<>>အာသီသ ဓါတ်ပုံ နှင့် ဗွီဒီယို ဘလောဂ့်များ<<>

Wednesday, April 2, 2008

လွမ်းမိပါ၏..အတာသင်္ကြန်

*********
အာသီသ
*********

ဘာလိုလိုနှင့် သင်္ကြန်တောင် ကျတော့မယ်။ သင်္ကြန် မကဲရတာလည်း အတော်တောင် ကြာသွားပြီပဲ။ ပျော်ရာမှာမနေ တော်ရာမှာနေပဲပေါ့။ ဧပြီ တစ်ရက်နေ့က ဘယ်သူ့ကို April Fool လုပ်ရမလဲ စဉ်းစားနေတာ၊ ဒါပေမယ့်လည်း ကိုယ့်ဘာသာကိုယ်တောင် လိပ်ပတ်မလည် ဖြစ်နေတော့ ဘယ်သူ့ကိုမှ မနောက်လိုက်ရဘူး။ အသိ ကောင်မလေး တစ်ယောက်က မြန်မာသင်္ကြန်ပွဲ အဘူဒါဘီမှာ နွဲမယ် ကောင်မလေးတွေလည်း အများကြီး လာလိမ့်မယ် လာခဲ့ပါ ဆိုတာတောင် အကြောင်းမပြန်အားလို့ သူက ဧပရယ်ဖူးလုပ်တာ မဟုတ်ပါဘူး အမှန်အကန်ဖိတ်တာပါ နှစ်တိုင်းလည်း လုပ်နေကြဆိုပြီး ရှင်းချက် ထုတ်ရတဲ့အထိပဲ။

အမှန်တကယ်က ကွန်ပျူတာရှေ့ကို မရောက်နိုင်တာ။ ကော်မင်းရှင်းနီးဆိုတော့ တောက်တိုမယ်ရတွေက အများသား၊ အတွေ့အကြုံတော့ရပါရဲ့၊ ခိုင်းတိုင်း အကုန် လုပ်ပေးနေရတော့ သိတဲ့အတိုင်း မကုတ်အားဘူးပေါ့။ ဒီကြားထဲ တရုပ်တွေရဲ့ စီမံမှူ့တွေက တော်လွန်းလို့ ပစ္စည်းဝယ်ရင် အိပ်ထဲက ပိုက်ဆံစိုက်ထုတ်ဝယ် ပြီးမှပြန်တောင်း လကုန်မှ ဘဏ်စားရင်းထဲပြန်ရ …ဟူး…ပြောမဆုံးပေါင် ပါပဲ။

ကိုဝင်းစိုးရွှေနှင့် ဖြိုးကြီးကတော့ ပင်လယ်ထဲ နေပူဒါဏ် လှိုင်းပုတ်ဒါဏ် ခံပြီး မြန်မာနှစ်သစ်ကူးကို ဖြတ်သန်းရတော့မယ်။ ကျွန်တော်နှင့် ကျော်တင့်ကတော့ အေးအေးဆေးဆေး ထိန်းချုပ်ခန်း ကော်မင်းရှင်းနီး လုပ်ရပြီမှတ်တာ၊ တကယ်တန်းကျတော့ အသေးအမွှား ကိစ္စလေးတွေက တယ်မလွယ်ပါလား..။ ဧပရယ်တစ်လလုံးလုံး ဒီအတိုင်းပဲ နားရက်မရှိ အလုပ်ဆင်းရမယ် ဆိုတော့ သင်္ကြန်ဆိုတာ ဘာမှန်တောင် သိလိုက်မှာမဟုတ်။

အော်..တစ်ချို့ချို့ရဲ့ ဘဝတွေဟာ တယ်အားကျစရာ ကောင်းပါလား…။ အဲ..လာပြန်ပြီ နောက်တစ်ယောက်..၁၁ရက်နေ့မှာ သင်္ကြန်ပွဲလုပ်မယ် လာခဲ့ပါတဲ့…၊ ရော်…ပိုးထနေတယ်ဆိုမှ မအားတာသိလို့ ဧပရယ်ဖူး လုပ်နေတာများလား အောက်မေ့တယ်။ ဘာပဲပြောပြော ဒူဘိုင်းလို နေရာမျိုးမှာ ဒီလိုပွဲမျိုးလေးတွေ ဖြစ်အောင် စီစဉ်နှိင်တာ ချီးကျူးစရာပဲ။ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ယဉ်ကျေးမှူ့ ပွဲလေးကို မမေ့မပျောက် ထိန်းသိမ်းကြတာ ဂုဏ်ယူစရာပါ..။ တစ်ခါတုန်းကလည်း သာသနာပြု ဘုန်းဘုန်းတစ်ပါး ပြည်ဝင်ခွင့်ရအောင် အခက်အခဲများကြားက ဝိုင်းဝန်း ကမကဋ္ဌ ပြုလိုက်ကြတာ နောက်ဆုံးတော့ အောင်မြင်သွားပြီး ပထမဦးဆုံးအကြိမ် လာရောက်ခွင့်ရတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးအဖြစ် မှတ်တမ်း ဝင်သွားပါတော့တယ်။ အားလုံး ရုန်းကန်နေရတယ် ဆိုပေမယ့်လည်း အရေးကြုံလာရင်တော့ သွေးနှီးကြပါတယ်။

ဧပရယ်ဖူးက ကိုယ်မလုပ်လိုက်ရပါဘူး သူဘာသာသူ ဖြစ်သွားတာ၊ ကန်ဘောက်မှာ ပိုက်လိုင်း ပေါက်သွားလို့ အားလုံး ပြာရာခပ်သွားတာ အခုတော့ ပြန်လည်ပြုပြင်ဖို့ အချိန်ယူရမယ်ဆိုပဲ။ သင်္ကြန်တွင်းအထိ အလုပ်မပြီးရင်တော့ ရဲတံခွန်က သူငယ်ချင်းတွေ မြွေကိုက်ပြီး။ ဒီကြားထဲ ”တားတာ”လုပ်မဲ့ သူတွေကလည်း တန်းစီနေတော့ ကျန်ခဲ့တဲ့ ကိုကိုတွေအတွက် ဝန်ပိုပြီပေါ့။ အလုပ်လုပ်ရတာက တစ်ပိုင်း တော်ကြာ အပိုဆုကြေးတို့ လခတို့ တိုးမရဘူဆိုရင် ကြွေပီ။

ဘော်ဒါကြီး ကိုမြတ်မင်းတစ်ယောက်လည်း အဖေါ်မရှိ ပျင်းနေရှာလို့ ဘယ်နေ့သူ့ဆီ လာမလဲပဲ တဖွဖွ မေးနေရှာလေရဲ့။ ဟုတ်ပါတယ်လေ..အစစ အရာရာ အကောင်းချည်းတော့ ဘယ်ရမလဲ၊ အဆိုးနဲ့ အကောင်းဆိုတာ ဒွန်ပဲမဟုတ်လား…။ ကျွန်တော်တို့က အိမ်မပြန်ရဘူး ဒါပေမယ့် သူငယ်ချင်းတွေရှိတယ်၊ သူကတော့ အိမ်ပြန်ရတယ် ဒါပေမယ့် တစ်ယောက်ထည်း၊ ကြာလာတော့လည်း ငြီးနေရှာမပေါ့။ သူ့ခမျာ ခြေမွှေးမီးမလောင် ရှိသမျှ အမွှေးမီမလောင် နေလာရာကနေ ကိုယ်စားဖို့ ကိုယ်တိုင် ကြိုးစားပမ်းစား ချက်နေရတော့ ( ကြက်ဥကြော်၊ အသားကြော် ) အိမ်ဟင်းထမင်း လွမ်းပီပေါ့။ ကိုမြတ်မင်းက ဟင်းဆိုရင် ခါးမှကြိုက်တာ၊ ဒါကြောင့် သူချက်တဲ့ ဟင်းတွေဆို အမြဲတမ်း တူးခါးနေတာပဲ။ ဒီကြားထဲ ရောက်လာတော့မယ့် သူတော်ကောင်းတွေအတွက် ခေါင်းစားရ၊ အလုပ်ခေါ်စာတွေ့ရင် ဘယ်သှူ့ဆီပို့ရမလဲ စဉ်းစားရနှင့် တကယ်တမ်းလုပ်ရမယ့် သူ့အလုပ်က အော်ပရေတာဆိုတော့ သိကြတဲ့အတိုင်း ဆေးလိပ်သောက်လိုက် ကွမ်းစားလိုက်ပဲပေါ့။ (ကိုယ့်အလုပ် ကိုယ်နာမည်ဖျက်တာတော့ မဟုတ်ပါဘူး..ဟဲဟဲ..ဒါပေမယ့် အမှန်ပဲ)

ချစ်လှစွာသော နောင်တော်ကြီး ကိုမြင့်လွင်နှင့်လည်း မကြာခဏ နက်ပေါ်မှာတွေ့ရတယ်။ စင်္ကာပူရောက် စင်္ကာပူလို ကျင့်တာလားတော့မသိ နေ့တိုင်းနီးပါး ဂျီတော့ပေါ်မှာတွေ့တယ်။ အမြင်မှန်တွေရပြီး အရင်လို ပိုက်ဆံ သိပ်မသုံးတော့ဘူးတဲ့။ ခြွေတာနေပြီဆိုပဲ။ သူလည်း ဗုံလုံတလှည့် ငါပျံတလှည့် ဖြစ်နေပြီ၊ အရင်က သူဟောက်စားလုပ်ခဲ့တဲ့ ကိုအလိုင်းက သူကိုပြန်ဟောက်တာ ခံနေရပြီ။ တစ်ချို့ဝဋ်တွေက နောက်ဘဝမကူးဘူးဆိုတာ သိပ်မှန်ပါကလား။ သူဝတ်နေကြ ပရီးမီးရား သင်္ကြန်အင်္ကျီ အဝါရောင်နှင့် အစိမ်းရောင်၊ စစ်ရောင်ဘောင်းဘီတို တို့နှင့်လည်းလမ်းခွဲလိုက်ပြီဆိုပဲ။ ဒါပေမယ့် သူသိပ်ချစ်တဲ့ သူ့ဆရာဟောင်း ဖရဲသီးပေးတဲ့ နာရီနှင့်တော့ ဆက်လက် လက်တွဲနေတုန်းပဲ။

(ကိုမြတ်မင်းနှင့်..ချစ်ကိုကြီး ကိုမြင့်လွင်..အတွက်အမှတ်တရ)
**************

0 comments: