့ လေကြောင့် အရှင်လတ်လတ် ငရဲ ကျသလား အောက်မေ့ရတယ်။ ပူလိုက်တဲ့လေ၊ ၄၈ ဒီဂရီ စင်တီဂရိတ်တဲ့။ တက္ကစီထဲ ဝင်ထိုင်လိုက်တော့မှ သက်သာသွားတော့တယ်။ လမ်းတလျှောက် ဘေးဘီကြည့်ရင်း၊ ဒူဘိုင်းရဲ့ ည အလှကို ခံစားရင်း လိုက်ပါ လာပါတော့တယ်။
...................................
ကားသမားနှင့်စကားစမည်
...................................
ထွေရာ လေးပါး လျှောက်ပြောရင်းက ဘယ်တုန်းကတည်းက ပြောချင်နေလဲ မသိတဲ့ ကားသမား ဟာရင်းနှီးတဲ့ သူတယောက်ကို တွေ့တဲ့အလား ရင်ထဲရှိတာ အကုန် ဖွင့်ချလိုက်ပါတော့တယ်။ ဒူဘိုင်းက တက္ကစီဒရိုင်ဘာ အားလုံးနီးပါးဟာ ပါကစ္စတန်တွေဖြစ်တယ်။ သူတို့ဟာ ဌာနေတိုင်းပြည်မှာ ဘဝ ကြမ်းတယ်ထင်ပြီး မြက်နုရာ ဤဒေသကို လက်လှမ်းမီရာ နည်းလမ်းနဲ့ ရောက်ရှိ လာကြပါတယ်။ အထူးသဖြင့် အလုပ် ပွဲစားတွေနှင့်ပေါ့။ အများစုက တစ်ရက်ကို တစ်ရာ အေအီးဒီ လောက်ရတယ်။ မြန်မာငွေနဲ့ဆို တစ်ရက် သုံးသောင်းခွဲ လေးသောင်းပေါ့။ နည်းတဲ့ ပိုက်ဆံမှ မဟုတ်ပဲ၊ ဒါပေမယ့် ဒူဘိုင်းမှာ နေထိုင် စံရိတ်က မိုးထိနေတယ၊် ချက်မစားနိုင်လို့ ဝယ်စားမယ်ဆိုရင် တစ်နပ်ကို အနည်းဆုံး ၁၀ လောက်ကုန်မှ ပုံမှန်စာ ရတယ်။ ဟိုစံရိတ် ဒီစံရိတ် တွေနဲ့ဆို တဝက် စုမိဘို့ မလွယ်ဘူး။ အလုပ်ချိန်က တရက် ၁၂နာရီ နားရက်မရှိဘူး နားရင် လစာ ဖြတ်တယ်။ သူပြောတာ တခုက ဒီမှာလုပ်တာ မိသားစုအတွက်တော့ ကောင်းတယ် သူ့အတွက်တော့ ဘာဘဝ အနှစ်သာရမှ မရှိဘူးတဲ့။ မှတ်သားစရာပဲ။ ဘယ်နှယ်နှစ် ရှိပြီလည်း မေးတော့ ၅နှစ်တဲ့။ ဘယ်နှစ်ခေါက် ပြန်ပြီးလည်း ဆိုတော့ တစ်ခါမှ မပြန်ရသေးဘူးတဲ့။
.........................
အပူအအေးပဋိပက္ခ
.........................
ကိုယ်ရောက်တဲ့ အချိန်က နွေခေါင်ခေါင်ကြီး ဖြစ်နေတော့ အံဝင် ခွင်ကျဖြစ်အောင် မနည်း နေရတယ်။ နေတဲ့ နေရာနှင့် ရုံးက ၁၅မိနစ် လျှောက်ရတယ်။ ထမင်စားရင် အခန်းပြန်စားတော့ အဲဒီမှာ စတွေ့တာပဲ၊ အတွင်းနှင့်အပြင် အပူချိန်က ကွာခြားလွန်းလို့ အပူအအေးပဋိပက္ခ အတော်ခံရတယ်။ အဲဒီ အချိန်မှာ သတိထားမိတာက Sky Train Project က Labour တွေ ၊ သူုတို့များ ဒီလောက် ပူပြင်းတဲ့ နေကို ဘယ်လိုများ အံတုပြီး အလုပ်လုပ် ကြလည်းမသိ။ လေ့လာမိသလောက် လူတွေက အရွယ်စုံ၊ အသက်ကြီးပိုင်းတွေပါ တွေ့ရသည်။ အများအားဖြင့် ပါကစ္စတန် ၊ ဘင်္ဂလားနှင့် အိန္ဒိယကုလားတွေ။ တစ်နေ့ ထ္မင်းစားပြန်ချိန် ကြုံကြိုက်တုန်း စပ်စုမိတာက လူငါးယောက် ထမ္မင်းစားဖို့ ပြင်နေကြချိန် ကိုယ်စီကိုယ်စီ ပါလာတဲ့ ကျွတ်ကျွတ်အိပ်တွေ ဖွင့်နေတာ တွေ့ရတယ်။ သေသေချာချာ ကြည့်တော့မှ ထမင်းထုပ် ဟင်းထုပ် တွေမှန်း သိရတော့တယ်။ ဘာဟင်းနဲ့များ စားပါသလဲလို့ ထပ်ပြီး အနံ့ခံကြည့်လိုက်တော့ အသားဓါတ်အပြည့် ပါတဲ့ ပဲဟင်း။ ပဲဟင်းနဲ့ ထမင်းစားပြီး ကျောပူ ရင်ပူ တကိုယ်လုံး အပူခံကာ ပိုက်ဆံ ရှာရအောင် အဘယ်သို့သော အကြောင်းအရာက တွန်းအားပေးလည်း မသိ။ နောက်မှ သိလာရတာ တစ်ခုက သူတို့လစာ အေအီးဒီ၇၀၀။
...........................................
ရုံးစာရေးတစ်ယောက်အကြောင်း
...........................................
သူ့အမည်က "Dil" ၊ အတော့ကို လူ့အထာသိပြီး အားလုံးရဲ့ ချစ်ခင်မှု့ကို ရရှိထားသူ နီပေါသား။ အမြဲပြုံး နေတတ်သူ၊ တစ်နေ့ အကြောင်း တိုက်ဆိုင်လို့ ဆိုင်တဆိုင်မှာ အတူ ထမင်းစားတုန်း သူ့အကြောင်း တစေ့တစောင်း သိခွင့် ရခဲ့ပါတယ်။ တကယ်တော့ သူက ကျွန်တော်တို့ ကုမ္ပဏီရဲ့ ကန်ထရိုက်တာ၊ သူ့ မိခင် ကုမ္ပဏီက အိန္ဒိယတွေပိုင်တဲ့ ကုမ္ပဏီ။ ကျွန်တော့ကို ရန်ကုန်က"MYINT" တို့ "UE" တို့ကို သတိရ စေတဲ့ အကြောင်းအရာ တခုကတော့ ကျွန်တော်တို့က "Dil" အတွက် သူ့ မားသား ကုမ္ပဏီကို တစ်လ၂၅၀၀ AED ပေးရပြီး ကာရကံရှင်က ၈၀၀ AEDပဲ ရတယ် ဆိုတာပါပဲ။ ထမင်းစားပြီး သူ့အိမ် မရောက်ဘူးလို့ လိုက်လည်တော့ မကြုံဘူးတာတစ်ခု ကြုံခွင့် ရလိုက်ပြန်ပါတယ်။ သူ့အိမ် ရောက်လို့ အထဲ ဝင်လိုက်တော့ လူ ဆယ်ယောက်လောက်က ဧည့်ခန်းလို့ ထင်ရတဲ့ ခန်းမကျယ်မှာ ကိုယ်စီကိုယ်ငှ အိုးတွေနဲ့ ထမင်းဟင်း ချက်နေတာဟာ အလှူ လုပ်နေသလား အောင်းမေ့ရတယ်။ အိမ်က အာရပ် အိမ်ပု ဖြစ်ပြီး အိပ်ခန်း ၃ခန်းနှင့် အိမ်သာ ၃ခု ပါပါတယ်။ အိမ်မှာ လူတွေ အရမ်း များနေလို့ ဘာဖြစ်နေလည်း မေးကြည့်လိုက်တော့ သူက ဒါ ပုံမှန်ဘဲတဲ့။ အခန်း တစ်ခန်းမှာ လူ ၁၀ယောက် နေပါတယ်တဲ့။ လူ ဆယ်ရောက် နှင့် အိမ်သာ တစ်လုံး၊ မနက်မနက် ဘယ်လို စခန်းသွားလည်း မသိ၊ အိပ်တာကတော့ နှစ်ထပ်စင်နဲ့တဲ့။ လစဉ်ကြေးက တစ်လ တစ်ယောက် လေးရာ။ ကုမ္ပဏီက ပေးလို့ တော်သေး တာပေါ့။ နို့မို့ဆို လစာ တဝက် ပြုတ်ပြီ။
..........................................................
တက္ကစီဒရိုင်ဘာပြောတဲ့မြန်မာပြည်အကြောင်း
..........................................................
တစ်နေ့ တက္ကစီ စီးရင်း ဒရိုင်ဘာနှင့် စကား လက်ဆုံ ကျနေတုန်း ဘယ်က လာသလဲ မေးတော့ ဖြေလည်း သိမှာ မဟုတ်ပါဘူး ဆိုပြီး ခပ်ပေါ့ပေါ့ပဲ ပြောလိုက်တယ်။ သူက ဆက်ပြီး ဘာလာလုပ်သလဲ မေးတော့ အလုပ် လာလုပ်တာလို့ ဖြေလိုက်တယ်။ သူက တချက်ပြုံးပြီး သူသိတဲ့ မြန်မာပြည် အကြောင်း ဆက်ပြောပါတော့တယ်။ လွန်ခဲ့တဲ့ အနှစ် ငါးဆယ်လောက်က မြန်မာပြည်ဟာ ဒူဘိုင်းလိုပဲတဲ့။ စီးပွားရေး အလွန် ကောင်းပြီး နေချင်စရာ ကောင်းလွန်းလို့ နိုင်ငံခြားသား တော်တော်များများ လာရောက် အလုပ်လုပ် အခြေချ နေထိုင် ခဲ့ကြတယ် ဆိုပဲ။ ဘယ်လိုလုပ် သိလဲ မေးတော့ သူအဖေက မြန်မာပြည်မှာ အကြာကြီး အလုပ် လုပ်ဘူးတဲ့ အကြောင်းနဲ့ မြန်မာပြည် အကြောင်းတွေ သူ့ကို ပြောပြ ဘူးတယ်တဲ့။ သေသေ ချာချာ စဉ်းစားကြည့်တော့ သူပြောတာ ဖြစ်နိုင်တယ် ဘာဖြစ်လို့လဲ ဆိုတော့ သူပြောတာ မဟုတ်ဘူး ဆိုရင် ကျွန်တော့မိန်းမနှင့် ကျွန်တော် တွေ့စရာ အကြောင်း မရှိလို့ပဲ။

0 comments: