<>>အာသီသ ဓါတ်ပုံ နှင့် ဗွီဒီယို ဘလောဂ့်များ<<>

Sunday, January 20, 2008

သဲကန္တာရခရီး


ကောင်းကင်ပြင် တခွင်လုံး မိုးသားတိမ်လိပ်တွေ အပြေးအလွား နေရာယူနေကြတဲ့ နေ့တနေ့၊ တစ်နှစ်မှတခါ တစ်ရက်နှစ်ရက်လောက်သာ အချိန်ရတဲ့အတွက် ပြိုမယ်တကဲကဲ လုပ်နေတဲ့ မိုးသားတွေကို အံတုပြီး ကျွန်တော်နှင့်ဖြိုးကြီး သဲကန္တာရထဲ အလယ်သွားဖို့ အဆင်သင့်ပြင်ရင်း လာခေါ်မယ့်ကားကို သတင်းကြည့်ပြီး စောင့်နေချိန် ရွာချလိုက်တဲ့မိုးကြောင့် အတော်လေးကို စိတ်ပျက်သွားမိတယ်။ အပူချိန်ကလဲ အရင်နေ့တွေကနှင့်စာရင် သိသိသာသာ ကျနေတာမို့ အစီစဉ်ပျက်သွားရင် ကောင်းမှာပဲ့လို့ ဆုတောင်းနေမိတယ်။ အလေးအနက်မဲ့ပြီး ပေပေတေတေ နေတတ်တဲ့ ကျနော့စရိုက်အတိုင်း အနွေထည် ဝယ်မထားမိတဲ့အတွက် အခက်တွေ့နေတဲ့ ကျနော့ကို မနေနိုင်တဲ့ လူပျိုကြီးက တောင်းတောင်းပန်ပန် အတင်းထုတ်ပေးတဲ့အတွက် အဆင်ပြေသွားတယ်။ ခဏကြာ ကားရောက်လာ၍ အပြင်ထွက်လိုက်ချိန် မိုးစဲနေတော့မှ အတော်အတန် စိတ်သက်သာရာ ရသွားတယ်။

ကားပေါ် မတက်ခင်ကြည့်လိုက်တော့ တရုပ်မနှစ်ယောက်နှင့် တရုပ်ထီးတစ်ယောက် အခန့်သား ထိုင်နေတာတွေ့ရတယ်။ ရုတ်တရက် ပြုံးမိပြီး စိတ်ထဲ ရေရွတ်မိတာက "တရုပ်တွေနဲ့တယ် အကျိုးပေးပါလား"။ ကားစထွက်တဲ့ အချိန်က ညနေလေးနာရ၊ီ ဒူဘိုင်း အိုမန်လမ်းအတိုင်းမောင်းပြီး သဲကန္တာရကို ဦးတည်နေချိန် ညက"24hours"ကိုက်ထားတဲ့ အရှိန်ကြောင့် မေးခနဲ အိပ်ပျော်သွားတယ်။ ရုတ်တရက် ဖုန်းလာလို့ကြည့်လိုက်တော့ ဘော်ကြီး၊ ကာတာကနေ ကျော်သူ့ဖုန်းနံပါတ် သိချင်လို့ ဆက်တာတဲ့။ ကျော်သူဆိုတာ အရင်က ရဲတံခွန်က ချက်ကြီး၊ အခုဒူဘိုင်းမှာ၊ ရောက်နေတာ သုံးနှစ်ရှိပြီ၊ တခါတရံ သူ့လက်ရာနှင့် ကျေးဇူးပြုတတ်သူ၊ ဘော်ကြီးသိလိုတဲ့ အကြောင်းရင်းက အကျိုးမဲ့ အလုပ်ဝန်ဆောင်မှူ့အတွက်တဲ့၊ ချစ်စရာကောင်းလိုက်တဲ့ သူငယ်ချင်း၊ ကောင်လေးတွေဆို ဒီလောက် အပင်ပန်းခံပါ့မလားမသိ။

တစ်နေရာရောက်တော့ ပေါက်တောအတွက် ကားရပ်ပေးတယ်၊ အမှန်တကယ်က ကားဘီး လေရှော့ဖို့အတွက် ရပ်တာ၊ သဲတောထဲမှာ မောင်းမယ်ဆိုရင် မလျှော့မတင်းလေပေါင်ရှိမှ အဆင်ပြေတာ၊ ဆယ်မီနစ်လောက်ကြာတော့ ခရီးဆက်ကြတယ်၊ သိပ်မကြာလိုက်ဘူး လိုရာခရီးကိုရောက်သွားတယ်။

တချိန်လုံး ငိုက်နေတဲ့ဖြိုးကြီးက ကားရပ်တော့မှ ငေါက်ကနဲထလာပြီး သဲကန္တာရထဲကြည့်ကာ တစ်စုံတစ်ခုကို ရေရွတ်လိုက်ပါတယ်။ သူပြောမယ်ဆိုလည်း ပြောချင်စရာပါ၊ ကန္တာရတစ်ခုလုံး နောက်ဆုံးပေါ် လင်ခရူဇာတွေနှင့် ပြည့်နက် နေပါတယ်။ မြန်မာပြည်မှာ သိန်း ထောင်ဂဏန်းပေါင်းများစွာ တန်တဲ့၊ ဂျီဒီပီပေါ် ထိုင်နေတဲ့ သူများသာ စီးနိုင်တဲ့ ကားတွေဟာ ဒီမှာ လိုင်းကားတွေလိုပါပဲ။ စဖါရီသွားရင် အများအားဖြင့်တော့ အထူးစီမံထားတဲ့ လင်ခရူဇာတွေနဲ့ပဲ သွားတာများတယ်။ တစ်စီးမှာ ငါးယောက်ပဲတင်တယ်။ တစ်ယောက်ကို တစ်ရာခုနစ်ဆယ်ငါး အေအီးဒီပဲ ပေးရတယ်။ အရက်ကလွဲရင် ကျန်တာအကုန် အကျုံးဝင်တယ်။ ဝမ်းနဲပါတယ် ကောင်မလေးတော့ မပါဘူး။

ဒရိုင်ဘာက စမမောင်းခင် ခါးပတ်သေချာ ပါတ်ဖို့ သတိပေးပါတယ်၊ ပြီးတာနဲ့ ဇောင်းထဲက လွတ်လိုက်သလို ဒလဟော မောင်းတော့တာပါပဲ။ သဲခုံတွေပေါ် တက်လိုက်ဆင်းလိုက် သွားနေတဲ့ကားပေါ်စီးရတာ အတော်ထူးခြားတဲ့ အရသာပါ၊ ရိုလာကိုစတာနဲ့ ဆင်သလိုလိုရှိပေမယ့် "movement"က "smooth"မဖြစ်တော့ အရသာလည်း မူကွဲတာပေါ့။ တစ်ချို့ သဲခုံတွေဆို လျောစောက်ပမာဏ ခြောက်ဆယ်ဒီဂရီနှင့် အထက်ရှိတယ်။ "Sand Ridge"တွေကနေ ကားကို ဘေးတိုက် အရှိန်နဲ့ ဆင်းတဲ့အချိန်ဟာ ရင်ခုံစရာ အကောင်းဆုံးပဲ။ ကားအဆင်းတိုင်းမှာ အသဲအေးပြီး အော်တဲ့ အသံတွေ ထွက်ထွက်လာတယ်။ ဓါတ်ပုံရိုက်ဖို့ ကောင်းတဲ့ နေရာတွေမှာ ရပ်ပေးပါတယ်။ ဘေးပါတ်ဝန်းကျင်မှာ လေးဘီးဆိုင်ကယ် အင်ဂျင်သံတွေနဲ့ ဆူညံနေပါတယ်။ ရာသီဥတုကလည်း အားကစားသမားတွေ အကြိုက်ပါပဲ။ အချိန်နာရီဝက်လောက် လျောက်မောင်းအပြီး ညစာအတွက် ရိုးရာမပျက် စီမံတည်ဆောက်ထားတဲ့ အာရပ်စတိုင် ကန္တာရစခန်းကို ချီတက်ကြပါတယ်။

စခန်းရောက်တော့ အတော့ကို မှောင်နေပြီ၊ ကျွန်တော်တို့လိုပဲ ခရီးသွားတွေ အယောက် တစ်ရာလောက် တွေ့ရတယ်။ စခန်းအပြင်ဘက်မှာ ကုလာအုပ်တွေနှင့် လေးဘီးဆိုင်ကယ်တွေ တွေ့ရတယ်။ ကုလာအုပ်ကို အလကား စီးနိုင်ပြီး ဆိုင်ကယ်ကတော့ ပိုက်ဆံပေးရတယ်။ စခန်းအဝင်ဝမှာ ရေနွေးကြမ်းတိုက်တယ်၊ ဖြိုးကြီကတော့ ရေနွေးကြမ်း သောက်တာတွေ့ရတယ်၊ ကျွန်တော်ကတော့ မြင်သမျှ မှတ်တမ်းတင်ဖို့ လုံးပမ်းနေတယ်၊ ကားသမားက စခန်းအပြင်အဆင်အကြောင်း အနည်းငယ် ရှင်းပြပြီး ထိုင်ရမည့် စာပွဲနံပါတ်ပေးတယ်။ စခန်းအခင်းအကျင်းကတော့ အကြမ်းအားဖြင့် အာရပ်ရိုးရာဝတ်စုံတွေနှင့် ဓါတ်ပုံရိုက်နိုင်အောင်၊ အာရပ်တွေရဲ့ အထင်ကရလက်မှူ့ပညာ ပစ္စည်းတွေကို လေ့လာနိုင်အောင်၊ အာရပ်တွေရဲ့ ရိုးရာဆေးပြောင်း ရှူနိုင်အောင် စီစဉ်ပေးထားတယ်။ မိန်းကလေးတွေအတွက်လည်း ရိုးရာ လက်မှာ ပန်းပုံဖေါ် ဆေးချယ်ပေးတယ်။ ထူးခြားတာတခုက အထဲမှာ အရက်ဘားတစ်ခု ထားပေးထားတယ်၊ ကျွန်တော်တို့လည်း ချမ်းချမ်နဲ့ အရက် တစ်ယောက် နှစ်ခွက်စီကိုင်လိုက်တယ်။ ထမင်းစားချိန်မရောက်မီ အချိန်ပိုနေတာနဲ့ အာရပ်ရိုးရာ ဆေးပြောင်းရှူရင်း အာရပ်အရသာ ခံစားကြည့်ရင်း စောင့်နေကြတယ်။ "dinner"က အာရပ်စာ၊ ပုံမှန်အားဖြင့် အသားကင်ပါတယ်၊ ဒံပေါက်လိုမျိုးထမင်းပါတယ်၊ နံပြားပါတယ်၊ ပဲပါတယ်။ အရသာကတော့  မြန်မာပါးစပ်နှင့် ဘယ်လိုမှမကိုက်ဘူး၊ အားလုံးပေါ့ရှော့ရှော့ပဲ။

ထမင်းစားပြီး ခဏလောက်ကြာတော့ "Belly Dance"လို့ခေါ်တဲ့ အာရပ်လှပျိုဖြူအကနှင့် တင်ဆက်ပါတယ်။ တေးသွားနှင့် အကက ပုရိသအားလုံးကို အပြည့်အဝ ဆွဲဆောင်လို့သာ နေပါတော့တယ်။ အကသမကို ဂုဏ်ပြုပိုက်ဆံ ပေးရာမှာလည်း ဘန်ကောက်က "strip dance"တွေမှာလိုပါပဲ။ "Muslim"နိုင်ငံဆိုပေမယ့် လွတ်လပ်မှု့က အံ့မခမ်းပဲ၊ အုပ်ချုပ်သူတွေရဲ့ အမျှော်အမြင်ရှိမှု့က လေးစား အတုယူဘွယ် ကောင်းပါတယ်။ သီချင်း လေးပုဒ်လောက် ကပြီး ဧည့်သည်တွေကိုလည်း ပါဝင်ကပြ စေပါတယ်။ အလွန် ပျော်ရွှင်စရာကောင်းတဲ့ ချမ်းအေးတဲ့ ညတညပါပဲ။

အိမ်ပြန်လာရာ လမ်းတလျှောက် ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်လည် စာမြုပ်ပြန်ရင်း လိုက်ပါ လာပါတော့တယ်။
အာသီသ

0 comments: